Monday, July 22, 2013

ဆရာမင်းလူ နေပြန်ကောင်းပါစေ


ဆရာမင်းလူ နေပြန်ကောင်းပါစေ
ဂျူနီယာဝင်း၊ ဇူလိုင် ၂၃၊ ၂၀၁၃
ကျွန်မကဆရာ့ရဲ့ပရိသတ်ပါ.။ ဆရာရေးတဲ့ အချစ်ဝတ္တုတွေနဲ့ တက္ကသိုလ်တက်ခဲ့။ ဆရာ့ရဲ့လှပသိမ်မွေ့တဲ့ စာသားတွေနဲ့ ကျူတိုရီရယ်ဖြေ။ ဆရာ့ဝတ္တုခေါင်းစဉ်တွေနဲ့ စိတ်ကူးယဉ်ပြီး ဆရာ့ပုံသဏ္ဍန်ကို ပုံဖော်ရင်း ကြီးပြင်းခဲ့ရပါတယ်။
ကျွန်မအကို မောင်ရစ်ရဲ့ အသည်းစွဲစာရေးဆရာလည်းဖြစ်တာမို့ သူဝယ်တဲ့မင်းလူစာအုပ်တွေအကုန် ကျွန်မကလိုက်ဖတ်ရင်း ဆရာ့စာတွေ အရေးအသားတွေ သဘောကျခဲ့ပုံ ရပါတယ်ဆရာ။ ဆရာ့အဖေ ဦးသာဓုက ကျွန်မအဘိုးအဘွားများရဲ့ မိတ်ဆွေရင်းချာလိုဖြစ်၊ မိခင်အမေညိုက မေမေကြီးဒေါ်ခင်မျိုးချစ်ရဲ့ သူငယ်ချင်းအရင်းတွေမို့ပဲလား။ ကျွန်မအကိုက တခါတော့ သူ ဘဘကြီးတို့နဲ့ သာဓုခြံရောက်ရင်းနဲ့ ထင်ပါရဲ့။ ဆရာ့ကို မြင်ဖူးသွားလေတယ်။ သူ့မှာ ၀မ်းသာအားရနဲ့ ကျွန်မကိုကြွှားသေး။ ကျွန်မက ဘယ်လိုပုံလဲနဲ့ စိတ်ဝင်တစားမေးတာတော့ မဖြေပါဘူး။ ကျွန်မက ဆရာမင်းလူက ဘယ်သူနဲ့တူသလဲ (ဘယ်မင်းသားနဲ့ တူလဲ ဆိုတဲ့အဓိပ္ပါယ်) ဆိုတော့ စာရေးဆရာက စာရေးဆရာနဲ့ တူတာပေါ့ … ဟဲ့ … တဲ့။
ဆရာ့ကို စတွေ့ဖူးတာ ဦးသုမောင် ကွယ်လွန်စဉ်ကပါ။ နှစ်ထောင့်တစ်ဆယ်လောက်က ထင်တယ်။ အဲသည်နေ့က ဆရာတို့သာဓုခြံကို ပထမဦးဆုံး ရောက်ခဲ့ဖူးပါတယ်ဆရာ။ ဦးသုမောင်ရဲ့ သာဓုခြံမိသားစုအကြောင်းတွေကို ဖတ်ရင်းနဲ့ သာဓုခြံဆိုတာကို ရင်းနှီးနေခဲ့ရပါတယ်။ ဆရာဦးသုမောင်မိသားစုနဲ့ နှူတ်ဆက်အပြီးမှာ ဆရာမင်းလူတို့ရှိတယ်ဆိုတဲ့ လက်ဘက်ရည်ဆိုင်လေးကို ရောက်အောင်သွားခဲ့ပါတယ်။ ဆရာ့ကိုတွေ့ဖူးချင်လွန်းလို့ ရင်တွေတောင်ခုန်။ ဆရာရှိတဲ့ လက်ဘက်ရည်ဆိုင်လေးကို သွားပြီး ဆရာ့ကို တွေ့ဖြစ်ခဲ့ပါတယ်။ ဆရာတို့ရဲ့လက်ဖက်ရည်ဆိုင်လေးမှာ ဆရာနဲ့ အတူဓါတ်ပုံရိုက်ခွင့်ရတာ ကျွန်မအတွက် အိပ်မက်လိုပါဆရာ။
ဆရာနေမကောင်းဖူးဆိုတာ ကြားသိရတုန်းက မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ဆရာတို့မိသားစုလို ရိုးသားအေးချမ်း အေးဆေးတည်ညိမ်တဲ့ဘ၀မျိုးကို ပိုင်ဆိုင်ထားတဲ့ ဆရာတို့အားလုံးအတွက် ကျွန်မအလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ဆရာနေပြန်ကောင်းပြီး စာတွေပြန်ရေးနိုင်ပါစေလို့ ကျွန်မ တို့ မိသားစုအားလုံးက မေတ္တာများစွာဖြင့် ဆုတောင်းပေးနေပါတယ်ဆရာ။

No comments: