Sunday, April 13, 2014

အောင်ချမ်းသာ(လှည်းတန်း)ပုံပြင် ဂျူနီယာဝင်း


ဧပြီ ၁၂၊ ၂၀၁၄
(အင်္ဂလိပ်လို ရေးသားသော Aung Chan Thar (Hleedan Story) ကိုကိုယ်တိုင် ဘာသာပြန်သည်။)
 
ဘတ်စ်ကားသမားက “လှည်းတန်း” လို့ဆိုလိုက်လျှင် ဘတ်စ်ကားပေါ်ကဆင်းကာ “အောင်ချမ်းသာရပ်ကွက်” ကလေးကို မည်သူမဆို လမ်းညွှန်ပေးနိုင်ကာ ရန်ကုန်ကဲ့သို့သော မြို့ကြီးပြကြီးထဲမှာ သဲကန္တာရထဲက အိုအေစစ်ကလေးကို တွေ့ရသလို အောင်ချမ်းသာရွာက လေးကို တွေ့ရပါတော့မည်။ ကားဟွန်းသံတညံညံ ၀ီစီသံဆူညံသံတွေကြောင့်သာ ရန်ကုန်မြို့ကြီးပြကြီးထဲ သင်ရောက်နေပါလားဟု သင့်ကို သတိပြုမိစေပါလိမ့်မည်။ အောင်ချမ်းသာအရပ်ထဲကသူတွေပင် သည်ပရ၀ဏ်လေးသည် အိပ်မက်ထဲက ဒေသလေးတစ်ခုအဖြစ် တွေးမြင်နေမှာ ဖြစ်ပါတော့သည်။ မြန်မာဆန်ဆန် သစ်သားအိမ်ကလေးများ၊ တစ်ထပ်တိုက်ကလေးများ၊ လက်ဖက်ရည်ဆိုင်ကလေးများ၊ ကလေးများဆော့ကစားရာ မြေနီလမ်းလေး၊ ညနေခင်း တိုက်ခတ်လျက်ရှိသော လေပြေလေညှင်းကလေးများ၊ သစ်ပင်များ၏ အရိပ် အာ ၀ါသများသည် အောင်ချမ်းသာ ရပ်ကွက်ကလေး၏ အေးချမ်းသာယာမှုကို နေ့စဉ် အဓိပ္ပါယ်ဖော်လျှက်ရှိနေပါသည်။
ယခုရေးနေသောဆောင်းပါးသည် တချိန်တခါက အောင်ချမ်းသာဟု အမြင်တွင်ခဲ့သော နေရာဟောင်းလေးတစ်ခုအကြောင်းဖြစ်ပါသည်။
ရန်ကုန်ကလူတွေကတော့ လှည်းတန်းဟူသောအမည်က စိမ်းမနေပါ။ နေ့စဉ်သုံးစကားလုံးလို လှည်းတန်းဘတ်စကားဂိတ်၊ လှည်းတန်း ဈေး၊ လှည်းတန်းလမ်းမ၊ လှည်းတန်းရပ်ကွက် စသည့်ဖြင့် ပြောဆိုသုံးနှုန်းနေကြပါသည်။ လှည်းတန်းဆိုတာ အလွန်ကျယ်ပြန့်သောနေရာ – ရန်ကုန်တက္ကသိုလ်ပင်မနှင့်နီးသော နေရာတစ်ခု ဖြစ်ပါသည်။ အဲသည် လှည်းတန်းဆိုသော နေရာကျယ်ကြီးမှာ “အောင်ချမ်းသာ” ဟု ခေါ်တွင်သည့် နေထိုင်သူ ရာဂဏန်း အိမ်ခြေ ၅၀ ခန့်နေထိုင်သော၊ သူတို့၏ဘ၀များက အေးချမ်းအေးဆေးစွာ နေထိုင်နေကြသော ရပ် ကွက်တစ်ခုရှိပါသည်။ ကျွန်မတို့နေထိုင်ကြတာက အဲသည်အောင်ချမ်းသာရပ်ကွက်နှင့် နီးပါသည်။ အဲသည်နေရာကို မိနစ် ၂၀ ခန့် လမ်း လျှောက်သွားရင် ရောက်ပါပြီ။ ယခုထိုလှည်းတန်းမှာရှိခဲ့သော “အောင်ချမ်းသာ” ဟူသော ရပ်ကွက်လေးအကြောင်း  - ကျွန်မကို ယခုတိုင် နွေးထွေးနေဆဲအတိတ်က အရိပ်ဟောင်းများ – ဟောင်းသွားသော်လည်း ကျွန်မအတွက်တော့ အသစ်ဖြစ်နေဆဲ အဲသည် အောင်ချမ်းသာပုံပြင်လေးကိုပြောပါမည်။

နောက်ပြန်လှည့်သော် ..

အောင်ချမ်းသာ (လှည်းတန်း) ရပ်ကွက်လေးမှာ ကျွန်မတို့အဘိုးအဘွားများ လွန်ခဲ့သောအချိန်ကာလများက နေထိုင်ခဲ့ကြသော အိမ်အို ဟောင်းလေး တစ်လုံးရှိပါသည်။ သည်တော့ အခုကျွန်မတို့နေထိုင်နေတာက “ပြည်ရိပ်သာ” ဖြစ်ပြီး အောင်ချမ်းသာက အိမ်ဟောင်းလေးသည် ကျွန်မတို့၏အဘိုး ဦးခင်မောင်လတ် စာသင်ကြားရာနေရာလေးတစ်ခု ဖြစ်ခဲ့ပါသည်။ ယခု အဲသည်အကြောင်းကို ဆက်ပြောပါမည်။
ကျွန်မအဘိုးတွင် ဦးသိန်းမောင်ဟုခေါ်တွင်သော မိတ်ဆွေရင်းကြီးတစ်ဦးရှိပါသည်။ သူက အောင်ချမ်းသာရပ်ကွက်မှာ နေပါသည်။ ပြီး တော့ ကျွန်မအဘိုးဖြစ်သူ ဘဘကြီးလိုပဲ အင်္ဂလိပ်စာသင်သော ဆရာတစ်ဦးလည်းဖြစ်ပါသည်။ သူတို့နှစ်ဦးသည် အောင်ချမ်းသာတွင် အတူတကွ အင်္ဂလိပ်စာသင်တန်းကျောင်းလေးကိုဖွင့်ကာ စာသင်ကြားသောအလုပ်ကို လုပ်ကြပါသည်။ ကျွန်မအဘိုးသည် အောင်ချမ်းသာ ရပ်ကွက်လေးဆီ နေ့စဉ် လမ်းလျှောက်ကာ သွားပါသည်။ ကျွန်မအဘွား မေမေကြီး ဒေါ်ခင်မျိုးချစ်သည် တခါတရံ ဘဘကြီးနှင့် အဖော်လုပ် ကာ အဲသည်မှာ အင်္ဂလိပ်စာကို အတူတကွ သွားသင်လေ့ရှိပါသည်။ အောင်ချမ်းသာက ထိုကျူရှင်ကျောင်းလေးတွင် ဘဘကြီးနှင့်အတူ အင်္ဂလိပ်စာ လာရောက်သင်ပေးကြသော တခြားဆရာဆရာမများ များစွာရှိပါသည်။

(ဓါတ်ပုံဟောင်းလေး – ဓါတ်ပုံထဲတွင် (လက်ဝဲမှယာ) ဆရာမတစ်ဦး၊ ဦးသိန်းမောင်၊ ဦးခင်မောင်လတ်နှင့် ဦးဘသော် (ဘဘကြီင်္း ဦင်္းခင်မောင်လတ်၏အကို အကြီးဆုံး – ရဲအရာရှိတစ်ဦး၊ ပုလိပ်အရာရှိတစ်ဦးဟူသော ကလောင်ရှင်) တို့ကို အောင်ချမ်းသာက ကျူရှင် ကျောင်းလေးတွင် ဆရာများအဖြစ် တွေ့ရပုံ)
ကျွန်မတို့ အင်္ဂလိပ်စာသင်ကြားသင့်သောအရွယ်သို့ရောက်လာသောအခါ ကျွန်မတို့မိခင်ဖြစ်သူက ကျွန်မအဘိုးနှင့် အတူလိုက်သွားပြီး အဘိုးသင်သော အင်္ဂလိပ်စာ သင်တန်းများကို လိုက်တက်ခိုင်းပါသည်။ ဘဘကြီးသည် သူ၏မြေးကလေးများက သူ၏အင်္ဂလိပ်စာသင်တန်း ကိုလိုက်တက်ကြတာကို အလွန်သဘောကျလျက်ရှိပါသည်။
(ကျွန်မတို့အမွှာမောင်နှမနှင့် အဘိုးအဘွားများနှင့် ကျွန်မတို့မိခင်တို့အတူ အောင်ချမ်းသာ ကျူရှင်ခန်းရှေ့)
အောင်ချမ်းသာ (လှည်းတန်း) ရပ်ကွက်ကလေးသည် အလွန်တရာမှ အေးဆေးကာ လူသိများသောနေရာလေးတစ်ခု ဖြစ်ပါသည်။ အဲသည် နေရာလေးအကြောင်းကို စဉ်းစားမိလိုက်တိုင်းမှာ ကျွန်မ၏မှတ်ဉာဏ်များသည် လန်းဆန်းကာ တချို့သော မမေ့နိုင်သော အမှတ်တရများက တကယ်လိုပဲ ကျွန်မ၏ရှေ့တွင် ပေါ်လာတတ်ပါသည်။ အဲသည်ရပ်ကွက်မှာနေထိုင်ကြသောလူများသည် မိသားစုဝင်များအတူတကွ နေ ထိုင်နေကြသလိုပင် ဖြစ်ပါသည်။ ဘာသာရပ်ပေါင်းစုံသင်ကြားသော ကျူရှင်ကျောင်းကလေးများ၊ ဓနုဖြူ ဒေါ်စောရီ၏ထမင်းဆိုင်တို့၊ တရုတ်ဟင်းလျာဆိုင်တို့၊ အမျိုးသမီးဝတ်အင်္ကျီဆိုင်တို့၊ ပါ့စ်ပို့ဓာတ်ပုံဆိုင်၊ လက်ဖက်ရည်ဆိုင်များစသည်ဖြင့် ရောမွှေလျက်ရှိပါသည်။ အောင်ချမ်းသာရပ်ကွက်၏ အပြင်ဘက်ခြမ်းသည် လှည်းတန်းမီးပွိုင့်နှင့် ပြည်လမ်းကို မျက်နှာမူလျက်ရှိပါသည်။ ထိုအခါ ထိုမျက်နှာစာ မှာရှိနေသော ၀င်း ဆံသဆိုင်ကြီး၊ ယူနီယမ် ဓာတ်ပုံဆိုင်၊ ဂိုးရှိုး အထည်ဆိုင်၊ ကိုယုံ ကြေးအိုးနှင့် တရုတ်အစားအစာဆိုင်၊ ရှမ်းတောင်တန်း စားသောက်ဆိုင်၊ အလိမ္မာစာအုပ်ဆိုင်၊ အသောက မန္တလေးဖိနပ်ဆိုင် စသည် စသည်တို့ကို လှမ်းမြင်နိုင်ပါသည်။
၁၉၈၈ခုနှစ် မြန်မာပြည်မှာ လူထုအုံကြွမူများအပြီးတွင် တက္ကသိုလ်များပိတ်ပါသည်။ ကျူရှင်တွေလည်း ပိတ်သွားပါသည်။ ထိုအချိန်ကစလို့ ကျွန်မအဘိုးသည်လည်း သူ၏အင်္ဂလိပ်စာသင်တန်းများကို အောင်ချမ်းသာကနေ ပိတ်လိုက်ရပါသည်။ ထိုတက္ကသိုလ်များပိတ်သွားချိန်မှာ ကျွန်မတို့လည်း အိမ်မှာအားလပ်နေပါသည်။ အချိန်အနည်းငယ်ကြာတော့ ကျွန်မတို့မိဘများ၏ အကြံဉာဏ်ဖြင့် အိမ်မှာ ကျွန်မတို့ မောင် နှမ နှစ်ယောက်ကို ဘဘကြီးနှင့် မေမေကြီးတို့က အင်္ဂလိပ်စာ သင်ဖြစ်သွားပါသည်။ နေ့စဉ် နေ့လည် ၁၁ နာရီမှ ၁၂ နာရီအထိ တစ်နေ့ကို တစ်နာရီ ဂျူးလီယက်ဆီဇာ၊ မက်ဘက်၊ ကလီယိုပါတရာ အစရှိသော ရှိတ်စပီးယားနှင့် ဘားနတ်ရှောပြဇာတ်များကို သင်ပေးပါသည်။ ကျွန်မတို့အဘွားလည်း ၀င်ရောက်ကာ စာဆွေးနွေးရင်း ၀င်သင်ပေးပါသည်။ ထမင်းစားပွဲလေးသည် ကျွန်မတို့ စာသင်ခန်းဖြစ်လိုက်၊ ထမင်းစားပွဲဖြစ်လိုက်၊ စာဆွေးနွေးရေးမှတ်ကြရာဖြစ်လိုက် အမျိုးမျိုး ဖြစ်ခဲ့ပါသည်။ သည်လိုနှင့် ကျွန်မအကို၏ သူငယ်ချင်းတစ်ယောက် နှစ်ယောက်၊ ကျွန်မသူငယ်ချင်း တစ်ယောက် နှစ်ယောက် လာပူးပေါင်းရင်းနှင့် ဘဘကြီးတို့၏ အင်္ဂလိပ်စာသင်တန်းလေးက စည်ကား ခဲ့ပါသည်။ အဲသည်ကနေစလို့ ဘဘကြီးသည် သူ့ဘ၀တစ်လျောက်လုံး စာသင်ခြင်းအလုပ်ကို ပြည်ရိပ်သာနေအိမ်မှာပင် ကွယ်လွန်သည့် အချိန်ထိ လုပ်ဖြစ်ခဲ့ပါတော့သည်။
သို့သော် အောင်ချမ်းသာမှာရှိခဲ့ဖူးသည့် စာသင်ကျောင်းအိုလေးသည် ကျွန်မအဘိုးအတွက်တော့ ဘယ်တော့မှ မမေ့နိုင်သည့် သတိရစရာ ဖြစ်နေဆဲဆိုတာကို ကျွန်မသိပါသည်။ ထိုကျောင်းအိုကလေးကို ကျွန်မတို့ အဘိုးအဘွားများ၏ အမှတ်တရနေရာလေး အဖြစ်သော်လည်း ကောင်း၊ ပြတိုက်ကလေးအဖြစ်သော်လည်းကောင်း ထိမ်းသိမ်းထားဖို့ မျှော်လင့်ထားပါသည်။ အောင်ချမ်းသာရပ်ကွက်ကလေးသည် ကျူရှင်ကျောင်းများ မရှိတာကလွဲလို့ ဆက်လက်၍ လှူပ်ရှားအသက်ဝင်လျက် ကျန်ရစ်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် ဘဘကြီး ကွယ်လွန်ခဲ့ ပါသည်။ မေမေကြီးက ၁၉၉၉ မှာ ကွယ်လွန်ခဲ့ပါသည်။ ကျွန်မတို့ဘိုးဘွားများ ကွယ်လွန်ခဲ့ပြီးနောက် အောင်ချမ်းသာရပ်ကွက်လေးသည် မထင်မှတ်သော ၀မ်းနည်းဖွယ် အပြောင်းအလဲတစ်ခုနှင့် တွေ့ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှာ ဖြစ်ပျက်ခဲ့သော ထိုအဖြစ်ဆိုးကို ဘဘကြီး မေမေကြီးတို့ မတွေ့မမြင်သွားခဲ့ရတာ ကံကောင်းလေခြင်းလို့ ဆိုရပါလိမ့်မည်။ ထိုအဖြစ်ဆိုးကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ သူတို့တတွေသာ ထိုအဖြစ်နှင့်တိုးမိပါလျှင် သူတို့အသည်းနှလုံးများ ကွဲကြေသွားပါလိမ့်မည်။ အေးဆေးတည်ငြိမ်သော အေးချမ်းလှသည့် အောင်ချမ်းသာ ရပ်ကွက်ကလေးသည် အစိတ်စိတ် အမွှာမွှာ ပျောက်ပျက်သွားခဲ့ရလေတော့ ကျွန်မတို့၏အဘိုးအဘွားများ၏ ကျောင်းခန်းလေးလည်း ထိုကံဆိုးမူနှင့်အတူ ပါသွားရပေတော့သည်။ အောင်ချမ်းသာက အမှတ်ရစရာများသည် အောင်ချမ်းသာ၏ ကံဆိုးမိုးမှောင်ထဲမှာ အတူတကွ လိုက်ပါသွားပါတော့သည်။

နောက်ပြန်လှည့်သောလည်းပြန်မရနိုင်တော့သော….

ယခုတော့ဖြင့် ထိုငြိမ်းချမ်းသော အောင်ချမ်းသာရပ်ကွက်ကလေး ၏နေရာတွင် ဟိတ်ဟန်အပြည့်ဖြင့် နေရာယူထားသော ၀င့်ကြွား လောက်စရာ အဆောက်အဦကြီးသာ တွေ့ရတော့မည်ဖြစ်ပါသည်။ သူက အေးဆေးသော အောင်ချမ်းသာရပ်ကွက်ကလေး၏ လူအေး လူဆေးများပိုင်ဆိုင်သောနေရာကို လွန်ခဲ့သောနှစ်များစွာက အပိုင်စီးခဲ့တာဖြစ်ပါသည်။ “လှည်းတန်းစင်တာ” ဟူသောအမည်က အ ဆောက်အဦကြီး၏အပေါ်တွင် ခန့်ညားစွာ ကဗ္ဗည်းထိုးထားပါလေသည်။ “လှည်းတန်း” ဟူသော အမည်လေးတစ်ခုသည်သာ အိပ်မက်ရွာ ကလေး “အောင်ချမ်းသာ” ၏ အမှတ်တရ အဖြစ်ကျန်ခဲ့ပါတော့သည်။

1 comment:

WISE GUY said...

မျိုးရိုးပီသစွာ ညီမလေးစာရေးကောင်းပါတယ် ...။ ညီမအကိုကိုတော့ တွေ့ဖူး၊ ခင်ဖူးခဲ့ပါတယ် ...။ ကျနော်လဲ လှည်းတန်းသား၊ RIT ထွက်ပါပဲ ...။
လှည်းတန်းသူ၊ လှည်းတန်းသားများအတွက် လှည်းတန်း လမ်းဆုံ ဆိုတဲ့ Group လေးကို Facebook ပေါ်မှာ တည်ဆောက်ထားပါတယ် ...။ ၀င် Join ဖို့ဖိတ်ခေါ်လိုက်ပါတယ် ...။ လှည်းတန်းသူ၊ လှည်းတန်းသားတွေရဲ့ ရင်ခုန်သံလေးတွေ စည်းချက်ညီညီ ဖလှယ်ကြရအောင်ပါ ...။