ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(၂)
ဂျူနီယာဝင်း – မစ်ဇူရီကကောင်ကလေး
(အတွေးအမြင် အမှတ် ၃၁၆ ၂၀၁၈ ဒီဇင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၅၊ ၂၀၁၈
(2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine မှ Missouri Boys အခန်းကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့ လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။)
(Joseph Carl Robnett Licklider (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ ။ သူ့ကုုိ အတိုုကောက် J.C.R ဒါမှမဟုုတ် ‘Lick’ လစ် လိုု့သိထားပါတယ်။ သူက အမေရိကန်လူမျိူး စိတ်ပညာပညာရှင်၊ ကွန်ပြူတာသိပ္ဗံပညာရှင် တစ်ဦးဖြစ်ပါတယ်။ အခုဘာသာပြန်တင်ဆက်မူမှာ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို အခုလို ကွင်းစကွင်းပိတ်များနဲ့ ဖော်ပြသွားပါ့မယ်။ ခံစားဖတ်ကြည့် ကြတာပေါ့)
ဂျိူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ ကလူတွေအထင်ကြီးအောင် မလုပ်ဘူး။ သူ လူတွေဘာမှန်းမသိသေးတဲ့ ကွန်ပြူတာကြီး တွေကြားထဲ အလုပ်လုပ်နေတုန်းကတောင် အရာရာကို ဒါတွေက အလွယ်လေးတွေပါ ဆိုတဲ့အနေနဲ့ လုပ်နေတာ။
“လစ်က ကျွန်တော်သိသမျှသူတွေထဲမှာ ဉာဏ်ကြီးရှင်အကြီး တက အကြီးဆုံးပါပဲဗျာ” လို့ William McGill (ဝီလီယမ် မတ်ဂီးလ်) က သူမကွယ်လွန်ခင် ၁၉၉ရခုနှစ် သူ့အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။ (ဝီလီယမ် မတ်ဂီးလ် အကြောင်းပြောရရင် သူက အမေရိကန် စိတ်ပညာပညာရှင်၊ ကိုလန်ဘီယာတက္ကသိုလ်၏ ၁၆ယောက်မြောက် ဥက္ကဌဖြစ်ခဲ့သူ။) မတ်ဂီးလ် ကပြောပြရာမှာ သူက (လစ်ကိုုပြောတာပါ) ၁၉၄၈ခုနှစ် ဟားဗတ်တက္ကသိုလ်ကို စိတ်ပညာတက္ကသိုလ် ကျောင်းသားတစ်ယောက်အဖြစ် ရောက်လာတုန်းကပေါ့လို့ ဆိုပါတယ်။
“လစ်က သချာင်္ပညာနဲ့ ပတ်သက်တဲ့ သက်သေပြချက်တွေကို သိနေတယ်၊ သူက သေချာတွက်ချက်တာမျိူး မဟုတ်ပဲနဲ့ သူ့အသိက အလိုလို သိနေတာမျိူးပေါ့။ လူတွေက သချာင်္သင်္ကေတတွေနဲ့ ဆက်စပ်ပုံတွေကို တွက်ချက်နေတုနး်မှာ သူက အဲသည်ဆက်သွယ်ချက်တွေကို သိနေတာ။ ပြောရရင်တော့ သူဟာ သင်္ကေတတွေနဲ့ ပတ်သက်လာရင် လျိူ့ဝှက်ချက်တွေကိုတောင် သိနေလောက်အောင် ဉာဏ်ကြီးရှင် ဖြစ်နေတာဗျ။ အဲဒါဘယ်လိုလုပ်သိသလဲ လစ်က အဲဒါတွေ မသင်ကြားရပဲ အလိုလို ဘယ်လိုလုပ်မြင်နေတာတုန်း။”
“လစ်နဲ့ ပုစ္ဆာတစ်ပုဒ်ကို ပြောကြတော့…” မကြာမီ ကိုလန်ဘီယာတက္ကသိုလ်မှာ ကျောင်းအုပ်ဖြစ်လာမယ့် မတ်တ်ဂီးလ် ကဆက်ပြောပါတယ်။ “ကျွန်တော့်ကိုယ်တိုင် တောင် စမ်းသပ်ကြည့်မှ အဖြေရမယ့် IQ ပုစ္ဆာတွေတွက်တာ သူက အမှတ်တွေ ၃၁ မှတ် အပြည့်ပေးနိုင်လောက်အောင် သူက အဖြေကို သိနေတယ် သူဟာ တကယ် ဉာဏ်ကြီးရှင် ပါပဲ။“
ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဟားဗတ်က စိတ်ပညာ-အော်ဂတ်စတစ် ဓါတ်ခွဲခန်းမှာ အတူလုပ်ခဲ့ဖူးတဲ့ George A. Miller (ဂျော့ အေမီလာ) ကလည်း လစ်အပေါ် လေးစားလောက်တဲ့ အမြင်မျိူး ချခဲ့ဖူးပါတယ်။ (ဂျော့အေမီလာ အကြောင်း ပြောရရင်တော့ သူကလည်းအမေရိကန် စိတ်ပညာရှင်တစ်ဦး၊ စိတ်ပညာဆိုင်ရာ နယ်ပယ်တစ်ခုကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။)
“လစ်ဟာ အမေရိကန်သားကလေးပါ။ အရပ်ရှည်ရှည်၊ အသားလတ်လတ်၊ ကြည့်ကောင်းတဲ့ ကောင်ကလေးပေါ့။ သူဘာလုပ်လုပ် အဆင်ပြေတဲ့ပုံပေါ့။“ မီလာက နောက်နှစ်တွေကြာလာတော့လည်း အခုလို မှတ်ချက်ချပါတယ်။ “သူကတကယ့်ကို အလွန့်အလွန်ကို ညဏ်ရည်ထက်မြက်သူပါပဲ။ ဖန်တီးရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူကလေ … ဥပမာဗျာ တစ်ယောက်ယောက်က အမှားတစ်ခုလုပ်မိတယ်ဆိုရင် သူက အဲဒါကို ရယ်စရာအဖြစ် ပြောင်းပီး ဟာသလုပ်လုုိက် တတ်တယ်။ လစ်က ရယ်စရာဟာသတွေကို သဘောကျပါတယ်။ သူ့လက်တစ်ဖက်မှာ ကိုကာကိုလာ ပုလင်းလေးကို ကိုင်ပီး နေတတ်တဲ့ပုံက သူ့စတိုင်လို့ပြောရမလားပဲ။“
သူက လူတွေကို သရော်တဲ့သဘောမဟုတ်တာတော့ သေချာပါတယ်။ မီဇူရီအရပ်က ကောင်ကလေးက သူ့ဘေးကလူတွေကို ပြုံးသွားအောင် လုပ်တတ်တာပါ။ သူက ကမ္ဘာကြီးထဲကို အထီးကျန်စွာ ရောက်လာတာပါ။ သူနဲ့တွေ့သမ ျှလူတိုင်းဟာ သူ့အတွက်တော့ ကြီးကျယ်ပါသတဲ့။
ဟုတ်ပါတယ်။ သူကမစ်ဇူရီသားလေးပါ။ (Missouri ဆိုတဲ့အရပ်ဒေသက အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းမှာ တည်ရှိပါတယ်။ အဲသည်မှာ သူကကြီးပြင်းခဲ့တာဖြစ်ပါတယ်။) သူ့အမည်ရင်းက လစ်- ကလီဒါ။ သူ့မိသားစုက ပြင်သစ်-ဂျာမန် နှစ်နယ်စပ်ထားတာပါ။ သူက မစ်ဇူရီမှာ ပြည်တွင်းစစ် မဖြစ်မှီကတည်းက နေခဲ့တာပါ။ သူ့ဖခင် Joseph Licklider (ဂျိူးဇက်လစ်ကလီဒါ) က လယ်ယာလုပ်တဲ့သူပါ။ ဂျိူးဇက်က (သူက လစ်ရဲ့ဖခင်ပါ) စိတ်ဓါတ်ကြံံ့ခိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ၁၈၈၅ခုနှစ် သူ့ဖခင်ဟာ (အဲဒါ လစ်ရဲ့အဖုုိးကိုုပြောတာပါ) မြင်းတွေနဲ့ အလုပ်လုပ်ရင်း မတော်တဆဖြစ်ပြီး သေဆုံးသွားတယ်။ အဲသည်တုန်းက ဂျိူးဇက် က ၁၂နှစ် (လစ်ရဲ့ဖခင်) ။ သူ့စိတ်ထဲ မိသားစုတာဝန်ဟာ သူယူရမယ်လို့ ဆုံးဖြတ်ချက်ချတယ်။ သူ့မိခင်နဲ့ သူ့ညီမဟာ သည်လယ်ယာအလုပ်ကို မဦးဆောင်နိင်ဘူးလို့ သူတွေးတယ်။ မိသားစုုလုုိက် စိန့်လူဝီဒေသကို ပြောင်းသွားဖို့ လုပ်တယ်။ သူ့ညီမကို ဒေသဆိုင်ရာ ကျောင်းတက်ခုုိင်းရုုံတင်မက ကောလိပ် ပါတက်ခိုင်းတယ်။ သူက ဒေသဆိုင်ရာ ရထားလမ်းမှာ အလုပ်လုပ်တယ်။ သူ့ဘာသာသူတော့ စာရေးစာဖတ်နဲ့ ဒီဇိုင်းပညာ ကို သင်ယူတယ်။ လေ့လာတယ်။ ဒီပညာနဲ့ အလုပ်လုပ်ရာက စိန့်လူဝစ်မှာ စီးပွားရေးဆိုင်ရာ ကုန်သည်အလုပ်မှာ ဆရာကြီးဖြစ်လာတယ်။
သည်လိုနဲ့ မစ္စစ် Margaret Robnett (မာဂရက် ရိုနက်) နဲ့တွေ့တယ်။ “သူ့အသံလေးက သာယာလှတယ်။ သီချင်းဆိုနေတဲ့ အတိုင်းပါပဲ။ သူဟာ ကျွန်တော့ရဲ့ဖူးစာရှင်ပါပဲ။” လို့သူက မြင်မြင်ခြင်း သဘောကျသွားခဲ့တယ်။ နောက်မကြာမီ သူတို့လက်ထက်ခဲ့ကြတယ်။ တစ်ဦးတည်းသော သားတစ်ယောက်ထွန်းကားတယ်။ ၁၉၁၅ခုနှစ် မတ်လ ၁၁ ရက်နေ့။ သူ့နံမယ်ကို ဖခင်ရဲ့အမည် ဂျိူးဇက်၊ မိခင်ရဲ့ ကွယ်လွန်သွားတဲ့ မောင်ရဲ့အမည် Carl Robnett (ကားလ်ရော့ဘ်နက်) အမည်ပါအောင် ပေးလိုက်ပါတယ်။ (အဲဒါ အခုဆောင်းပါးရဲ့ဇာတ်လိုက် ဖြစ်လာမယ့် သူ မွေးဖွားလာပုံ။ Joseph Carl Robnett Licklider (ဂျိူးဇက် ကားလ် ရော့ဘ်နက် လစ် ကလီဒါ။)
ကလေးလေးက အထီးကျန်ဆန်နေတဲ့ ပုုံပေါက်နေတာကုုိတော့ နားလည်လောက်ပါတယ်။ သူ့ဖခင်က အသက်၄၂နှစ် မိခင်က ၃၄နှစ်ဆုုိတဲ့ အသည်ခုုနှစ် အဲသည်ခေတ်ကာလ အရပြောရရင် အသက်ကြီးမှ ပထမဆုုံးရတဲ့ ကလေးလည်းဖြစ်ပြန်တော့ ကလေးလေးအပေါ် အလုုိမလုုိက်၊ စည်းကမ်းတင်းကြပ်၊ သူတုုိ့ဘာသာရေးအတွေးအခေါ် ကြားထဲ သွန်သင်ဆုံးမမူအောက်မှာ ကြီးပြင်းခဲ့ရပါတယ်။ ဒါပေမယ့် သူတုုိ့က နွေးထွေးပီး ကြင်နာတတ်တဲ့ သူတွေပါ။ သူတုုိ့သားလေးကိုု ချစ်ပြီး တလျောက်လုုံး ဂရုုတစုုိက်မွေးခဲ့ကြပါတယ်။ လစ် ကလေးကလည်း နှစ်ဖက်မိဘတွေအတွက် တဦးတည်းသော မြေးကလေးဖြစ်နေပြန်တယ်။ သူကြီးပြင်းလာတဲ့အခါ မိဘတွေက စန္ဒယားတီး၊ တင်းနစ်ရုုိက်ဖုုိ့ စသဖြင့် သူလုုပ်ချင်တာတွေ လုုပ်ကြည့်ဖုုိ့ သင်ဖုုိ့အားပေးတယ်။ အထူးသဖြင့် သူလုုပ်ချင်တာက နည်းပညာနဲ့ပတ်သက်တာမှန်သမ ျှ အကုုန်ဆုုိပါတော့။ သူကလည်း ဘယ်သူ့ကုုိမှ စိတ်ပျက်အောင်မလုုပ်ဖူး။ သူက ထက်မြက်တယ်၊ တက်ကြွတယ်၊ ဟာသဉာဏ်ရှိတယ်၊ သိချင်စပ်စုုချင်တယ်၊ အတတ်ပညာ နည်းပညာတွေကုုိ အကုုန်ကြိုက်တယ်။
သူအသက်၁၂နှစ်မှာ ဆုုိပါတော့။ စိန့်လူးဝစ်ဒေသမှာ သူနဲ့ ကောင်ကလေးတွေ လေယျာဉ်ပျံ ပုုံစံတုုတစ်ခုုကိုု တည်ဆောက်ကြဖိုု့ စိတ်ဝင်စားကြတယ်။ သူတုုိ့အရပ်ဒေသက လေယျောဉ်ပျံစက်မူလုုပ်ငန်းနဲ့ ပတ်သက်ပြီး စတင်တုုိးတက်ဖုုိ့တာစူနေတဲ့ကာလ ဖြစ်လုုိ့လဲ ဖြစ်နုုိင်သလိုု ချားလ် လင်းဘတ်ကလည်း ပူပူနွေးနွေး သူ့တကုုိယ်တောင် တစ်ယောက်စီး Spirit of Saint Louis (စပရစ်အော့် စိန့်လူးဝစ်) လေယျောဉ်လေးနဲ့ အန္တလန်တိတ်ကုုိ ဖြတ်သန်းပျံပြတာ အောင်မြင်ကာစ ဖြစ်တာကြောင့်လည်း ဖြစ်နုုိင်ပါတယ်။
ဘာပဲဖြစ်ဖြစ်လေ စိန့်လူးဝစ်က ကောင်ကလေးတွေက လေယောဉ်ပျံပုုံစံထုုတ်ဖုုိ့ အရူးအမူးဖြစ်နေကြတာတော့ အမှန်ပဲ။ ဘယ်သူမှ ရော့ဘ်နက် လစ် ကလီဒါ (လစ် ကိုုပြောတာပါ) ထက်တော့ ပုုိကောင်းအောင် မလုုပ်နိုုင်ကြဘူး။ သူ့ရဲ့မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ သူ့အခန်းကုုိ လင်းဘတ်စတိုုခန်းလိုု ပေါ့ပါးတဲ့ သစ်တုုိသစ်စ သစ်သားတွေနဲ့ အလုုပ်လုုပ်လုုိ့ရတဲ့ ပုုံစံပြောင်းလုုိက်တယ်။ သူ့ကုုိယ်ပုုိင် ပုုံတွေဆွဲ၊ ဒီဇုုိင်းဆွဲ၊ အသေးစိတ်လုုပ်ပါတော့တယ်။ တညလုုံး အစိတ်အပုုိင်းတွေကုုိ ဖြတ်တောက်ပုုံဖော် နဲ့။ အတောင်ပံတွေတပ်။ ကော်ပတ်တွေစား။ ကော်အကောင်းစားတွေသုုံး။ အင်ဒီယာနာပုုိလီမှာ လေယျောဉ်ပျံပြပွဲလုုပ်တော့ ကုုမ္မဏီတစ်ခုုက သူ့ကုုိ ကူညီပေးခဲ့ပါတယ်။
သူ့ရဲ့၁၆နှစ်ပြည့် မွေးနေ့နီးကပ်လာချိန်မှာ သူ့စိတ်ဝင်စားမူက (လေယောဉ်ပျံကနေ) မော်တော်ကားတွေဆီ ရောက်သွားပြန်ပါတယ်။ သူက မော်တော်ကားတွေ လျောက်မောင်းချင်လိုု့ မဟုုတ်ပါဘူးတဲ့။ သူက မော်တော်ကားတွေအကြောင်း နားလည်ချင်တာ။ အတွင်းရော အပြင်ရော သိချင်တာ။ သည်တော့ သူ့မိဘတွေက ကားအုုိဟောင်းတစ်စီး ဝယ်ပေးရပါတယ်။ သူ့ကိုု သည်အနီးအနား မျက်စိတပြအတွင်းမှာပဲ မောင်းခွင့်ပေးတယ်။ သည့်ထက်တော့ မမောင်းရ – အဲဒါကိုု လုုိက်နာမှ။ ရော့ဘ်နက် လေးကတော့ (လစ်ကိုုပြောတာပါ) ကားကိုု အစိတ်အပိုုင်းတွေ ဖြုတ်၊ ပြန်တပ်ပြန်ဆင်နဲ့ အတော်ပျော်သွားပါတယ်။ “အော်… သူကဒီလိုုကိုုး၊ ဟောဒါက သည်လိုု အလုုပ်လုုပ်တာကိုုး။ အုုိကေ…” သူ့မိခင် မာဂရက်က သူ့သားလုုပ်သမ ျှ နဘေးကရပ်ကြည့်၊ သူ့သားလှမ်းတောင်းတဲ့ ကရိယာတန်ဆာပလာတွေကိုု ယူပေး။ သားဖြစ်သူကုုိ နည်းပညာရပ်ဆုုိင်ရာမှာ ပံံ့ပိုုးမြေတောင်မြှောက်ပေးခဲ့တဲ့ အကျိူးတွေပေါ့။ အဲဒါ သူ (လစ်ကုုိပြောတာပါ) ၁၆နှစ်ကုုိ ရောက်လာတဲ့ နေ့။ ၁၉၃၁ခုုနှစ် မတ်လ ၁၁ ရက်နေ့ သားဖြစ်သူ လိုုင်စင် ရတဲ့နေ့။
အသက်၁၆နှစ်သား ရော့ဘ် (လစ် ကုုိဆိုုလုုိပါတယ်) က အရပ်ရှည်ရှည်၊ ရုုပ်ရည်သန့်သန့်၊ အားကစားသမားတစ်ယောက်လုုိ၊ မျက်လုုံးပြာပြာ၊ အရောင်ရင့်ရင့်ဆံပင်တွေနဲ့ လင်းဘတ် (Charles Lindbert ကိုပြောတာပါ။ စိန့်လူးဝစ်က လေယျာဉ်ပျံမောင်းသမား သူရဲကောင်းလေး) နဲ့ဆင်တူသူအဖြစ် လူတွေ သတိထားမိကြတဲ့ပုုံစံလိုု သူ့ကျောင်းနေဘက်တွေက သူ့ကုုိ သတိထားမိလာကြတယ်။ အဲသည်တုန်းက သူက တင်းနစ်ကုုိ သဲကြီးမဲကြီးကစားခဲ့တယ်။ သူအသက် ၂၀ ကျောဘက်ပိုုင်းမှာ ဒဏ်ရာရခဲ့ပြီးတဲ့နောက်ပုုိင်းမှပဲ တငး်နစ်ကစားတာကုုိ နားခဲ့တယ်။
သူက တောင်ပုုိင်းသားတုုိ့ရဲ့ ယဉ်ကျေးတဲ့ အမူအယာကတော့ အပြည့်အဝရှိသူပါ။ ဆုုိလုုိတာက သူတုုိ့ရဲ့ ၀ါရှင်တန်တက္ကသိုုလ်နားက အိမ်ကြီးမှာ သူ့မိခင်ရဲ့ ညီမလင်မယားရယ်၊ လက်မထပ်ရသေးတဲ့ ညီမတစ်ယောက်ရယ် အတူတကွနေကြပါတယ်။ ရော့ဘ် ၅နှစ်သားတုုန်းကပေါ့၊ ညနေစာစားချိန် သူ့အဒေါ်ငယ်ကုုိ ထမင်းစားပွဲကုုိ လက်တွဲခေါ်လာပီး ကုလားထုုိင်မှာ နေရာချပေးပုုံက တကယ့်လူကြီး လူကောင်းတစ်ယောက်လုုိ။ သူလူကြီးဖြစ်လာတာတောင် သူက ယဉ်ကျေးတဲ့သူ၊ စဉ်းစားတတ်တဲ့သူ၊ အိမ်မှာ နေတာတောင် ကုုတ်အကျီကုုိ ရုုိရုုိသေသေဝတ်၊ နုုိက်တုုိင်ကုုိ သပ်သပ်ရပ်ရပ်တပ်လုုိ့ အမျိူးသမီးများ နေရာမယူသေးရင် သူက အရင်ထုုိင်ပီး မနေတတ်တဲ့ သူတစ်ယောက်ပါ။ စိတ်ဆုုိးလုုိ့အော်ဟစ်တာမျိူးက ပိုုလုုိ့တောင် တွေ့ရခဲပါသတဲ့။
ရော့ဘ်နက် လစ် ကလီဒါ က သူ့ကိုုယ်ပုုိင် အရည်အချင်းအရည်အသွေးနဲ့ စိတ်ဓါတ်ပုုိင်းဆုုိင်ရာမှာ ရင့်ကျက်လာသူပါ။ လူငယ်လေးတစ်ယောက်ဖြစ်လာတော့ သေသေသပ်သပ်နဲ့ ရင့်ကျက်လာတယ်။ သူ့ဖခင်က ဒေသဆုုိင်ရာ ဘုုရားရှိခုုိးကျောင်းမျာ တရားဟောဆရာအဖြစ် လုုပ်တုုန်းက သူက သူ့ဖခင်နဲ့အတူ လုုိက်ပါဖူးတယ်။ ဖခင်ဖြစ်သူ ဂျိူးဇက်က တရားဟောနေချိန်မှာ သူက အော်ဂန်ရဲ့ ကီးဘုုတ်ကုုိ လုုိက်မှတ်ပေးရတယ်။ ဘုုရားရှိခိုုးကျောင်းက အော်ဂန်တီးရတဲ့ အမျိူးသမီးက သိပ်ကောင်းကောင်း မလုုပ်တတ်တာလည်း ပါတယ်။ တခုုသောနေ့မှာ သူ့ခေါင်းက ငိုုက်ပီး အော်ဂန်ကီးဘုုတ်ပေါ် ဒေါင်ကနဲ ပြုတ်ကျဘူးပါရဲ့။ အဲဒီအဖြစ်ကလည်း သူ့ကုုိ သိပ္ဗံနည်းပညာတွေ ပေးလုုိက်စေပါတယ်။ ကီးဘုုတ်ကုုိ အခုုလုုိ ပြင်းပြင်းထန်ထန် ထိခုုိက်မိတဲ့အခါ ထွက်လာတဲ့အသံမျိူးက သူ့ဘဝမှာ တစ်ခုုခုုကုုိ စဉ်းစားစရာ ပေးမယ့်သဘောလိုု့ ဆိုုပါတယ်။ သူက တချိန်ကျရင် “ကွန်ပြူတာ နက်ဝေါ့အလုုပ်လုုပ်ပုုံ” တုုိ့၊ “စစ်စတန်မက်တစ်” တုုိ့၊ “၀ါယာလက်စ်” တုုိ့ဘာတုုိ့ကုုိ မိတ်ဆက်ပေးမယ့် အလုုပ်တွေ လုုပ်မယ့်သဘော။
သူ့ကိုအိမ်မှာ ရော့ဘ်နက် လို့ခေါ်တယ်။ ရော့ဘ် ဆိုပြီး ကျောင်းက သူငယ်ချင်းတွေက ခေါ်တယ်။ ဒါပေမယ့် နောက်တော့ သူကော်လိပ်ကျောင်းသားဖြစ်လာတော့ အခေါ်အဝေါ်တွေ သူ့ဘာသာပြောင်းပစ်လိုက်တယ်။ သူ့ကိုယ်သူ ပုံစံသစ်နဲ့ သွားမယ်ဆိုတဲ့အနေနဲ့ “ကျွန်တော့်ကို လစ် လို့ခေါ်ကြပါ” လို့နံမယ်ပြောင် သဘောမျိူး ခေါ်ခိုင်းတယ်။ သူ့ကိုယ်သူ မိတ်ဆက်ရင် “လစ်” လို့ မိ်တ်ဆက်တယ်ပေါ့။ သူ့သူငယ်ချင်း ဟောင်းတွေလောက်သာ “ရော့ဘ် လစ် ကလီဒါ” ဆိုတဲ့အမည်ကို နည်းနည်းလောက်သာ ရေးတေးတေး ပေါ်လာလောက်တော့တယ်။
ဟောသည် ကော်လိပ်ကျောင်းသားကြီးက ဘာလုပ်မလဲ ဆိုတော့ သူတတ်နိုင်သလောက် မေဂျာတွေ ရနိုင်သမ ျှ သင်ယူပါတယ်။ သူက ဘယ်ဘာသာရပ်ကိုမဆို လေ့လာလိုက်စားဖို့ စိတ်ဝင်စားနေတယ်။ တစ်ယောက်ယောက်ဆီက တစ်ခုခု ကြားလိုက်ရရင်တောင် သူကလိုက်လုပ်ကြည့်ချင်တတ်တယ်။ သူဖရှက်ရှာ ကျေင်းသားဘဝမှာ အနုပညာဘာသာရပ်က မေဂျာယူပီး အင်ဂျင်နီယာဘာသာက နောက်တွဲဖြစ်ပါတယ်။ နောက်ပိုင်း ရူပဗေဒနဲ့သချာင်္ပါလာတယ်။ အဓိကအချက်ကဘာလဲဆိုတော့ သူသည် လောကကြီးနဲ့ပတ်သက်လို့ မေဂျာယူထားပါတယ်ပေါ့။ လောကကြီးအကြောင်းကို သူသိလာရပုံကတော့ သူ့ဖခင်ရဲ့ အာမခံကုမဏီအလုပ်က တနေ့တော့ ပိတ်သိမ်းရတယ်။ ဂျိူးဇက် (လစ်ရဲ့ဖခင်) ဟာ အလုပ်ကထွက်လိုက်ရပီး သားဖြစ်သူ (လစ်ကို ပြောတာပါ) အတွက် ကျူရှင်လခတောင်မပေးနိုင်တော့ဘူး။ လစ်ဟာ အဲသည်နှစ်မှာ ကျောင်းနားလိုက်ရတယ်။ ဂျိူးဇက် (လစ်ဖခင်) ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ရပီး တခြားအလုပ်တွေ လျောက်လုပ်နေရင်းက စိတ်ကျရောဂါဖြစ်လာတယ်။ နောက်တော့ ဘုရားရှိခိုးကျောင်းမှာ တရားဟောဆရာလိုတယ်ဆိုတော့ ဝင်လုပ်ဖြစ်တယ်။ ဇနီးသည်မာဂရက်နဲ့ အတူ သူတို့ဘဝတွေဟာ ဘုရားရှိခိုးကျောငး်တွေ တကျောင်းပြီးတကျေင်း လှည့်လှည် ဝင်လုပ်နေလိုက်ကြတာ သူတို့အတွက် ဘဝမှာ အပျော်ဆုံးကာလတွေ ဖြစ်လာပါသတဲ့။
လစ်တစ်ယောက်လည်း နောက်တော့ ကောလိပ်ပြန်တက်တယ်။ စိတ်သစ်လူသစ်နဲ့ အချိန်ပိုင်းအလုပ်တွေလုပ်ခဲ့တာမှာ စိတ်ပညာဌာနရဲ့ တိရိစ္ဆာန်များဆိုင်ရာ စမ်းသပ်ခန်းမှာ စောင့်ရှောက်ရေးတာဝန်လည်း လုပ်ခဲ့ပါတယ်။ ဆရာများရဲ့ သူတေသနလုပ်ငန်းများကို နားလည်လာပြီး သူ့ဘဝအတွက် ဒီလောက်ဒီအလုပ် တော်ပီလို့ သူတွေးခဲ့ပါတယ်။ သူက ဦးနှောက်နဲ့ ဖန်ရှင်ပို်င်းဆိုင်ရာတွေကို အသေးစိတ်လေ့လာခဲ့ဖူးတယ်။ ယနေ့ခေတ်မှာ ဒီပညာတွေက တကယ့်ကို တိုးတက်နေတဲ့ ပညာရပ်တွေ ဖြစ်လာပါတယ်။ သူကတော့ ဒါတွေကို အဲသည်တုန်းက အတိုင်းအတာတစ်ခုအထိ မှတ်ယူခဲ့ဖူးတယ်ပေါ့။ ယနေ့ခေတ် ဦးနှောက်ကို အသေးစိတ်လေ့လာ စကင်ဖတ်တဲ့နည်းပညာ အီလက်ထရွန်ဆက်စာလိုဂရပ်ဖီ ဆိုတဲ့ EEG (အီးအီးဂျီ) ရိုက်တဲ့ စနစ်ဟာ ၁၉၃ဝခုနှစ်ကာလတုန်းက ရေဒီိယို တယ်လီဖုန်း ဆက်သွယ်ရေးအီလက်ထရောနစ် နည်းပညာကနေ ဆင့်ပွားလာတာတွေ ဖြစ်ပါတယ်။ ကဲ… လစ် အကြောင်း ဆက်ပါမယ်။
လစ် တစ်ယောက်ကတော့ သူသင်ယူခဲ့ဖူးတဲ့ စိတ်ပညာဆိုင်ရာ ဇီဝဗေဒပညာကို တကယ်နှစ်သက်ခဲ့ပါတယ်။ ဒါ့အပြင် သချာင်္၊ လ ျှပ်စစ် ပညာတွေကလည်း သူ့ကို စိန်ခေါ်နေပါတယ်။ အဲသည်တုနး်ကတော့ ဒါတွေဟာ တနေ့ သူအသုံးချလာနို်င်တာတွေပဲလို့ မသိခဲ့ပါဘူး။ သူ့အတွက်တော့ ပင်တာဂွန်ကို ခြေချမိခြင်းဟာ တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းကြီး တစ်ခု ဖြစ်လာပါတယ်။ နောက်ဘာတွေ ဆက်ဖြစ်မယ် ဆိုတာတော့ နောက်မှ စဉ်းစားကြတာပေါ့တဲ့။ အနှစ် ၂ဝလောက် လေ့လာ မှတ်သားခဲ့တဲ့ အရာတွေက တနေ့ဘာဖြစ်လာမှာလဲ။ သူလေ့လာခဲ့တဲ့ စိတ်ပညာဆိုင်ရာ ပညာရပ်ဟာ ကွန်ပြူတာတွေကို သူလေ့လာခဲ့တဲ့ဆီမှာ တကယ်ပဲ အသုံးဝင်လာတယ် လို့ဆိုနိုင်ပါတယ်။ ၁၉၄၀ ၁၉၅၀ လောက်မှာ သချာင်္၊ ရူပဗေဒ၊ လ ျှပ်စစ်အင်ဂျင်နီယာပညာတွေ နောက်ခံနဲ့ သူလေ့လာနေတဲ့ နယ်ပယ်ဟာ တနေ့ကျရင် ကြီးကျယ်တဲ့ နည်းပညာပြောင်းလဲမူတွေ ဖြစ်လာမှာပါတဲ့။ သူ့ရဲ့ လက်ရှိအသုံးချနေတဲ့ ကြီးမားတဲ့ စက်ကြီးတွေက (သူကအဲဒါကိ ုကွန်ပြူတာ လို့စတင်ခေါ်ဝေါ်နေပါပီ) ကွန်ပြူတာဆိုတဲ့ စွမ်းရည်တွေ စတင်ပြသနေပီ၊ ကမ္ဘာကြီးကို စိန်ခေါ်နေပီ၊ စသဖြင့် သူကတော့ ကြွေးကျော်နေပါပီ။
အဲ… အခု ၁၉၃ရခုနှစ်ကိုပြန်သွားမယ်။ လစ် လျောက်နေတဲ့လမ်းက ရှင်းပါတယ်။ ၀ါရှင်တန်တက္ကသိုလ်က ရူပဗေဒ၊ သချာင်္နဲ့ စိတ်ပညာ ဒီဂရီ ၃ခု နဲ့ကျောင်းပီးခဲ့လို့ ဘွဲ့ရပီ။ သူက နောက်တစ်နှစ်ကို စိတ်ပညာ မာစတာဆက်တက်တယ်။ သူကို “ရော့ဘ်နက် လစ် ကလီဒါ“ ဆိုတဲ့ အမည်နဲ့ စိတ်ပညာမာစတာ ဘွဲ့ပေးခဲ့တော့ အဲသည်အမည်က စာရွက်ပေါ် နောက်ဆုံး တင်ကျန်ခဲ့တဲ့ အမည်ဖြစ်လာတယ်။ ၁၉၃၈ခုနှစ် နယူးယောက်က ရော့ချက်စတာတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ယူဖို့ တက်လှမ်းခဲ့တယ်။ သူ့ရည်ရွယ်ချက်က ဦးနှောက်ရဲ့ အကြားအာရုံဆိုင်ရာ အပိုင်းကို သုတေသနလုပ်ဖို့။ ကျွနိုပ်တို့ ဘယ်လိုကြားပီး အဓိပ္ပါယ်ဖော်သလဲ။ အဲသည်အပိုင်းကို အဓိကထား သုတေသနလုပ်ဖို့။
လစ် တစ်ယောက် မစ်ဇူရီကနေ ထွက်လာတယ်ဆိုတာ နေရပ်လိပ်စာ တစ်ခုတည်း ပြောင်းလိုက်တာမဟုတ်ပဲ သူ့ဘဝပါပြောင်းလဲလာတာလို့ ဆိုပါတယ်။ ရှေ့က နှစ် ၂၀ သူ့မိဘ၂ပါးရဲ့ ပုံစံခွက်ထဲမှာ နေနေရာကနေ ထွက်လာတာပါ။ တစ်ပတ်တခါ မိဘတွေနဲ့ ဘုရားရှိခိုးကျောင်း်မှာ လိုက်ပါပီး ကူညီတက်ရောက်ခဲ့ရတဲ့ ဘဝကနေ ထွက်လာခဲ့တာပါ။ သူအိမ်ကထွက်လာပြီးတော့ ဘုရားရှိခိုးကျောင်းဆီ ခြေဦးမလှည့်တော့ပါဘူး။ သူ့မိဘတွေကိုတော့ သူ့ရဲ့ယုံကြည်မူပြောင်းလဲသွားပီ ဆိုတာကို အသိမပေးခဲ့ပါဘူး။ သူ့ရဲ့ဘဝမှာ နာကြင်မူတွေ၊ သူပြင်းပြင်းထန်ထန် စိတ်ဆင်းရဲခဲ့ရတာတွေ ကို မိဘတွေကို ဘာမှမပြောခဲ့ဘူး။ ဒါပေမယ့် တင်းကြပ်တဲ့ တောင်ပိုင်းသားတွေရဲ့ ဘာသာရေးဆိုင်ရာ အထိန်းအကွပ်တွေကြားထဲ သူကြီးပြင်းလာရတာကိုတော့ သူမမေ့ပါဘူး။ သူ့ရဲ့ ဘုရားရှ်ိခိုးကျောင်းတုန်းက ဘုရားစာရွတ်ဖတ်ခဲ့ရတဲ့ ကာလတွေအကြောင်း သူ့ကို မေးရင် သူက “ဒါတွေက ပီးသွားပါပြီ။“ လို့ခပ်တိုတိုပဲ ပြန်ဖြေခဲ့ပါတယ်။
သူ့ဘဝမှာ ပြောင်းလဲမူတွေ အများကြီးကြုံခဲ့ရ ပြောင်းလဲခဲ့ရသောလည်း မပြောင်းပဲရှိခဲ့တဲ့အရာ တစ်ခုတော့ရှိတယ်။ လစ် က ၀ါရှင်တန်တက္ကသိုလ်က စိတ်ပညာဌာနှမှာ စတား ဖြစ်နေဆဲပဲ။ ရော့ချက်စတာမှာလည်း စတားပဲ။ သူလေ့လာလိုက်စားခဲ့တဲ့ အကြားအာရုံဆိုင်ရာ တုန့်ပြန်မူ ပိုင်း ဘာသာရပ်မှာ ရေးဆွဲခဲ့တဲ့ မြေပုံကားချပ်ဟာ သူ့ရဲ့ဒေါက်တာဘွဲ့တက်လှမ်းဖို့ လမ်းပွင့်ခဲ့ပါတယ်။
သူက ၁၉၄၂ခုနှစ် ဒေါက်တာဘွဲ့ရခဲ့ပီးတဲ့နောက် ဖီလန်ဒါဖီးယားမြို့ပြင်က ဆွာ့မိုးလ် ကောလိပ်မှာ ပူပူနွေးနွေးဒေါက်တာလေးအဖြစ် ယာယီအလုပ်ဝင်ခဲ့ရတုန်းကလည်း သူကနံမယ်ကြီးဖြစ်နေတယ်။ အဲသည်အချိန်တိုတိုကလေးမှာ လူ့ဦးနှောက်နဲ့ပတ်သက်တဲ့ အသေးစိတ် စနစ်တွေကို သံမဏိကြိုးခွေတွေနဲ့ သရုပ်ပြခဲ့ပါတယ်။
အားလုံးကို ခြုံပြီးပြောရရင်တော့ ၁၉၄၂ခုနှစ်ဟာ လစ် အတွက် နှစ်ကောင်းတစ်ခုတော့မဟုတ် ခဲ့ပါဘူးလေ။ တခြားသော သုတေသနပညာရှင်တွေလိုပဲ သူ့ရဲ့ အလုပ်ပိုင်းဆိုင်ရာမှာ သိပ်ကို ကြီးကျယ်တဲ့ အချိူးအကွေ့ ကြီး တစ်ခု ဖြစ်ခဲ့ကျော်ဖြတ်ခဲ့ရပါတယ်။
(ဒီနေရာမှာ အခန်းကို အဆုံးသတ်ထားပါတယ်။ ဒါကို အဓိပ္ပါယ်ဖော်ရရင်တော့ ကြီးမားတဲ့အချိူးအကွေ့ ဆိုတာ ဒုတိယကမ္ဘာစစ် ကို ပြောတာပါ။ သူဟာ စစ်အတွင်းမှာ သူ့ရဲ့အလုပ် သူ့ရဲ့ သုတေသနလုပ်ငန်းတွေဟာ တခြားသော ပညာရှင်ကြီးတွေ၊ ဉာဏ်ကြီးရှင်တွေလိုပဲ အဖျက်အဆီး အနှောက်အယှက်တွေ ကြုံကြရတယ်။ ဒါကို နောက်အခန်းတွေမှာ ရေးသားထားပါလိမ့်မယ်။ အခုတင်ပြခဲ့တဲ့အခန်းက သူ့ရဲ့ မိသားစုအရေးနဲ့ ပညာရေးပိုင်းလို့ ဆိုရမှာပေါ့။ ဒါ့အပြင်သူ့ဘဝ အချိူးအကွေ့တွေပါလာတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ မှန်းဆလို့ရတယ်ပေါ့။ နောက်ပို်ငး် အခန်းတွေတော့ စိတ်ဝင်စားရင် ဆက်ပြန်ကြည့်ပါဦးမယ်။)
ဂျူနီယာဝင်း

No comments:
Post a Comment