Wednesday, December 11, 2013

ပြတိုက်ထဲကစာအုပ်များ ဂျူနီယာဝင်း

အမေဇုံမှာ ebookများထုတ်ခဲ့တာ အခုဆိုရင် အင်္ဂလိပ်လို၃အုပ်၊ ဗမာလိုတစ်အုပ်နဲ့ ကာမူးမိတ်ဆက် အခုထွက်တာပါဆိုရင် ၅အုပ်ရှိပါပြီ။ နောက်ပိုင်း အင်္ဂလိပ်လိုစာအုပ်များ ဆက်ရေးဖို့ ကြိုးစားပါ့မယ်။ အမေဇုံမှာပါ။ ဟုတ်ကဲ့။ ထုတ်တဲ့သူက မောင်ရစ်ပါ။ အကိုက လုပ်ပေးတာဆိုတော့ … အင်း… သူ့ကို နားပူ နားဆာလုပ်လိုက်ရင် ပြီးတာပါပဲ။ အဲသည်လိုပဲ ကြွားနေရတာပေါ့။
တကယ့်အဖြစ်မှန်ကသည်လိုပါ။
အမေဇုံကနေ ebookတွေထွက်အောင် ကြိုးစားနေတာ ဘာလို့ပါလိမ့်လို့ တွေးကြမယ်။ ဘယ်သူမှလည်း စိတ်ဝင်စားတာမရှိ၊ မြန်မာပြည်တွင်းက လူတွေကို ပြောပြလည်း ဘယ်သူမှ နားမလည်တဲ့ အင်တာနက်စာအုပ်တွေမို့ လုပ်ရတာပဲ အဖတ်တင်တယ်လို့ ထင်ကြမယ်။။ သူများက မေးရင် အင်တာနက်အမေဇုံကင်ဒဲယ် လို့လည်းပြောလိုက်ရော ကြားရသူအပေါင်း အထင်ကြီးတာ ခံရပါတယ်။ (အဲ..နံမယ်ကြီး ထမင်းငတ်လို့တော့ စိတ်ထဲက ပြောလိုက်ရတာပေါ့။)
စပြီး ebookဘက်စိတ်ပါသွားပုံက…
ပြည်တွင်းမှာ ခက်တာက ကိုယ်ရေးတဲ့စာအုပ်တွေကို လိုချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်တောင်က လမ်းညွန်ပေးနေရတာမျိုး ကြုံရတယ်။ တချို့ကတော့ ဘယ်စာအုပ်ဆိုင်ကနေ ဘယ်လိုရှာရမှန်း မသိတာ။ တချို့က ဖုန်းနဲ့ ဆက်မေးတယ်။ ဘယ်စာအုပ်ဖတ်ချင်တယ်ပေါ့။ ခက်တယ်၊ ခက်လိုက်တာ။ ဘယ်စာအုပ်ဆိုင်မှာ ရှိပါတယ်ဆိုပြီး ကိုယ်ကိုယ်တိုင် သွားမ၀ယ်ပေးရုံတမယ် ညွန်းရပါတယ်။ တချို့များ ဘယ်လိုပြောတယ်မှတ်လဲ။ အိမ်မှာ အဲသည်စာအုပ်ရှိရင် ပိုက်ဆံပေးဝယ်မယ်တဲ့။ စာအုပ်ဆို်င်တော့ မသွားတော့ပါဘူးတဲ့။ အချိန်မရှိလို့တဲ့။ ကိုယ်က စာအုပ်ဆိုင်လဲ မဟုတ်။ ကိုယ့်အိမ်က ကိုယ့်စာအုပ်ဆိုတာ ရတနာလို သိမ်းထားတာတွေပါ။ ဘာပြန်ဖြေရမှန်းကို မသိတာ။ လက်ဆောင်ပဲ ပေးလိုက်ပါတယ်။ ကိုယ့်ဘာသာကိုယ် ပြန်ဖြည့်ပေတော့ပေါ့။ ခက်တယ်၊ ခက်တယ်။ အိမ်ကလူကြီးများကတော့ ကိုယ့်စာအုပ်ဖတ်ချင်တယ်ဆိုတာကိုက အင်မတန်ကျေးဇူးတင်ထိုက်ပါသတဲ့။ ပေးသာပေးတဲ့။
စာအုပ်ဆိုင်တွေရှားလို့လား ဆိုတော့ နည်းနည်းတော့ ရှားပါတယ်။ စာအုပ်ဖတ်ချင်သူဟာ စာအုပ်ဆိုင်တစ်ဆိုင်သွားပြီး ရှာဖို့ အချိန်ပေးရပါတယ်။ အချိန်မပေးနိုင်ရင် ကိုယ်ဖတ်ချင်တဲ့စာအုပ်နဲ့ ကိုယ်နဲ့  ဆုံဆည်းဖို့ဆိုတာ မိုးပေါ်ကအပ်နဲ့ မြေကြီးပေါ်ကအပ် ဆုံဖို့ခက်သလောက် ခက်ပါတယ်။ တနေ့က မိတ်ဆွေတစ်ယောက်နဲ့ တွေ့တော့ သူနေတဲ့ရပ်ကွက်ကြီးတစ်ခုလုံးမှာ စာအုပ်ဆိုင်တစ်ဆိုင်မှ မရှိဘူးလို့ ပြောတယ်။ အဲဒါ မထူးဆန်းဘူးလား တဲ့။ သူက ဆိုလိုက်သေး။ တစ်နေရာတည်းမှာ ဘယ်စာအုပ်မဆို အကုန်ရပါတယ် ဆိုတဲ့ စာအုပ်ဆိုင်များ ရှိနိုင်သော်လည်းပဲ သည်စာအုပ်ဆိုင်က ကိုယ်နေသော အရပ်ဒေသမှာ မဟုတ်ခြင်းနဲ့ ကိုယ်နဲ့ဝေးကွာသောနေရာမှာဆိုရင် ဘယ်လိုမှ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ရဖို့ မဖြစ်နိုင်ပါဘူး။
အဲ…..သည်လိုနဲ့ မဆီမဆိုင် ebookကို စပြီး စိတ်ဝင်စားလာတယ်။
အဖေလုပ်သူကတော့ နင့် အင်တာနက် ebook ငါတသက်လုံး အထင်မကြီးဖူးဟေ့ … တဲ့။ ကိုယ့်မှာမျက်နှာငယ်နဲ့ကိုယ့်ပိုက်ဆံကိုယ်ထုတ် ကိုယ့်အင်အားနဲ့ ကိုယ်လုပ်ရတာ အိမ်ကဘယ်သူကမှ အားမပေးတဲ့ အလုပ်ပါ။ ကိုယ့်အကိုကတော့ သူလည်း သူတတ်နိုင်သလောက် လုပ်ပေးရှာသား။ တခါတရံ ဖေဖေ့ကို စာအုပ်တွေ ebook လုပ်ပေးရမလား ဆိုပြီး ခွင့်တောင်းရင်း စကားစမိတိုင်း သွားစမ်းပါလို့ အအော်ခံရတော့ မဟရဲဘူး။ ဒီလိုပါ။ ပြောရင်းနဲ့ စကားက ဘယ်ရောက်ကုန်ပါလိမ့်။ အော်… အင်း.. သတိရပြီ။ ဘာလို့များ အမေဇုံကို အထင်ကြီးပြီး စာအုပ်တွေ တင်ဖြစ်သလဲဆိုတော့ ကိုယ့်နံမယ်နဲ့ စာအုပ်စင်လေးတစ်ခု လုပ်ချင်တယ်လေ။ အင်တာနက်ကမ္ဘာထဲ ကိုယ့်နံမယ်နဲ့ ကိုယ့်စာအုပ်တွေ စီပြီးပေါ်လာတာ မြင်ရတာ စိတ်ချမ်းသာစရာ။
ဒီလိုနဲ့စာအုပ်တွေ ကင်ဒဲယ်မှာ ပြန်စုမယ်ပေါ့။ ဖေဖေစိတ်ပါလာရင် ဖေဖေ့စာအုပ်၊ မေမေကတော့ နည်းနည်းတော့ စိတ်ပါပုံရပါတယ်။ ဒါပေမယ့်ဖေဖေက ခပ်တင်းတင်းနဲ့ဆိုတော့ သိပ်မပြောရဲသေးဖူး။ ကိုယ်ကတော့ တာထွက်ကောင်းအောင် လုပ်ပြရတာပေါ့။ ဒါပေမယ့်လဲ အိုးနင်းခွက်နင်းနဲ့ပါ။ အင်တာနက်ခေတ်ဆိုပေမယ့် ဖေ့ဘွတ်နဲ့ပဲ နှစ်ပါးသွားနေကြတဲ့ သည်ခေတ် သည်အခါထဲမှာ စာအုပ်တွေဖတ်ကြဖို့ ebookကို ကိုးကွယ်ကြဖို့ တိုက်တွန်းဖို့ ခက်ပါတယ်။ ကိုယ်ကိုယ်တိုင်တောင် လက်နဲ့ကိုင်ဖတ်ရတဲ့ စာအုပ်မျိုးမှပဲ စာဖတ်တယ်လို့ သတ်မှတ်တာဆိုတော့ သူများကို ebook ကြပါလို့ ပြောရခက်တာပေါ့။
သို့သော်လည်း ခေတ်ဆိုတာ သည်လိုပဲ သွားနေမှာပဲ။ ဖေ့ဘွတ်ကို စာဖတ်စရာလို့ မြင်နေကြတာကိုက ခေတ်ပြောင်းတာပဲလေ။ ebookခေတ်ဆိုတာလည်း ရွေ့လျားရင်းနဲ့ နောင်ရာစုလောက်ဆို တရွေ့ရွေ့နဲ့ ရောက်ချင်လည်း ရောက်လာနိုင်တာပေါ့။ အဲသည်အခါ ကိုယ့်စာအုပ်တွေက….. အင်း…. ထားပါတော့လေ။ မျော်လင့်ချက်က သိပ်ကြီးပါတယ်။ အခုတော့ ebook ခေတ် မရောက်သေးဖူးပေါ့။ ဒါကို ၀န်ခံရမှာပေါ့။ ဟုတ်တယ်။ အဲသည်ခေတ်ကိုေ၇ာက်ဖို့ တော်တော် စောင့်ရဦးမယ်။ လနဲ့ နှစ်နဲ့ ချီပြီး စောင့်ရမယ်။ မနက်ခင်းဖေ့ဘွတ်နဲ့ မျက်နှာသစ်ရင်းနဲ့ပဲ ebookနဲ့ ကော်ဖီနဲ့ တွဲသောက်လို့တော့ ဖြစ်ကောင်းပါရဲ့။
ပြဿနာက ဘာလဲဆိုတော့ ပြည်တွင်းမှာ ကိုယ်ကြိုက်တဲ့စာအုပ်ကို ကင်ဒဲယ်မှာ ဘယ်လိုဝယ်ဖတ်ရမလဲ ဆိုတာ ပြဿနာတစ်ခု။ ဖရီးစာအုပ်များ ရတယ်ဆိုပေမယ့်လည်း အဲဒါကို ဘယ်လိုဒေါင်းလုပ်လုပ်ပြီး ဘယ်လိုဖတ်ရမလဲ ဆိုတာက နောက်ပြဿနာတစ်ခုပါ။ ဒါတွေကို လက်ချာရိုက်ဖို့က တော်တော်ကြာရဦးမယ်။ အခုထိကို ဒီကိစ္စက ရှင်းလို့ကိုမပြီးသေးဖူး။ တခါတလေ ကိုယ့်စာအုပ်ကြော်ငြာလိုက်ပြ၊ီး တာနဲ့ မေးခွန်းတွေ တန်းစီပြီးဝင်လာတယ်။ ကိုယ်နဲ့ရင်းနှီးသူများက ဖုန်းနဲ့ ဆက်မေးကြ၊ ဘာခလုပ်နှိတ်ရမလဲဆိုတာက အစပေါ့။ ဆော့ဝဲလ်တောင် ဘာမှန်းမသိတာ။ ဒေါင်းလုပ် လုပ်တာကြာလို့ဆိုပြ၊ီး ကွန်ပလိန်းက လာသေးတယ်။ ဘယ်လောက် ကြာကြာစောင့်ရမှာလဲဆိုပြီး စိတ်မရှည်ကြပြန်ဖူး။ ခက်သားပဲ ကိုယ်လဲမသိဖူး။ တခါတလေစာအုပ်က ဆိုဒ်ကြီးရင် နာရီဝက်ပေါ့။ ခက်တာက လူကြီးတွေဆိုတော့ ပြန်မပြောရဲဖူး။ ရွယ်တူတွေ အငယ်တွေဆိုရင် ဒါလေးတောင် မသိရကောင်းလားနဲ့ အပြစ်ပြန်တင်လိုက်တယ်။ အင်တာနက်ကွန်နက်ရှင်ကောင်းရင် ဆယ့်ငါးမိနစ်ပေါ့လို့ ပြောရတယ်။ တိုင်းပြည်အင်တာနက်က မကောင်းဖူးလို့ လွှဲချရတယ်။ ဒေါင်းလုပ်မရရင်ကိုပဲ ကိုယ့်အပြစ်လို ခံစားနေရတယ်။ ငါ့နှယ် ကြွားမိတာနဲ့ မကာမိဘူး။ အားပြန်နာနေရတယ်။
နောက်တော့ စိတ်ဓါတ်ကျတာနဲ့ ကိုယ့်စာအုပ်များကို အမေဇုံမှာ တင်ထားတယ်ဆိုတာ မပြောရဲတဲ့အဆင့် ရောက်သွားရော။ ထားလိုက်ပါတော့ သူလဲသိမှာ မဟုတ်ပါဘူးဆိုပြီး နေလိုက်မိတဲ့အခါ များလာတယ်။ ခက်တာက အမေလုပ်တဲ့သူကလဲ လာတဲ့ဧည့်သည် ကြွားလိုက်ရတာ။ ဟဲ့… နင့်အိုင်ပက်လက်လား၊ တက်ဘလက်လား ထုတ်ပြလိုက်လေ။ စိတ်ညစ်လိုက်တာ။ အဲဒီအိုင်ပက်လက်တို့ တက်ဘလက်တို့ ထုတ်ပြလိုက်ရုံနဲ့ အဲသည်ebookကိစ္စက ပြတ်သွားတာမဟုတ်ဘူး။ နောက်ဆက်တွဲမေးခွန်းတွေကို ကိုယ်ပဲရှင်းရဦးမှာ။
အခုထိကို ပြည်တွင်းမှာ အမေဇုံကင်ဒဲယ်က လူမသိသူမသိဘ၀မှာပဲ ရှိသေးတယ်။ အင်တာနက်တောင် မကိုင်တဲ့သူတွေ တပုံကြီးရယ်။ အမေဇုံကို အခုထိ စာလုံးပေါင်းပေးနေရတုန်း ဆိုတော့လေ။ သည်တော့ နောက်ဆိုရင် သည်လိုပဲ ပြောတော့မယ်။ ebookတွေဆိုတာ ပြတိုက်မှာ ထားထားတာတွေပါ လို့။ ဟုတ်တယ်လေ မြင်သာမြင် မကြင်ရ၊ အလှကြည့်နေရတဲ့ ebookများပေါ့။ ကိုယ့်ပြည်တွင်းကသူတွေကို ပြောတာပါ။
တိုတိုပြောရရင်တော့ ဘာလို့ebookတွေ စိတ်ဝင်စားလာရသလဲ ဆိုရင်… ကိုယ့်နံမယ်နဲ့ ကိုယ့်စာအုပ်လေးတွေပါတဲ့ လေဘယ်လ်လေးကို ခလုပ်နှိတ်လိုက်ရင် ကိုယ်ရေးတာတွေ တန်းစီပြီးမြင်ရတာ စိတ်ချမ်းသာလို့… … အဲဒါအဖြေပါပဲ။
- See more at: http://moemaka.com/archives/38482#sthash.0qruGpGu.dpuf
 
-

No comments: