Saturday, January 2, 2016

ကာတွန်းနှစ်တစ်ရာသို့ ရောက်ခဲ့ပြီ ဂျူနီယာဝင်း


ကာတွန်းနှစ်တစ်ရာသို့ ရောက်ခဲ့ပြီ  

(Junior Win's A Day at the Myanmar Cartoon's 100th Anniversary ကို ကိုယ်တိုင် ဘာသာပြန်ဆိုထားပါသည်။

ဂျူနီယာဝင်း

၁၉၁၂ခုနှစ်တွင် မျောက် အမည်ပေးထားသော ကာတွန်းဆရာတစ်ယောက်၏ ကာတွန်းတစ်ပုဒ်ဟာ ခရစ်စမတ်နေ့ အမှတ်တရအဖြစ်နဲ့ ရန်ဂူးတိုင်းအင်္ဂလိပ်သတင်းစာမှာ ပါလာခဲ့တာကြောင့် မြန်မာကာတွန်းဟာဖြင့် မျောက် ကဆင်းသက်တယ်လို့ ဆိုရမှာဖြစ်တယ် ဟုကာတွန်းဦးဖေသိန်းက ဆိုထားပါသည်။ ၁၉၁၅ခုနှစ် ခရစ်စမတ်အခါသမယမှာပဲ ကာတွန်း ဦးဘကလေး၏ ကာတွန်းဖော်ပြခဲ့တာ ရန်ဂူးတိုင်း အင်္ဂလိပ်သတင်းစာ မှာပါပဲ။ သည်တော့ အဲသည်နှစ် ၁၉၁၅ကနေပဲ ရေတွက်ကာ သည်နှစ် ၂၀၁၅ကို မြန်မာကာတွန်းနှစ်တစ်ရာ သတ်မှတ်ထားသည်ဟုဆိုရမည် ဖြစ်ပါသည်။ 


(အမ်စီစီ အ၀င်ဝနဲ့ ဟိုးအဝေးမှာ လှမ်းမြင်နေရတဲ့ ကာတွန်းရုပ်ကလေးများ)

ကာတွန်းနှစ်တစ်ရာပွဲကို ဒီဇင်ဘာလ ၃၀ရက်နှင့် ၃၁ ရက်နေ့မှာ အမ်စီစီမှာ ကျင်းပခဲ့ပါသည်။ ကာတွန်းဆိုတာ ကလေးတုန်းက ချစ်ခင်မြတ်နိုးတန်ဖိုးထားခဲ့တဲ့ အမှတ်တရတွေပါပဲ။ ကာတွန်းဇာတ်ကောင်တွေဆိုတာ အလွတ်ရနေလောက်အောင်၊ ကိုယ့်အဖော်အသင်းသဖွယ် လိုက်ပါနေတာမဟုတ်ပါလား။ ရောက်အောင်တော့ သွားဖြစ်ခဲ့ပါသည်။ အမ်စီစီ ၀င်းကြီးက ကျယ်ပြောပါတယ်။ နေပူပူအောက်မှာ ကာတွန်းရုပ်ကလေးတွေက တန်းစီကြိုဆိုနေလိုက်ကြတာ လှမ်းမြင်လိုက်ရတော့ ပူလောင်တဲ့ နေရောင်ကိုတောင် ဂရုမထားမိတော့ဘူးဆိုပါတော့လေ။ 


(ဝေးကွာနေတဲ့သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရသလိုလို)

ကာတွန်းဦးဘကလေးရဲ့ ဦးရွှေရိုးက ရှေ့ဆုံးမှာပါ။ သူ့ထီးအောက်ကို ၀င်ခိုချင်စရာပါပဲ။ ဒေါ်မိုးတစ်ယောက် ဘယ်ထားခဲ့သလဲလို့ မမေးလိုက်ရပါဘူး။ နေပူကြွတ်ကြွတ်အောက်ကနေ ကမန်းကတန်းပဲ နှူတ်ဆက် လိုက်ရတယ်ပဲ ဆိုပါတော့။ သည့်နောက်တော့ ပြာဂလောင်ပြာလချောင်(ကာတွန်းတင်အောင်နီ)၊ ငတက်ပြား(ကာတွန်းမောင်လွင်)၊ ကမ္ဘာရှား (ကာတွန်းငွေကြည်)၊ တွတ်ပီ(ကာတွန်း ဆွေမင်း ဓနုဖြူ)၊ ထွေးမွန်လေးမွန်(ကာတွန်းပိုးဇာ)၊ စိန်မျောက်မျောက် (ကာတွန်းမြေဇာ)၊ စံရွှေမြင့် (ကာတွန်းမြင့်သိန်း)၊ ရွှေဂေါင်းပြောင်(ကာတွန်းအောင်အောင်)၊ မုဆိုးကျော်ဖိုးထော်(ကာတွန်းမောင်မောင်)၊ သိပ္ပံလုင်မောင်တီထွင်(ကာတွန်းသစ်ထွဏ်း)၊ သမိန်ပေါသွပ်(ကာတွန်းမောင်ဝဏ)၊ မိမော်မေမ(ကာတွန်းဝင်းမောင်)၊ ဦရှံစားဦးဒိန်းဒေါင်(ကာတွန်းအောင်ရှိန်)၊ အရိုင်း(သော်က)၊ ဦးရွှေရိုး(ကာတွန်းဦးဘကလေး)၊ ပုံပမာ (ကာတွန်းဦးဖေသိန်း)၊ ဦးဖျောက်ဆိတ်(ကာတွန်းဦးဘဂျမ်း) နဲ့တကွ ကာတွန်းဇာတ်ကောင် တွေနဲ့တွေ့လိုက်ရတာကတော့ ငယ်ငယ်တုန်းက သူငယ်ချင်းဟောင်းတွေ ပြန်ဆုံလိုက်ရသလိုပါပဲ။ သည်လို ကာတွန်းဇာတ်လိုက်နဲ့ လက်သီးချင်း ယှဉ်ထိုးနေတဲ့ ကာတွန်းချစ်သူတစ်ယောက်ကိုလဲ တွေ့လိုက်ရပါရဲ့။ 



(ကာတွန်းရုပ်တွေနဲ့ တွဲပြီး ဓါတ်ပုံရိုက်ရတာကိုက အမှတ်တရ)

အပေါက်ဝမှာတော့ ကာတွန်းဆရာကြီးများဖြစ်တဲ့ ရွှေမင်းသား၊ ငွေကြည်၊ တင်အောင်နီတို့နဲ့ ကျွန်မ၏ မိခင်ဖြစ်သူနဲ့ နှူတ်ဆက်ကြတာကို မြင်ရတာကို ဂုဏ်ယူနေမိပါသည်။ အမှတ်တရ ကီးချိမ်းများ၊ ခွက်လေးများ၊ တီရှပ်များနဲ့ ပို့စကပ်တွေဟာဖြင့် ကာတွန်းရုပ်ကလေးတွေနဲ့မို့ စိတ်ဝင်တစား ၀ယ်ယူ သိမ်းဆည်းချင်စရာဖြစ်ပါသည်။ ထို့ပြင် ကာတွန်းစာအုပ်များ၊ စာရေးဆရာ အမည်ရှိမဂဇင်းများ မိတ်ဆက် ရောင်းချခြင်း၊ ကာတွန်းဆ၇ာ များပါဝင်တယ်ဆိုတဲ့ အငြိမ့်များ၊ ကာတွန်းဆ၇ာကြီးများ၏ ကာတွန်းများကို ပြသထားခြင်း၊ ကာတွန်းရုပ်တုများေ၇ာင်းချခြင်း၊ ဓါတ်ပုံဟောင်း ၊ အသစ် များ ပြသခြင်း၊ ကော်ရုပ်ကလေးများ ဖြင့်ကလေးငယ်များ စူးစမ်းချင်စဖွယ် မြင်တွေ့ရတာ၊ ကလေးငယ်များအတွက် ဆေးရောင်စုံချယ်ပြိုင်ပွဲအစီအစဉ်များ စသဖြင့်ဟာ အပင်ပန်းခံ ရောက်လာကြသူများအတွက် အမောပြေစရာပါပဲ။


(ကာတွန်းနှစ်တစ်ရာ ပြပွဲလာပရိသတ်များကို ကြိုဆိုနေတဲ့ ကာတွန်းတီရှပ်များ၊ ကာတွန်းစာအုပ်၊ ဓါတ်ပုံ၊ အငြိမ့်၊ ရုပ်တုများ၊ ကီးချိန်းများ၊ ခွက်များနဲ့ပို့စကပ်များ စသဖြင့်ပေါ့။)

အပေါက်ဝမှာပဲ ကာတွန်းမောင်မောင်၊ ကာတွန်းအော်ပီကျယ်နဲ့  ဆရာဦးဖေသိန်းရဲ့ သမီးဖြစ်သူ အမ ဇွန်ပွင့်ကိုနှူတ်ဆက်ရင်းဖြင့် ငယ်ငယ်တုန်းက အသည်းစွဲ ကာတွန်းဆရာမ သက်စု ဇာတ်ရုံအတွင်းမှာ ရှိတယ်ဆိုတဲ့စကား ကြားလိုက်ရတော့ တွေ့ချင်နှူတ်ဆက်ချင်ပြန်ဖြစ်ရသည်။ အမ ပွင့်က စိတ်ရှည်ရှည်နဲ့ လိုက်ရှာပေးလို့ ဆရာမ သက်စုကို သေသေချာချာတွေ့လိုက်ရ နှူတ်ဆက်ခွင့်ရခဲ့ခြင်းဟာ အိပ်မက်လိုပါပဲ။ ဆရာမ သက်စုရေးဆွဲခဲ့တဲ့ ကာတွန်းစာအုပ် ဇာတ်လမ်းတွေဟာ ကျွန်မငယ်စဉ်တုန်းက စိတ်ကူးယဉ်ကလေးဘ၀ကို များစွာ အသက်ဝင်စေခဲ့တယ် မဟုတ်လား။ 


ငယ်စဉ်တုန်းက ကာတွန်းဆရာတွေရဲ့ ကာတွန်းတွေကို ပြန်သတိရမိသည်။ သည်လိုပဲ ကလေးတုန်းကတော့ အမှတ်တမဲ့ ဖတ်လိုက်တာပါပဲ စွဲလန်းစွာ သိမ်းဆည်းခဲ့ရ အမြတ်တနိုးဖတ်ခဲ့ရ ထပ်ခါထပ်ခါလည်းဖတ်ခဲ့ရ ကာတွန်းစာအုပ်မျက်နှာဖုံးမှာ ကိုယ့်နံမယ်ထိုးရတာနဲ့ သူများတွေ့ရင် ငှားမှာစိုးလို့ ဖွက်ထားရတာနဲ့  ကာတွန်းဇာတ်ကောင်တွေဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုလို ကိုယ်နဲ့မကွာ အတူတကွ ရှင်သန်နေသလိုလို ကာတွန်းပြပွဲတွေမှာ ကာတွန်းဆရာတွေရဲ့ ကာတွန်းရုပ်ကလေးတွေကို ဆွဲခိုင်းဖူးရဲ့  တန်းစီပြီး ကာတွန်းဆ၇ာရဲ့ လက်မှတ်လေးရဖို့ စောင့်ဆိုင်းခဲ့ဖူးရဲ့ ကာတွန်းအသစ်ထွက်ရင် အိမ်က မ၀ယ်ပေးမချင်း အိပ်လို့တောင်ပျော်ရဲ့လားမသိ ရင်ခုန်ပြီးစောင့်ဖတ်ခဲ့ရဖူးပါရဲ့။ 


(တွေ့ဆုံခဲ့ရ ကာတွန်းဆရာကြီးများ - ကာတွန်းတင်အောင်နီ၊ ကာတွန်းငွေကြည်၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းမောင်မောင်၊ ကာတွန်းအော်ပီကျယ်နဲ့  ကာတွန်းဆရာမ သက်စုတို့အား ဓါတ်ပုံရိုက်နေသူများနဲ့ြ့ကွရောက်လာကြတဲ့ ကလေးပရိသတ်များ။)

ကာတွန်းဆရာကြီးတွေ ဆရာမတွေ အားလုံးကို သည်နေရာကနေ ကန်တော့လိုက်ပါတယ်။ သူတို့တွေကြောင့်ပဲ ကလေးဘ၀ဟာအဓိပ္ပါယ်ရှိခဲ့ရတာ မဟုတ်ပါလား။ သူတို့တွေ စိုက်ထူခဲ့တဲ့ မှတ်တိုင်များဟာ ကျွန်မငယ်ငယ်တုန်းက ခံစားခဲ့ ဖတ်ခဲ့ အမှတ်တရဖြစ်ခဲ့ရတာ၊ သူတို့ရဲ့ ကျေးဇူးတွေကြောင့် ကလေးဘ၀အစိတ်အပိုင်းများဟာ နွေးထွေးပြီး လှပကာ အသက်ဝင်ရှင်သန်လာခဲ့ရတာပဲ လို့ယုံကြည်မိပါသည်။  လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်ကျော်က ကလေးများရဲ့ ဘ၀ကို အဓိပ္ပယ်ရှိအောင် သူတို့တွေဖြည့်စွမ်းပေးခဲ့တာပဲ ဆိုတာကို သတိတရဖြစ်မိရင်း ကာတွန်းနှစ်တစ်ရာ ကိုဂုဏ်ပြုမှတ်တမ်း တင်လိုက်ရပါသည်။

No comments: