ဂျူနီယာ၀င်း
ခေတ်တစ်ခေတ်၏အလိုတော်အတိုင်း
(အမှတ် ၂၂၅၊ အတွေးအမြင်)
ကျွန်မသည် သူငယ်ချင်းမိတ်ဆွေအပေါင်း အသင်းများ၊ ဦးလေး၊ အဒေါ်၊ မောင်၊ ညီမများနှင့် ဘုရားဖူးခရီးများ ထွက်ခဲ့ဖူးပါသည်။ ထိုသို့ ထွက်ဖို့စီစဉ်ကြသည့်အခါတိုင်း လိုက်ပါမည့် လူအရေအတွက်အလျောက် ဘုရားဖူးယာဉ်များ၊ ကားကြီး၊ ကားလတ်စသည်ဖြင့် တွက် ချက်ကာ ကြိုတင်ငှားကြရပါသည်။ ဘယ်နေ့ဘယ်ရက်ထွက်မည်၊ ဟိုမှာ ဘယ်နှစ်ရက်၊ ဘယ်နေရာမှာ၊ ဘယ်လိုအစီအစဉ်၊ ဘယ်နေ့ပြန်ထွက် လာမည်ကအစ ကြိုတင်စီစဉ်ထားကြလေ့ရှိပါသည်။ ဤသို့နှင့်ခရီးတစ်ခုထွက်ပြီး အိမ်သို့ပြန်ရောက်လာတိုင်း မောပန်းနွမ်းလျကာ အားများပြန် မွေးယူရပါသည်။ ခရီးအတွေ့အကြုံများကိုတော့ အိမ်ပြန်ရောက်မှ တစိမ့်စိမ့်ပြန်တွေးကာ ဟိုတုန်းကမရခဲ့သည့် ကြည်နူးမှုကို ပြန်လည်ခံစားရ ပါသည်။
ကျွန်မသူငယ်ချင်း အပေါင်းအသင်းတွေချည်းပဲ စုကာ ပုဂံသို့သွားခဲ့ကြဖူးပါသည်။ ဘုရားဖူးကားကြီးကို နှစ်ရက်သုံးညအိပ် အသွား အပြန်ငှားခဲ့ကြသည်။ လမ်းခရီးတွင် ကိုယ့်လူတွေချည်းမို့ ပျော်စရာကောင်းပြီး ပင်ပန်းမှန်းပင် မသိလိုက်ကြပါ။ ထိုင်ခုံပေါ်အိပ်ရသည်မို့ တစ်ကိုယ်လုံး တောင့်တင်းကာနေရသော်လည်း ဒါဒီလိုပဲ သူများတွေလည်း ကိုယ့်လိုပဲဟု တွေးကာ ရအောင်လိုက်ရသည်ပေါ့။ ကားပေါ်တွင် ဗီဒီယိုကားများ တစ်ကားပြီး တစ်ကားပြနေသည်ကို မကြည့်ချင်လည်းကြည့်၊ သီချင်းများနားထဲ အူကာ ဝင်လာတာကိုလည်း သည်းခံကာ အများနှင့်အတူ ခံစားလိုက်ရပါသည်ကိုပင် ပျော်ရွှင်ဖွယ်ဖြစ်နေရပါသည်။
ဟိုတယ်သို့ရောက်သည်နှင့် နှစ်နာရီအတွင်း ကားပေါ်ပြန်လာရမည်ဟု ဆော်သြသံတွေကြားလိုက်ရပါသည်။ ဘုရားဖူးမည့် အစီအစဉ် များကို ကြားရပြန်သည်။ လက်ထဲသို့ အစီအစဉ်စာရွက်ရောက်လာပါသည်။ ကားပေါ်မှာ ညလုံးပေါက် အိပ်စက်ရခြင်း၊ ဆာလောင်ခြင်း၊ အိုက် စပ်ခြင်း၊ ခေါင်းမူးဝေကိုက်ခြင်း၊ အစရှိသော ဝေဒနာပေါင်းစုံကို လျစ်လူျရှုကာ ပေးထားသည့် အချိန်လေးမှာ ရေခိုျး၊ ခေါင်းလျော်၊ အဝတ် အစားလဲ စားသောက်သည်များကို လျင်မြန်စွာလှုပ်ရှားရတော့သည်။ အချိန်နှစ်နာရီသည် လျင်မြန်စွာ ကုန်လွန်သွားပါသည်။ အများနှင့်ဆိုင် တော့ စောဒကမတက်နဲ့။ အိမ်ရောက်မှ တဝကြီးနား။ ခေါင်းကိုက်တာအတွက် ဆေးသောက်ထား။ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် အားပေးကာ ကားပေါ်သို့ အချိန်မီရောက်အောင် သွားခဲ့ရဖူးပါသည်။ ကားပေါ်မှာ လေအေးပေးစက်နှင့် ဇိမ်ရှိရှိ ခဏသာ နားကာ လိုက်ပါလိုက်ရပါသည်။
ပုဂံရောက်သော် ပထမနေ့မှာပင် ငှက်ပစ်တောင်၊ ရွှေစည်းခုံ၊ ဂူပြောက်ကြီးဘုရား၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ သဗ္ဗညု စသည်တို့ကို ဖူးခဲ့ရပါသည်။ ဘုရားတစ်ဆူ၊ တစ်နေရာတွင် မိနစ် ၂ဝ၊ အများဆုံး မိနစ် ၃ဝ နားခွင့်ရကြသည်။ ဘုရား ရှေ့တွင် သြကာသကို ရွတ်ဆို၊ ဦးသုံးကြိမ်ချ၊ ဘုရားဈေးကလေးလျှောက်၊ အမှတ်တရကလည်း ဝယ်ချင်၊ တွေ့တာကောက်ဝယ်။ နာရီ တကြည့်ကြည့်နှင့် တက်သုတ်ရိုက် ကားပေါ်ပြန်တက်ခဲ့ရပါသည်။ မနက်စာစားချိန်၊ နေ့လယ်စာစားချိန်များ အပါအဝင်ဖြင့် ညနေစောင်း ဟိုတယ်ပြန်ရောက်တော့ လူလည်းဖုန်တွေ အလိမ်းလိမ်း၊ မောပန်းဟိုက်ကာ အိပ်ရာထဲ ထိုးအိပ်ချင်လှပါသည်။ သို့သော်မရပါ။ ခေတ္တနားချိန်တစ်နာရီ၊ နှစ်နာရီအတွင်းမှာရေခိုျး၊ အဝတ်အစားလဲကာ ညစာစားအမီသွားဖို့ ပြင်ရသည်။ ထိုညစာမစားမီ အတောအတွင်းတွင် ကျွန်မမှာ ပုဂံက မိတ်ဆွေအိမ်များသို့ ပြေးရပြန်သည်။ ကျွန်မ မေမေက ထည့်ပေးလိုက်သော မိတ်ဆွေအခို့ျ၏ လိပ်စာများ လက်ထဲကိုင်ကာ မြင်းလှည်းငှားရသည်။ တက္ကစီလည်းမရှာတတ်။ ကျွန်မသူငယ်ချင်း တစ်ယောက်ကို အတင်းချောဆွဲကာ ကျွန်မနှင့် အဖော်လိုက်ခိုင်းပါရသည်။ ကိုယ်မသိသောအရပ်ဒေသမို့ တစ်ယောက်တည်းလည်း လျှောက်မသွားရဲပါ။ မိတ်ဆွေများအိမ်တွင် ဖင်ပူအောင်ပင် မထိုင်နိုင်ပါ။ ညစာအမီဟိုတယ်သို့ အရောက်ပြန်ပြေးရပါသည်။ ပုဂံရောက်တုန်းရောက်ခိုက် ထိုခင်မင်လှသော မိတ်ဆွေများက သူတို့ဆီမရောက်ခဲ့လျှင် မကျေနပ်ကြမှာသေချာသည်။ ရောက်တယ်ဆိုရုံလေးတော့ ဝင်ခဲ့ရပါသည်။ ဟိုတယ်သို့ ပြန်ရောက်ပြီ ညစာစားပွဲသို့ အူယားဖားယား ထိုင်ချိန် မှာ လူလည်း တော်တော်ဟောဟဲဆိုက်နေပြီ ဖြစ်သည်။ ညတွင် ဗူးဘုရားသို့ ဖူးဖြစ်ကြသည်။ ဟိုတယ်ညမိုးခုျပ်ပြန်ရောက်တော့ မောမောနှင့် အိပ်ပျော်သွားပါသည်။ မနက်ကျတော့ စောစောထကာ ကားဆရာခေါ်ရာ ပုဂံဘုရားများအပြင် မတက်မဖြစ် ပုပ္ပားတောင်တက်၊ မြစေတီ၊ အပယ်ရတနာ၊ မနုဟာ၊ ဂူပြောက်ကြီး၊ လောကနန္ဒာ၊ မင်္ဂလာစေတီ၊ ဂေါတော့ပလ္လင်၊ မီးမလောင်ကျောင်း၊ ဆုတောင်းပြည့်၊ နတ်လှောင် ကျောင်း၊ ဘုရားသုံးဆူ၊ လေးမျက်နှာနှင့် ယွန်းတန်းရပ်များကို ဆက်တိုက်ပင် ဖူးမျှော်ကန်တော့ကာ ညနေပြန်ထွက်တော့မည့် ကားပေါ်သို့ အမောတကော တက်ကြရပါတော့သည်။ ကျွန်မရောက်ခဲ့သည့် ဘုရားများအမည်၊ ဝယ်ခဲ့သည့် ပစ္စည်းအမှတ်တရများ၊ ရိုက်ခဲ့သည့် ဓာတ်ပုံ များကို တစ်လမ်းလုံး မနားတမ်းပင် စာရင်းပြုစုခဲ့ရပါသည်။ ရန်ကုန်ပြန်ရတော့မည့် ကားပေါ်တွင် မျက်စိစုံမှိတ်ကာ ဖူးခဲ့ရသော ဘုရားများ ကို ပြန်လည်မြင်ယောင် နှုတ်ဆက်ခဲ့ရပါသည်။
ဘုရားတစ်ဆူရောက်တိုင်း အာရုံပြု ကန်တော့နေခဲ့စဉ် ခေါင်းထဲမှာ အစီအရီဝင်လာတာတွေက ဘုရားစောင်းတန်းမှာ မြင်ခဲ့ရသည့် ယွန်းထည်လေးတွေ၊ အလှအပတွေ၊ အလှူခံဌာနမှာ လှူချင်သေးသည့် အလှူငွေတွေ၊ ဘုရားရေ သပ္ပာယ်ချင်သေးတာတွေ၊ ဘုရားမီးပူဇော်ချင် တာတွေ အလှူငွေပုံးထဲထည့်ဖို့ အိမ်က ထည့်ပေးလိုက်သည့် ငွေစက္ကူအေြွကတွေ... ဒါ့အပြင် အချိန်မီ ပြန်တက်ရမည့်ကားပေါ်... အာရုံတွေက တော်တော်များပြားလှချေသည်။ ဘုရားကိုဖူးတော့ဖူးရပါရဲ့။ ကန်တော့လည်း ကန်တော့ ရပါရဲ့။ တစ်ခုခုတော့ လိုနေသလိုလို။
အပြန်ကားပေါ်မှာ တစ်ညတာ ကုန်လွန်ပြီး အလူးလူး အလိမ့်လိမ့်နှင့် လိုက်ပါလာကာ အိမ်ပြန်ရောက်ချိန်မှာတော့ တစ်ကိုယ်လုံးကိုင် ရိုက်ထားသည့်နှယ် နာကျင်ကိုက်ခဲကာ အနားယူအိပ်စက်ရပါတော့သည်။ ကျွန်မသည် ထိုသို့သောခရီးစဉ်မိုျးကို မန္တလေး၊ စစ်ကိုင်း၊ ပြည်၊ ပဲခူး၊ ပုဂံ၊ ပြင်ဦးလွင်၊ ကိုျက်ထီးရိုး၊ သာမညဒေသများဆီသို့ သွားခဲ့ဖူးပါသည်။ မန္တလေးတောင်၊ စစ်ကိုင်းတောင်များကိုလည်း တစ်ရက် တည်းနှင့်ပင် ကားဖြင့် အတက်အဆင်းဖူးခဲ့ရပါသည်။
သိပ်မကြာသေးခင်ကပင် ဦးလေး၊ အဒေါ်၊ မောင်၊ ညီမများနှင့် စုပေါင်းကာ ခရီးသွားကားဖြင့် မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်ဘက် သို့ ရောက်ခဲ့ရပါသေးသည်။ ကိုယ့်မိသားစုတစ်စုတည်းဆိုသော်လည်း တခြားသူစိမ်းများဖြင့် လိုက်ပါရသည်မို့ အတွေ့အကြုံသစ်တစ်ခုကို ရလိုက်ရသကဲ့သို့ ဖြစ်သည်။ အလွန် အေးခဲလှသည့် အဲယားကွန်းဒဏ်၊ ခြေထောက်မှ ဦးခေါင်းတိုင် ရေခဲ ခဲသကဲ့သို့ အေးစက်တောင့်တင်း နေရသည့်အချိန်၊ တစ်နာရီ၊ နှစ်နာရီခြား မှတ်ပုံတင်စစ်မည် ဆို၍ကားပေါ်မှ ဆင်းလိုက်ရသည့် အတွေ့အကြုံ၊ အအေးဒဏ်ကြောင့်လား၊ မွန်းကျပ်မှုကြောင့်လားမသိ၊ ခရီးသည်များအော့အန်ကြသည်။ ကိုယ်ကိုယ်တိုင်လည်း ကားပေါ်က ဆင်းတိုင်း ရင်ထဲမှာ မရှင်းသမျှအန်။ ကိုယ်ပိုင် ငှားသော ကားမဟုတ်သဖြင့် ခြေထောက်လည်း ဆန့်လို့မရ။ တစ်ကိုယ်လုံးတွန့်လိမ်ကာ နံဘေးက အဒေါ်၊ ညီမများကိုပင် အားမနာ နိုင်၊ တိုးမှီကာ အိပ်ဖို့ ကြိုးစားခဲ့ရပါသည်။
မန္တလေးရောက်တော့ ခေါင်းတစ်ခုလုံး အင်္ဂတေကိုင်ထားသည့်နှယ် တောင့်တင်းခဲနေလျက်နှင့် အစီအစဉ်များအတိုင်း လှုပ်ရှားရပါ သည်။ ဖေဖေနှင့် မေမေ မန္တလေးသွားတုန်းက လေယာဉ်ဖြင့်သွားခဲ့ကြသော်လည်း ဖေဖေသည် မောပန်း၍ဟုဆိုကာ တစ်နေ့လုံး ဟိုတယ်မှာ အိပ်နေသည်ဟု မေမေက ပြန်ပြောပြဖူးပါသည်။ လိုက်ပို့ချင်သူများက ဖေဖေ အိပ်ရာက နိုးသည်အထိ စောင့်နေခဲ့ရပါသည်။ ယခုတော့ ကျွန်မမှာ သည်လိုမိုျး စိတ်ကူးကို အိမ်ရောက်မှသာ အတိုးချအိပ်ဖို့ စဉ်းစားထားပေတော့။ ကိုယ်သာ အိပ်ပြီးကျန်နေရင် ဘယ်မှမရောက်ဘဲ ရန်ကုန်ပြန်သွားဖို့ သာ ပြင်ထားပေတော့။ ကျွန်မသည် ထိုခရီးစဉ်တစ်လျှောက်တွင် ပါရာစီတမောကို မနက်တစ်လုံး၊ ညတစ်လုံးသောက်ကာ အများနှင့်ရင်ဘောင်တန်း လျှောက်လည်လို့ရအောင် ပြင်ဆင်ထားရပါသည်။ မအန်သည့်ဆေးကိုလည်း သောက်ပါသည်။ အိမ်ရောက်မှ ဖြစ်ချင် တာဖြစ်။ ယခုတော့ ခံနိုင်ရည်ရှိစွာ နေရမည်ပေါ့။
ထိုဘုရားဖူးခရီး၏ စစ်ကိုင်းဆွမ်းဦးပုညရှင်ဘုရားသို့ ရောက်ခဲ့စဉ်ကျွန်မ၏ အတွေးများသည် လွန်ခဲ့သော နှစ် ၂ဝ ကျော်ခန့်က ကျွန်မ ၏ အဘိုး၊ အဘွားများနှင့်အတူ သွားဖူးရောက်ဖူးခဲ့သည့် အဖြစ်အပျက်များကို သတိရမိသွားပါသည်။ ထိုနေ့က မနက်အရုဏ်တက်အမီ အစော ကြီးထကာ ဆွမ်းဦးပုညရှင်ဘုရားဆီ အရောက်သွားခဲ့ပုံ၊ ဘုရားရှေ့အကြာကြီး ရှိခိုးကန်တော့ကာ ဘုရားပန်းများ ပူဇော်ကပ်လှူပုံ၊ သောက် တော်ရေချမ်းကပ်ပုံ၊ မနက်ပိုင်းဘုရားမှာ အချိန်ကုန်လျက် နေ့လယ်ထမင်းစားချိန်မှာမှ တည်းခိုသော အိမ်သို့ ပြန်ခဲ့ပုံတွေ အစီအရီပေါ်လာပါ သည်။ ပြီးတော့ မနက်အစောကြီးထရသောကြောင့်ဟု ဆိုကာ တစ်နေ့လုံးအနားယူအိပ်စက်ကြကာ ညနေစောင်းမှ လမ်းလျှောက်ထွက်၊ ဈေး လျှောက်ကြည့်ကြရပါသည်။ နောက်တစ်နေ့ မနက်တွင် ဘဘကြီးက ကျွန်မတို့ မောင်နှစ်မနှစ်ယောက်ကို ခေါ်ကာ စစ်ကိုင်းတောင်ရိုးတက် ခိုင်းပါသည်။ လှေကားထစ်များကို ရေတွက်ကြ၊ အခိုျးတစ်ခုရောက်တိုင်းထိုင်နားကာ အမောဖြေကြ။ ဘဘကြီးပါလာသည့် မုန့်များစားကြ၊ ရေသောက်ကြ၊ စကားတွေပြောလိုက်ကြ။ တောင်ရိုးတစ်လျှောက်ကနေ စစ်ကိုင်းရိုးမကြီးကို လှမ်းမျှော်ကြည့်ကာ အဲဒီလှေကားစောင်းတန်းတွေ က ကိုယ်တို့ အခုတက်လာတာတွေပေါ့ဟု ြွကားလုံးထုတ်ကြ၊ မတက်ရသေးသည့် လှေကားစောင်းတန်းတွေကို လက်ညှိုးထိုးကာ အော်ဟစ်ခဲ့ ကြ။ တကယ့်ကိုလွမ်းစရာ။ အဲဒီတစ်နေ့လုံး စစ်ကိုင်းတောင်တက်တာနှင့် အချိန်ကုန်လွန်ခဲ့ကြ။ နောက်တစ်နေ့မှာ မန္တလေးဘက်ကူး။ မန္တလေး တောင်ကိုလည်း ထိုနည်းလည်းကောင်းတက်ကြ။ တောင်ပေါ်ရောက်တော့ ေြွမကြီးနှစ်ကောင်ကို သွားကြည့်။ ပါတာတွေ တောင်ပေါ်မှာ ထုတ်စားကြ။ တကယ့်ကို ပျော်စရာ အမှတ်ရစရာ။ ဟော... အခုတော့ ဟိုးတုန်းက တစ်ပတ်လောက်အချိန်ဖြုန်းကာ မန္တလေးတောင်၊ စစ်ကိုင်း တောင်များကို တက်ခဲ့တာတွေကို အခုတော့ နာရီပိုင်းအတွင်းရောက်ခဲ့ရ။ ရှိခိုးကန်တော့ခဲ့ရ။ မျက်စိတစ်မှိတ်အတွင်းမှာ ဘုရားပေါင်းများစွာ ရောက်ခဲ့၊ ဖူးခဲ့၊ တောင်တွေလည်း ကားနဲ့တက်ခဲ့၊ ရောက်ခဲ့၊ ဖူးခဲ့၊ ဆင်းခဲ့။ အတိတ်က ခြေရာများကို ပြန်လည်တူးဆွကာ စိတ်ကူးလို့လည်း မရတော့ပါ။ ကားလမ်းတစ်လျှောက် ဟိုးဝေးဝေးမှာ လှမ်းမြင်နေရသော လှေကားစောင်းတန်းများကို ကြည့်ပြီး အခုလိုတော့ ပြန်တွေးခွင့်လိုက် သည်ပေါ့။
ဘဘကြီး မေမေကြီးတို့သာ သက်ရှိ ထင်ရှားရှိနေပါသေးလျှင် ကျွန်မတို့သွားခဲ့သော ဘုရားဖူးခရီးစဉ်များကို ကြားပြီး ဘာပြောကြမည် လည်း မသိပါ။ ဘဘကြီး မေမေကြီးတို့နှင့် တစ်ပတ်၊ တစ်လကြာ ဘုရားတွေသွားဖူးခဲ့ကြ၊ လျှောက်လည်ခဲ့ကြဖူးတာတွေက ယခုခေတ်မှ history(သမိုင်းတစ်ခု) ဖြင့် ကျန်ခဲ့ပြီလား။ ဘဘကြီးက ကျွန်မကို 'အခုလို သွားရတာ ဘယ်လိုနေလဲ' ဟုမေးလျှင် 'ပျော်ပါတယ်။ အကယ်၍များ နှစ်ရက် သုံးရက်မဟုတ်ဘဲ နှစ်ပတ် သုံးပတ်လောက်များ သွားရရင် ငြီးငွေ့ပြီး ပျင်းတောင်ပျင်းသွားမလား မသိဆိုလျှင် စိတ်မ ကောင်းဖြစ်သွားမလား။ အဲဒီလို မဖြေဘဲ 'ဘဘကြီးရယ်... အဲဒါခေတ်ရဲ့ အလိုတော်အတိုင်းပါပဲ'ဟု ခေတ်ကိုပင် ပုံချကာ လူတတ်ကြီးလုပ် ပြီး ဖြေလိုက်တာပဲ ကောင်းမည်ထင်ပါသည်။
(အမှတ် ၂၂၅၊ အတွေးအမြင်)
No comments:
Post a Comment