Wednesday, January 30, 2019

ဂျူနီယာဝင်း – ကြောက်လန့်စေသော အရာများ



ဂျူနီယာဝင်း – ကြောက်လန့်စေသော အရာများ


(အမှတ် ၁၆၃၊ ၂ဝဝ၃ ခုနှစ်၊ စက်တင်ဘာလ အတွေးအမြင်)


မိုးမခ၊ ဇန်နဝါရီ ၂၄၊ ၂၀၁၉

(‘Scare me’ Discovery Channelမှ ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ ပါဝင်တဲ့ အကြောင်းအရာတွေ က ကြောက်ရွံ့မှုတွေအကြောင်းနဲ့ ဘယ်လိုကြောက်ရွံ့မှုတွေဟာ လူတွေကို ဘယ်လောက်ထိ လွှမ်းမိုးထားတယ်ဆိုတဲ့ အကြောင်းတွေ ပါဝင်ပါ တယ်။ အဲဒီထဲက စိတ်ဝင်စားဖွယ် အခို့ျကို တင်ပြလိုက်ပါတယ်။)

ကျွန်မတို့ လူသားတွေမှာ ရှိတဲ့ ကြောက်စိတ်တွေက ဘယ်ကနေ ရောက်လာတာပါလဲ။ ကျွန်မတို့ဟာ ဒီလိုအရာတွေကို ကြောက်တတ် ရမယ်လို့ အစကတည်းက သတ်မှတ်ထားပြီးသားလား သို့မဟုတ် ကြောက်ဖို့အတွက် သင်ယူဖို့လိုအပ်ပါသလား။

သုတေသန ပညာရှင်တွေက ကျွန်မတို့မှာ မွေးရာပါ ကြောက်စိတ်အနည်းငယ်စီ ပါလာခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ အမြင့်ကြောက် တဲ့ စိတ်ဟာ ခြောက်လသား အရွယ်လောက်မှာ ရှိလာပါတယ်။ တစ်ယောက်တည်းခွဲထားခံရရင်လည်း ကြောက်စိတ်ဝင်လာတတ်ပါတယ်။ ဒါပေမဲ့ စိတ်ပညာ လေ့လာမှုတွေအရ ကျွန်မတို့ဟာ ကြောက်နေဖို့ တစ်ခုတည်းနဲ့ မွေးလာတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကျွန်မတို့ကို ကြောက်လန့်စေတဲ့ အကြောင်းအရာ အများစုဟာ ဦးနှောက်ကနေ ထူပူပြီး ဖြစ်လာတာတစ်ခုတည်းကြောင့် မဟုတ်ဘဲ ကိုယ်ပိုင် အတွေ့အကြုံအရလည်း ဖြစ်လာတာဖြစ်ပါတယ်။ ဒီလို အတွေ့အကြုံတွေကြောင့် ကျွန်မတို့ဟာ အန္တရာယ်ကို ရင်ဆိုင်ဖို့ အခွင့်အရေး တွေ၊ အခြေအနေတွေ ပေးလာပါတယ်။ ကြောက်ရွံ့တဲ့ အတွေ့အကြုံတွေကို လေ့လာကြည့်လိုက်တော့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် အနာတရဖြစ် စေတဲ့ အဖြစ်အပျက်တွေဟာ တိုက်ရိုက်သက်ရောက်တဲ့ ခွန်အားအကြီးဆုံး လမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။

ကလေးတစ်ယောက်ဟာ ခွေးကိုက်ခံရဖူးရင် ဦးနှောက်ထဲမှာ ဒီခံစားမှုအစိုင်အခဲဟာ စိမ့်ဝင်နေမှာဖြစ်ပါတယ်။ အဲဒီခွန်အားကြီးတဲ့ ခံစားမှုဟာ ဦးနှောက်က မှတ်ညဏ်မှာ တော်တော် စိုးမိုးရတတ်ပါတယ်။ ကြာကြာလည်း ခံပါတယ်။ မှတ်ညဏ်ရဲ့ လုပ်ငန်းစဉ်ထဲမှာလည်း သူက ဖြန့်ကြက်လွှမ်းမိုးလျက် ရှိနေပါတယ်။ ဒီလွှမ်းမိုးမှုကြီးထွားလာတဲ့ မှတ်ဉာဏ်ဟာ ကျွန်မတို့ ဘဝတစ်လျှောက်လုံးမှာ ဆက်လက် လိုက် ပါနေပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ခံစားမှု၊ ရုတ်တရက် တစ်ခုခုဖြစ်တဲ့ ခံစားမှု၊ ရုပ်ရှင်ကြည့်ရင်း ရလာတဲ့ စိုးရိမ်ထိတ်လန့်မှုတွေဟာ မှတ်ညဏ်ထဲမှာ တစ်စစီ စိမ့်ဝင်နေပါတယ်။ ပင့်ကူရဲ့ တိုက်ခိုက်မှုတွေပါတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Arachnophobia ”အာရ်ခ်နိုဖိုးဘီးရား”ကို ကြည့်ပြီးတဲ့ အမိုျးသမီးတစ်ယောက်ဟာ ညအိပ်ရင်တောင် ပင့်ကူမလာအောင် ကာကွယ်တဲ့ အနေအထားမိုျးနဲ့ အိပ်မိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီလိုထိအောင် ကြောက်ဖို့မလိုအပ်ပါဘူး။ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေရဲ့ကြောက်ရွံ့မှုတွေကို အေးအေး ဆေးဆေး ထိုင်ကြည့်တယ်ဆို လုံလောက်ပါပြီ။

တွားသွားသတ္တဝါတွေနဲ့ အင်းဆက်တွေဟာ ခြောက်လှန့်စေတဲ့ အရာတွေအဖြစ် ရှိနေကြပါတယ်။ ဟောလိဝုဒ်ကလည်း ပရိသတ်တွေကို ဒီအကောင်တွေကို အသုံးချပြီး ရိုက်ပြနေကြပါတယ်။ ”အာရ်ခ်နိုဖိုးဘီးရား”လို့ ခေါ်တဲ့ ပင့်ကူကြောက်စိတ်ဟာ လူတော်တော်များများမှာ ရှိနေတတ်ပါတယ်။ သူတို့နား မနေရဲတာ၊ သူတို့ကို အနီးကပ်တောင် မကြည့်ဝံ့တာစတဲ့ သိပ်မပြင်းထန်တဲ့ ကြောက်ရွံ့မှုတွေ ရှိနေတတ်ပါ တယ်။ သူတို့လေးတွေကို ယဉ်ပါးအောင် လုပ်လို့ရပါတယ်လို့ စိတ်ပညာရှင်တစ်ယောက်က ဆိုပါတယ်။ ပင့်ကူကို အလွန်အမင်း ကြောက် စိတ်ရှိနေတဲ့ စိတ်ဝေဒနာရှင်ကို ကုစားဖို့ ပင့်ကူကို ယဉ်ပါးအောင်လုပ်ပြီး သူ့ကို ပြကြည့်ဖို့ ကြိုးစားရမယ်လို့ ဆိုပါတယ်။

ပင့်ကူကို စဉ်းစားလိုက်တာနဲ့တင် ကြောက်နေရတယ်လို့ ဆိုပါတယ်။ ပင့်ကူဆိုတဲ့ သတ္တဝါဟာ အငြိမ်နေတဲ့အကောင်တွေ မဟုတ်ပါ ဘူး။ သူ့အကြောင်းကို စဉ်းစားလိုက်တာနဲ့ ကြောက်ရွံ့နေတယ်ဆိုတဲ့ စိတ်ခံစားမှုဟာ မှားယွင်းတဲ့ လမ်းကြောင်းဘက်ကို ရောက်နေပါတယ်။ အဲဒီလို မြင်တဲ့လူတွေကို အရူးတွေလို လက်ခံထားကြပါတယ်။ ပင့်ကူကို လွန်လွန်ကူျးကူျး ကြောက်နေရတဲ့အဖြစ်ဟာ စိတ္တဇဆန်လွန်းတယ် လို့ ဆိုပါတယ်။ ဒီကြောက်ရွံ့နေတယ်ဆိုတာဟာ ရေကြောက်တာ၊ ခွေးကြောက်တာဆိုတာနဲ့ သဘောချင်းအတူတူပါပဲ။ စိတ်ပညာရှင်တစ်ဦး ကတော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေကို အခုလိုရှင်းပြပါတယ်။

”ကျွန်တော်တို့ရဲ့ အတွေးတွေဟာ ဦးနှောက်ထဲမှာ လွင့်မျောနေကြပါတယ်။ အဓိကလိုအပ်တာက အဲဒီထဲက အသိစိတ်က ခိုင်းစေတာ ကို လုပ်ဖို့ဖြစ်ပါတယ်။ အဲဒါကို ဆင်ခြင်သုံးသပ်ပြီး လုပ်နေရတဲ့၊ စိတ်စိုက်ပြီး လုပ်နေရတဲ့ ပုံစံမိုျးမဟုတ်ပါဘူး။ ဒီအလုပ်ဟာ သာမန်လုပ် ရိုး လုပ်စဉ်ဖြစ်ပါတယ်။ ဒီတော့ ဦးနှောက်ထဲမှာ ရှိရှိသမျှသော ဥပမာ-ပင့်ကူကြောက်စိတ်ကြောင့် ချွေးပြန်တာ၊ တုန်လှုပ်တာတွေ အပါအဝင် စိတ်ဖိစီးတာတွေ၊ ကိုယ့်စိတ်ထဲ ရှိနေတာတွေ အားလုံးကို ယူပြီး ကောင်းကင်ထဲကို လွှတ်ပစ်လိုက်ပြီး ကိုယ်အသုံးမလိုတာတွေကို ဖယ်ပစ် လိုက်မယ်။ ပြီးရင် အသုံးဝင်တာတွေကိုပဲ ပြန်ယူတဲ့နည်းကို သုံးပါမယ်”

ကိုယ့်ဦးနှောက်ထဲမှာ ရှိနေတဲ့ ကြောက်စိတ်ကို ဘယ်လို ထုတ်ပစ်ရမလဲလို့ မေးစရာရှိပါတယ်။ ပင့်ကူကို ကြောက်နေတဲ့ ဝေဒနာရှင် ဟာ စိတ်ပညာရှင် ခိုင်းတဲ့အတိုင်း ပင့်ကူထည့်ထားတဲ့ ဖန်ခွက်ကို ယူပြီး အိမ်အပြင်ကို ထုတ်လိုက်ပါတယ်။ ပြီးတော့ ခပ်ဝေးဝေးတစ်နေရာ မှာ အဖုံးကိုဖွင့်ပြီး ပင့်ကူကို လွှတ်ပါတယ်။ ပြီးတော့ ပါးစပ်က အခုလို ပြောလိုက်ပါတယ်။

”သူ တကယ် ပြန်မလာတော့ဘူး။ သူဟာ ကျွန်မအိမ်နဲ့ ဝေးရာကို ထွက်သွားပြီ။”

ဝေဒနာရှင်ဟာ ဒီစကားကို တော်တော် အလေးအနက်ထားပြီး ပြောလိုက်ပြီး ဒီအလုပ်ကိုလည်း လေးလေးနက်နက်လုပ်လိုက်တာ ဖြစ်ပါ တယ်။ သူကြောက်နေတဲ့ ပင့်ကူက တကယ်ပဲ ထွက်သွားပြီလို့ ဒီလိုပဲ ယုံကြည်ပါတယ်။ အဲဒီလို ဖန်တီးယူတဲ့နည်းနဲ့ ဦးနှောက်က လက်ခံထားတဲ့ ကြောက်စိတ်ကို ကုစားလိုက်တဲ့နည်းဟာ အောင်မြင်တယ်လို့ ထင်ရပါတယ်။ ”ရောဂါပျောက်သွားတာကတော့ မယုံနိုင်စရာ ပါဘဲ”လို့ ဝေဒနာရှင်က ပြောပါတယ်။ ဒါပေမဲ့ ပင့်ကူကို ချစ်လို့တော့ မရနိုင်ပါဘူး။ ကြောက်တဲ့စိတ်သာ မရှိတော့တာ ဖြစ်ပါတယ်။

လူမှာ ပင့်ကူနဲ့ တခြားတိရစ္ဆာန်တွေ ကြောက်တဲ့စိတ်တစ်ခုတည်း ရှိနေတာမဟုတ်ပါဘူး။ တခြား ကြောက်ရွံ့တဲ့ စိတ်တွေကလည်း ပေါ်လာနိုင်ပါတယ်။ ပင့်ကူကြောက်တဲ့ စိတ်ကို ဖြေရှင်းလိုက်တာ တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ အကြောင်းကတော့ ဦးနှောက်ထဲ မှာ ဒီကြောက်ရွံ့စိတ်ကို သိမ်းဆည်းထားပြီးဖြစ်လို့ သူက အမြဲတမ်းအသင့်ဖြစ်နေလို့ ဖြစ်ပါတယ်။

ကြမ်းတမ်းတဲ့ တောထဲမှာ မွေးလာတဲ့ မျောက်တွေဟာ သဘာဝအရ မြွေကို ကြောက်ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ အထူးရွေး ချယ် မွေးမြူထားတဲ့ မျောက်အခို့ျကို မြွေမကြောက်အောင် ဓာတ်ခွဲခန်းထဲမှာ ထားထားပါတယ်။ သူတို့ဟာ မြွေတစ်ကောင်တစ်လေကြောင့်မှ အန္တရာယ် အခက်အခဲ တစ်စုံတစ်ရာမဖြစ်အောင် လုပ်ထားလို့က တစ်ကြောင်း၊ မြွေကို လုံးဝမမြင်ဖူးတာကတစ်ကြောင်း သူတို့မှာ မြွေကို ကြောက်စိတ် လုံးဝမရှိဆိုတာကို စမ်းသပ်ဖို့အတွက် သူတို့ကို အဆိပ်မရှိတဲ့ မြွေကို ပြကြည့်ကြပါတယ်။ အဲဒီအခါမှာ သူတို့ဟာ တောထဲက မျောက်တွေလိုပဲ မြွေကို ကြောက်ရွံ့တဲ့ လက္ခဏာကို ပြပါတယ်။ သူတို့ဟာ မြွေကို တစ်ခါမှမတွေဖူးဘူး၊ မမြင်ဖူးတဲ့အတွက်ကြောင့် သူတို့ရဲ့ ကြောက်ရွံ့မှုဟာ မြင့်မားပြီး ဖောက်ပြန်တဲ့အဆင့်ကိုတောင် ရောက်သွားရပါတယ်။

ဒီစမ်းသပ်မှုကနေ ရလာတဲ့ အချက်ကတော့ ကျွန်မတို့ဟာ မတွေ့မမြင်ဖူးတဲ့ ထူးဆန်းတဲ့အရာတွေကို ကြောက်တဲ့စိတ်ကို ခုခံဖို့ လိုအပ် တယ်ဆိုတာ ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ပေါ်လာတာတွေ၊ ကိုယ်မနိုင်တဲ့ဝန်တွေ ထမ်းရတဲ့အခါ ကျွန်မတို့ရဲ့ စိတ်တွေကို ကြောက်ရွံ့စေဖို့ တွန်းအားပေးပါတယ်။ လူတွေဟာ တခြားသော စိတ်ခံစားမှုတွေထက် ကြောက်လန့်တဲ့ စိတ်ဟာ လူကို ပိုပြီး လွှမ်းမိုးတယ်လို့ ဆိုပါတယ်။

ရိုလာကိုစတာ (Roller Coaster) ဟာ စတီးလို ခိုင်မာတဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားပြီး အန္တရာယ်မရှိအောင် အထူးကာကွယ် ထားတဲ့ ဘောင်တွေလည်း ရှိပါတယ်။ ပေတစ်ရာ အမြင့်ကနေ တစ်နာရီမိုင် ရဝ နှုန်းနဲ့ ဆင်းချလာတဲ့ ရိုလာကိုစတာ စီးသူဟာ မည်းမှောင် နေတဲ့ အပေါက်ဆီကို ဦးတည်လာနေပါတယ်။ အလွန်အကူျး ကြောက်တဲ့စိတ်တွေကိုလည်း အစွမ်းကုန် ဖြစ်စေတော့မှာ ဖြစ်ပါတယ်။ စိတ် ပညာရှင်တွေရဲ့ အဆိုအရကတော့ လူတွေဟာ ထိတ်လန့်ကြောက်ရွံ့မှုတွေကို လိုလိုလားလားနဲ့ ရှာယူကြရတာကို နှစ်သက်ကြတယ်လို့ ဆိုပါ တယ်။

”လူတော်တော်များများဟာ ရိုလာကိုစတာ စီးပြီး သူတို့ရဲ့ ပူပန်မှုတွေကို ပေါ့ပါးအောင် လုပ်ပစ်ချင်ကြပါတယ်။ ဥပမာ-ရုံးမှာ တစ်ခုခု အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေ ရှိလာတဲ့အခါမှာ ဒါကို စီးလိုက်တော့ ကိုယ်စိတ်ညစ် စိတ်ထိခိုက်စရာတွေဟာ ရိုလာကိုစတာ စီးတဲ့အခါ ရလာတဲ့ ကြောက်ရွံ့စိတ်နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ပါလားလို့ ဖြစ်သွားပါတယ်”

စိတ်ပညာရှင်တွေက ရိုလာကိုစတာ စီးရာက ရလာတဲ့ ကြောက်လန့်စိတ်ဟာ လူရဲ့ မသိစိတ်တွေကိုပါ လှုပ်နှိုးပေးလိုက်တယ်လို့ ယုံကြည်ကြပါတယ်။ ကြောက်ရွံ့မှုဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုဟာ လူနဲ့တိရစ္ဆာန်တွေရဲ့ စွမ်းရည်တွေကို ထိခိုက်စေတယ်လို့လည်း ဆိုပါ တယ်။ ကောင်းတဲ့့ဘက်က ကြည့်ရင် အဲဒီစိတ်ကြောင့် လုပ်တဲ့ဆီမှာ အောင်မြင်တာတွေ ရှိနိုင်ပါတယ်။ အဲဒီစိတ်ကို ကောင်းကောင်းထိန်းခုျပ် နိုင်ရင် အဲဒီဘောင်အတွင်းမှာ ကိုယ့်ကို ခွန်အားပေးတဲ့အရာတွေ ဖြစ်သွားပါတယ်။

၁၉၄ဝ ပြည့်နှစ်စစ်အတွင်းတုန်းက အင်္ဂလန်မြို့ပေါ် ဗုံးတွေကျတာကို ခံခဲ့ရသူတစ်ဦးက အဲဒီအခြေအနေတွေကို ရင်ဆိုင်အသက်ရှင်သန် ဖို့ ကြိုးစားပုံကို ပြောပြပါတယ်။ အခု နှစ်ပေါင်း ၆ဝ လောက်ကြာတဲ့တိုင်အောင် အဲဒီတုန်းက ခံစားမှုတွေဟာ သူ့ကို လွှမ်းမိုးဆဲ၊ ခွန်အား ကြီးစိုးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက စစ်ဒဏ်ခံခဲ့ရသူတွေရဲ့ ကြောက်ရွံ့မှုတစ်စိတ်တစ်ဒေသ ဖြေဖျောက်ခဲ့ပုံကို အခုလိုပြောပြပါ တယ်။

”ကျွန်တော် မနက်လမ်းလျှောက်ရင်း လမ်းမှာ လူတော်တော်များများကို တွေ့ရပါတယ်။ သူတို့က အဲဒီမနက်ခြောက်နာရီလောက်မှာ သီချင်းတအေးအေးနဲ့ ဖြစ်ပါတယ်။ ဝတ်ထားတာတွေကလည်း စုတ်စုတ်ပြတ်ပြတ်၊ တခို့ျဆိုရင် ညအိပ်အဝတ်အစားတွေနဲ့ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျော်သွားပြီး သူတို့စကားပြောသံကြားရပါတယ်။ ”ငါတို့ စိတ်ဓာတ်ကျနေကြလား”တဲ့။ သူတို့အားလုံးက ”လုံးဝမကျဘူး”လို့ အော်ကြပါတယ်။ စစ်အတွင်းမှာ အဲဒီလိုပဲ အော်ဟစ်ပြီး ပြောကြရင်းနဲ့ ကိုယ့်ခံစားမှုတွေကို ဖြေဖျောက်ဖို့ ကြိုးစားကြပါတယ်”

California (ကယ်လီဖုုိးနီးယား) က Ei Toro Base (အယ်တုုိရုုိ စခန်း) မှာ US (အမေရိက) လေကြောင်းဆိုင်ရာ လေ့ကျင့်ရေးစခန်းရှိပါတယ်။ လေတပ်အဖွဲ့ဝင်တွေကို ရုတ်တရက် ထိတ်တိုက်တွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေအတွက် လေ့ကျင့်မှုတွေ လုပ်ပေးပါတယ်။ လေကြောင်းသိပ္ပံဆိုင်ရာ စိတ်ပညာရှင် စစ်ဗိုလ်တစ်ဦးဖြစ်တဲ့ Michael Prevost က ”ရုတ်တရက်ကြောက်ရွံ့စိတ်ဟာ နံပါတ်တစ် အရေးကြီးဆုံးအချက်ဖြစ်တယ်”လို့ ဆိုပါတယ်။

စစ်လေယာဉ် ပျက်ကျတဲ့ အခြေအနေမိုျးမှာ လေတပ်အဖွဲ့သားတွေရဲ့ ကြောက်ရွံ့ထိတ်လန့်မှုနဲ့တင် သူတို့ကို သေစေနိုင်ပါတယ်။ ရေထဲ ကို ကျသွားတဲ့အခါ မိုျးဆိုရင် ဘယ်လိုဖြစ်မလဲ။ အသက်ရှူနှုန်းက မြင့်သထက် မြင့်လာမယ်။ ဒါဟာ လေယာဉ်မောင်းသူကို ဘာမှ အကူ အညီ မပေးတဲ့အပြင် ရေထဲမှာ ပိတ်မိသွားစေနိုင်ပါတယ်။

Michael Prevost ဟာ ဒီလို အန္တရာယ် ကြုံလာတဲ့အခါ ရင်ဆိုင်နိုင်အောင် အခြေအနေတွေကို ဖန်တီးပြီး ရေထဲမှာ လေ့ကျင့်မှုတွေ လုပ်ခိုင်းပါတယ်။ ဟယ်ရီကော်ပတာ အတုကို ရေထဲမှာ နှစ်ထားပါတယ်။ အဖွဲ့သားတွေဟာ အရေးပေါ် လေရှူပိုက်နဲ့ ပုလင်းတွေကို သယ်လာရပါတယ်။ အသက်ရှူဖို့အတွက် အချိန်ဟာ တစ်မိနစ် ဒါမှမဟုတ် ရင်တစ်မိနစ်ခွဲလောက်ရမယ်လို့ Prevost က ဆိုပါတယ်။”

”ဒါပေမဲ့ တကယ့် အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ စိတ်လှုပ်ရှားပြီး သာမန်ထက် လေကို ပိုရူှတာကြောင့် စက္ကန့်- ၂ဝ လောက်ပဲ လေက ခံပါတယ်။ ဒါကြောင့် စမ်းသပ်မှုတွေမှာ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှုတွေကို ထိန်းခုျပ်ဖို့ အဓိကထား စမ်းသပ်ရပါတယ်။ အဲဒီလို အခြေအနေမိုျးကို လေ့ကျင့်ကြရာမှာ လေတပ်အဖွဲ့ဝင်တွေအတွက် အသက်ရှင်နိုင်ဖို့ အခွင့်အရေးဟာ ဆယ်ရာခိုင်နှုန်းလောက် ရှိရင်ရှိ၊ ဒါမှမဟုတ် ကိုယ်က ကံကောင်းပီး အသက်ရှင်နုုိင်သူ ဖြစ်ရင်ဖြစ်ဆိုပြီး ပြောလို့ ရပါတယ်”

ဒါပေမဲ့ သူတို့ရဲ့ လေ့ကျင့်မှုတွေမှာ ကြောက်ရွံ့တဲ့စိတ်ကို အမြစ်ဖျက်ပြီး ကြောက်စိတ်လုုံးဝပျောက်စေလိုတဲ့ အခြေအနေမိုျး မဖြစ်လိုကြပါဘူး။ ကြောက်စိတ်ကို တုံ့ပြန်မှုကနေ ရလာတဲ့ အောင်မြင်မှုကို လိုလားပါတယ်။ Prevost က အခုလို ဆိုပါတယ်။

”ကြောက်စိတ် လုံးဝမဖြစ်ဘူးဆိုရင် ဒါဟာ အန္တရာယ်ပါပဲ။ လေယာဉ်ထိုင်ခုံပေါ်မှာထိုင်ပြီး မကြောက်တဲ့လူ၊ ကြောက်စိတ်ကင်းမဲ့ နေတဲ့လူကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ကျွန်တော်တို့ လိုချင်တာက သတ္တိရှိသူ ဖြစ်ပါတယ်။ သတ္တိရှိမှသာ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်”

သတ္တိရှိမှုက ကြောက်ရွံ့မှုကို ရင်ဆိုင်တဲ့အခါ စွမ်းရည်အကြီးမားဆုံး ခွန်အားဖြစ်ပါတယ်။ ဒါဟာတစ်ကိုယ်တည်း မှာသာမက အဖွဲ့အစည်းမှာပါ အသုံးဝင်ပါတယ်။

အန္တရာယ်တွေကို ဝမ်းမြောက်ဝမ်းသာနဲ့ ရင်ဆိုင်ရဲဖို့တော့် ခက်ပါတယ်။ ဘဝ ရှင်သန်ခြင်းရဲ့ တန်ဖိုးကို သိဖို့အန္တရာယ်ကို ရင်ဆိုင် ကြည့်တယ်ဆိုတာဟာ သိပ်မလွယ်ပါဘူး။ ခေတ်မီတဲ့ စွန့်စားမှုတွေ လုပ်ကြည့်ပြီး အန္တရာယ်ကို ရင်ဆိုင်တယ် ဆိုတာဟာ လုံးဝဥဿုံကောင်း တဲ့ စမ်းသပ်မှုတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမှန်အားဖြင့်တော့ ခေတ်မီတဲ့ စွန့်စားမှုတွေ၊ လွန်လွန်ကူျးကူျး အားကစားလုပ်ကြသူတွေဆီ ကမှ ထိတ်လန့်မှုတွေ ရတာမဟုတ်ပါဘူး။ ထောင့်စွန်းတိုင်းမှာ တံခါးပေါက်တွေရဲ့ နောက်မှာ ကိုုယ့်ရဲ့ ကြောက်လန့်မှုတွေက ပေါက်ကွဲဖို့ အသင့်စောင့်နေကြပါတယ်။ လူတိုင်းကြောက်တတ်ပါတယ်။ ဒီစိတ်ခံစားမှုက တစ်ခုခုလုပ်ဖို့ တွန့်ဆုတ်စေပါတယ်။ တစ်ခါတစ်ရံမှာလည်း ဒီကြောက်ရွံ့မှုတွေကြောင့် အလုပ်တွေ အောင်မြင်သွားအောင် တွန်းပို့ပေးတဲ့ အရာတွေအဖြစ် တည်ရှိနေမှာဖြစ်ပါတယ်။

ဂျူနီယာဝင်း

No comments: