Friday, January 2, 2015

ေသောမတ်ဟာဒီ၏ စိတ်ကူးနယ်မြေ ဂျူနီယာ၀င်း



သောမတ်ဟာဒီ၏ စိတ်ကူးနယ်မြေ



ဂျူနီယာ၀င်း



(အမှတ် ၂၂ဝ၊ အတွေးအမြင်)


စာရေးဆရာကြီး သောမတ်ဟာဒီ (၁၈၄ဝ-၁၉၂၈) သည် သူရေးသားခဲ့သော လုံးချင်းဝတ္ထုများစွာတွင် သူ ဖန်တီးခဲ့သော နေရာဒေသ များစွာသည် စာဖတ်သူများကို ဆွဲဆောင်ခဲ့လေသည်။ ''ဟာဒီ''၏ ဝတ္ထုတွေကိုဖတ်ပြီး စိတ်ကူးတွင် ပုံဖော်ကြည့်ကာ ရင်းနှီးနေခဲ့ရသည်။ ''ဟာဒီ''ရေးသားခဲ့သော ဝတ္ထုများ၊ ကဗျာများနှင့် ဝတ္ထုတို့များတွင် ပါဝင်သော မြေနေရာဒေသ၊ လူများနှင့် ''ဟာဒီ''ကလေးဘဝရင်းနှီးခဲ့ရ သော အရပ်များသည် သူကိုယ်တိုင် ဖြတ်ကျော်ခဲ့ရသော ပတ်ဝန်းကျင်များ ဖြစ်နေတော့သည်။ အထူးသဖြင့် Wessex (ဝက်ဆက်စ်) ဒေသ သည် ရှေးဟောင်းအသုံးတစ်ခုဖြစ်ကာ ရာစုခေတ်လယ်လောက်က အနောက်ဆက်ဆွန်လူမိုျးများအုပ်ခုျပ်ခဲ့သော ဗြိတိသျှအနောက်တောင်ပိုင်း ဒေသဖြစ်သည်။ သောမတ်ဟာဒီ၏ စာဖတ်ပရိသတ်ဖြစ်လျှင် Wessex ဟူသော စကားလုံးသည် အလွန်တစ်ရာမှ ရင်းနှီးနေမည့်အသုံးတစ်ခု ဖြစ်နေပေလိမ့်မည်။ သို့ရာတွင် ထိုနေရာဒေသသည် ၁၉ ရာစု အကုန်ပိုင်းကာလ ''ဟာဒီ'' ပြန်လည်ထုတ်ဖော်ရေးသားခဲ့ချိန်ထိ မတည်မြဲခဲ့ဘဲ ပျောက်ကွယ်ခဲ့ပြီဖြစ်ပါသည်။ ဤအရပ်ကို ''ဟာဒီ''က ရင်းနှီးကျွမ်းဝင်စွာဖြင့် နောက်ခံကားချပ်သဖွယ် သူ့ဝတ္ထုကြီးတွေမှာ ရေးသားခဲ့လေ သည်။


''ဟာဒီ''သည် သူငယ်စဉ်တုန်းက ကောင်းကောင်းသိကျွမ်းခဲ့ရသော ထို Wessex ဒေသကို မြေပုံဆွဲ၍ ပြန်လည်ပုံဖော်ခဲ့လေသည်။ ယင်းသည် သူစာစရေးသော အချိန်မှာ ဖြစ်ပေါ်လာခဲ့သော သူ့စိတ်ကူးကားချပ်ဖြစ်တော့သည်။ သူကလေးဘဝတုန်းက သူ သေချာသိခဲ့သော မြေ၊ အဲသည်တုန်းက နေထိုင်ခဲ့တဲ့ သူတွေ၊ ဤကား သူ့အလုပ်အတွက် အခြေခံကျသည့် အချက်တွေ ဖြစ်လာသည်။ သူ၏ စတုတ္ထမြောက်လုံး ချင်း Far from the madding crowd ကို ရေးသားနေသည့် အချိန်တိုင်အောင် ''ဟာဒီ'' သည် ရှေးအမည် Wessex ကိုသာ သုံးစွဲခဲ့ ကာ အတိတ်က မှတ်တမ်းများကိုသာ ပုံဖော်ရေးသားခဲ့လေသည်။


''ဝက်ဆက်စ်နယ်က Nijnii Novgorod ဟာ စိမ်းစိုတဲ့တောင်ကုန်းလေးပါပဲ။ ပြီးတော့ အလုပ်တွေအများဆုံးဒေသတစ်ခုပေါ့။ အဲသည်မှာ ထင်ရှားလှတဲ့ ပွဲတစ်ခုကတော့ သိုးပြိုင်ပွဲကျင်းပတဲ့နေ့ ဖြစ်ပါတယ်''


(Nijuii Novgorod သည် ရုရှနိုင်ငံ အလယ်ပိုင်းရှိ မြို့တစ်မြို့ဖြစ်ကာ နှစ်စဉ် နွေရာသီပျော်ပွဲရွှင်ပွဲ ကျင်းပရာဒေသတစ်ခု ဖြစ်သည်)


Wessex (ဝက်ဆက်စ်) ဒေသဟူသော စိတ်ကူး သို့မဟုတ် ''ဟာဒီ'' ၏စိတ်ကူးနယ်မြေကို ''တစ်ဝက်မှန်၊ တစ်ဝက် စိတ်ကူးတိုင်း ပြည်'' ဟု ဆိုရပါလိမ့်မည်။ စာရေးဆရာ၏ ဦးနှောက်ထဲမှာ တစ်လျှောက်လုံး စွဲမြဲကာ အမြစ်တွယ်နေသော နေရာတစ်ခုပင် ဖြစ်နေတော့ သည်။ Dorset မှာ ရှိသော Wessex ဒေသကို အခြေခံ၍ စိတ်ကူးဖြင့် ပုံဖော်ခဲ့သည်ဟု ဆိုနိုင်သော်လည်း ထိုအရာအားလုံးကို တကယ့် သက်ရှိ သက်ဝင် လှုပ်ရှားခဲ့သကဲ့သို့ ဆွဲယူနိုင်စွမ်းရှိပေသည်။ အရပ်ဒေသအမည်များကို သူ့အရည်အသွေးအလိုက် ပြောင်းလဲသုံးစွဲခဲ့သေးသည်။ ဥပမာ ''ဟာဒီ'' မွေးရပ်မြေ Dorchester ကို Casterbridgeဟု ပြောင်းလဲခဲ့ကာ The Mayor of Casterbridge လုံးချင်းဝတ္ထုကြီး ရေးသားခဲ့သည်။ The distracted preacher အမည်ရှိ ဝတ္ထုတိုလေးတစ်ပုဒ်ကို အခြေခံထားသော ဒေသ Ludworthကို Lulwind Cove အဖြစ် ပုံဖော်ခဲ့ကာ ယင်းသည် ယခုအခါ တရားမဝင် ဘရမ်ဒီရောင်းဝယ်ဖောက်ကားရာ နေရာတစ်ခု ဖြစ်လေသည်။


၁၈၉ဝ အစောပိုင်းကာလများတွင် ''ဟာဒီ'' ၏ ထုတ်ဝေသူ Osgood Mc Ilvaind က ''ဟာဒီ''၏ ဝတ္ထုများအားလုံးကို စုပေါင်း ထုတ်ဝေဖို့ ကမ်းလှမ်းခဲ့သည်။ ထိုစဉ်က ထုတ်ခဲ့သောစာအုပ်ကို ‘The Wessex Novels’ (ဝက်ဆက်စ်လုံးချင်းပေါင်းခုျပ်) ဟု အမည်ပေးခဲ့ သည်။ ထိုအချိန်မှ အစပြု၍ Wessex ဟူသော စကားလုံးသည် ''ဟာဒီ'' ၏ စိတ်ကူးထဲရောက်လာကာ အမြစ်တွယ်ခဲ့ပုံရပါသည်။ ထို့နောက် ''ဟာဒီ'' သည် သူ၏လုံးချင်းများကို ပြန်လည်စိစစ်ကာ သူရေးသားခဲ့သော အမည်ဒေသများကို ပြောင်းလဲပစ်ခဲ့လေသည်။ ထိုဒေသအလိုက် ရှိနေသောအမည်များဖြင့် ကိုက်ညီအောင်၊ လက်ခံနိုင်လောက်သော အမည်များကို ပြင်ဆင်ခဲ့လေသည်။ ၁၉၁၂ တွင် ဝက်ဆက်စ်ဒေသ တည်းဖြတ်ထားသော ဝတ္ထုများဟူ၍ Wessex Editionအပိုင်းသုံးပိုင်း ထွက်လာသည်။


''ဟာဒီ'' သည် သူ၏ လုံးချင်းဝတ္ထုများတွင် ပျောက်ကွယ်သွားပြီဖြစ်သော ကျေးလက်တောရွာ ဓလေ့စရိုက်ဘဝများကို ဖော်ထုတ် ရေးသားထားသည်။ ခေတ်မီသောကမ္ဘာကြီးတွင် တိုးတက်ပြောင်းလဲလာမှုများသည် ထိုဘဝဓလေ့များကို ခြိမ်းခြောက်လျက်ရှိနေခြင်းကို ''ဟာဒီ''က သဘောပေါက်ထားလေသည်။ တဖြည်းဖြည်းနှင့် တောရွာဓလေ့များကို ခေတ်မီဆန်းသစ်မှုများက တိုက်စားဝါးမိုျလျက်ရှိနေခြင်း အဖြစ်ကို ''ဟာဒီ''က ခံစားနားလည်နေလေသည်။ ''ဟာဒီ'' သည် သူ၏ စိတ်ကူးထဲက Wessex ကမ္ဘာထဲတွင် နေထိုင်လျက်ရှိသော လူများ၊ အဖြစ်အပျက်များကို တကယ်အဖြစ်သနစ်များ၊ ယဉ်ကျေးမှုများ၊ တောရွာဓလေ့များအဖြစ် မှတ်တမ်းတင်လျက် သူငယ်စဉ်က မြင်တွေ့ ခဲ့ရသော ဘဝကို ပုံဖော်ကာ သူ့ဝတ္ထုကြီးများတွင် ထည့်သွင်းရေးသားခဲ့လေသည်။ ၁၉၁၂ ထုတ် Wessex Edition တွင် ရေးသားခဲ့သော သူ၏ နိဒါန်းတွင် ထိုအမှတ်တရများကို တွေ့ရမည် ဖြစ်လေသည်။


''ဝက်ဆက်စ်ဒေသက အဖြစ်အပျက်တွေက ဟိုးရှေးရှေးက နေ့စွဲများကို ဖော်ပြနေလေသည်။ နေထိုင်ခဲ့ကြသူတွေက သူ့နည်းသူဟန်နဲ့ ပေါ့။ အလုပ်တွေစုံအောင် လုပ်ကိုင်ကြ၊ ဒီလိုယဉ်ကျေးမှုဓလေ့တွေကို အသက်ဝင်အောင် လုပ်ကြ၊ သူတို့ရဲ့ဘဝစာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက်လှန်ရင်းနှင့် ဖြတ်သန်းကြ။ အဲသည့်စာမျက်နှာတွေကို ကျွန်တော်ဟာ ကျွန်တော့်ရဲ့စိတ် ကျေနပ်မှုအတွက် ပျောက်ကွယ်သွားတဲ့ ဘဝ တွေကို မှတ်တမ်းတင်ပြန်လည် တူးဖော်ရင်း''


''ဟာဒီ'' မွေးဖွားသည့် အချိန်တွင် Dorset သည် မြို့နှင့် အလှမ်းကွာဝေးသော အစိတ်အပိုင်းတစ်ခုဖြစ်လို့ နေသည်။ ၁၈၄ဝ တိုင် အောင် ဘာရထားသံလမ်းလည်း မရှိ။ ဆက်သွယ်ရေးကလည်း ခက်ခဲကာ လယ်မြေများပေါ်မှာ အထူးမှီခိုရှင်သန်နေခဲ့ရသော ကာလဖြစ်သည်။ ချမ်းသာသော လူကုံတံများက Dorset မှာ နေထိုင်လျက်ရှိခဲ့ကြသော်လည်း လယ်သမားများ၊ အလုပ်ကြမ်းသမားများ၊ ကုန်သည် လူတန်းစား များမှာ ကောက်ရိတ်သိမ်းကာလမှာ ဆုံးရှုံးခဲ့လျှင်ဖြစ်ဖြစ်၊ သူတို့၏ မြေပိုင်ရှင်များက သူတို့ကို မောင်းထုတ်လျှင်ဖြစ်ဖြစ် ထိုဒဏ်များကို အတော်လေး ခံခဲ့ကြရလေသည်။ ၁၉ ရာစုမှာ စက်မှုတော်လှန်ရေးကို စတင်မိတ်ဆက်လိုက်ခြင်းဖြင့် ထုတ်လုပ်မှုစွမ်းအားများ တိုးတက်လာ သည်ဟု ဆိုနိုင်သော်လည်း အလုပ်သမားများအတွက် ပိုမိုသက်သာချောမွေ့သော ဘဝကိုတော့ ပိုင်ဆိုင်လာနိုင်ခဲ့ခြင်း မရှိခဲ့ပါချေ။ ''ဟာဒီ'' ရေးသားခဲ့သော Tess of the d’Urbervilles တွင် စက်ပစ္စည်းများ ဝင်လာမှုကို အခုလို ဖော်ညွှန်းထားသည်။


''ဆိုးဝါးရက်စက်တဲ့အာဏာရှင်... သူတို့လေးတွေ (အလုပ်သမားများကို ဆိုလိုသည်) ရဲ့ ြွကက်သားတွေ၊ သွေးကြောတွေရဲ့ ခံနိုင်ရည် တွေပေါ်မှာ ထပ်မံနှိပ်စက် ညှဉ်းပန်းဖို့ ရောက်လာပြီ''


''ဟာဒီ'' ၏ ရှေးဖွဲ့မှုများတွင် အထင်ရှားဆုံး၊ အပေါ်လွင်ဆုံးမြင်ကွင်းများမှာ တောရွာဓလေ့ ကျင်းပကြသော မင်္ဂလာပွဲ၊ အလုပ် သမားနေ့ ကျင်းပခြင်း (မေဒေး) နှင့် ကောက်ရိတ်သိမ်းပျော်ပွဲရွှင်ပွဲများ ဖြစ်လေသည်။ Fra from the madding crowd အမည်ရှိ သူ၏ လုံးချင်းဝတ္ထုတွင်Gabriel Oak အလုပ်သမားလေးတစ်ဦးတည်းက Bathshebaလယ်ပိုင်ရှင်အမိုျးသမီးလေး၏ ကောက်ရိတ်သိမ်းသီးနှံများ ပျက်စီးမှုမှ ကယ်တင်ဖို့ ကြိုးစားနေချိန်၊ ကြမ်းတမ်းသော မုန်တိုင်းဆင်နေသည့်အခါမှာ ကောက်ရိတ်သိမ်းပွဲနှင့် အကတို့က ကျင်းပနေသည့် ညအခါသမယတို့ တစ်ချိန်တည်းဖြစ်ပေါ်နေမှု ရေးသားချက်များ ဖြစ်လေသည်။ ''ဟာဒီ''၏ နာမည်ကျော် Tess of the d’Urbervilles ဝတ္ထုထဲတွင် ဆင်းရဲသူမိန်းကလေး Tess ၏ မေဒေးကချေသည်များနှင့် ဝင်ရောက်ကပြမှု၊ အဖြူရောင်ဝတ်စုံ၊ ညာဘက်လက်မှာ ဝါးတံရှည် ကလေးကိုင်ကာ လက်ဝဲဘက်မှာ အဖြူရောင် ပန်းစည်းလေးကိုင်ထားသည့် ဟန်ပန်ပုံသဏ္ဌာန်ရေးဖွဲ့မှုများ ပါဝင်လေသည်။


Dorset ရှိ အလုပ်သမားများအတွက် နှစ်စဉ်ကျင်းပကြသော ရာသီအလိုက် ပျော်ပွဲရွှင်ပွဲများကို ဖြတ်သန်းကုန်လွန်ရခြင်းသည် မည်မျှ အရေးပါလှကြောင်းကို ''ဟာဒီ''၏ ရေးသားချက်များတွင် တွေ့ကြရသည်။ လယ်သမားများက နောက်နှစ်မှာ လုပ်ရမည့် အလုပ်များအတွက် ထိုပွဲတော်များမှာ အလုပ်ရှာဖွေကြပုံများ၊ အလုပ်ရှင်များ သွားလာကြသည့် လမ်းနံဘေးမှာ တန်းစီရပ်ကာ အမိုျးသား၊ အမိုျးသမီးများက အလုပ်အတွက် မျှော်လင့်နေကြပုံများ ပါဝင်လေသည်။ Far form the madding crowdဝတ္ထုကြီးတွင် အလုပ်ကြမ်းသမားများ ဝတ်ဆင်ရ သည့် ဝတ်စုံနှင့်ဟန်ပန်များကို အခုလို ရေးသားထားသည်ကို တွေ့ရပါသည်။


''ကောက်ရိုးနဲ့ ယက်ထားတဲ့ဝတ်ရုံတစ်ပိုင်းတစ်စကို ဝတ်ဆင်သူတွေ၊ သိုးကျောင်းသားလေးတွေက သိုးကျောင်းသားတုတ်ကလေးတွေ ကိုင်လို့''


''ဟာဒီ'' ထုတ်ဖော်ရေးသားခဲ့သော တောသဘာဝ အဖွဲ့အနွဲ့တွေထဲတွင် ခရစ်ယာန်ဝတ်ရွတ်အသင်းအကြောင်းသည် တစ်ခုအပါအဝင် ဖြစ်သည်။ ဝတ်ရွတ်အသင်းထဲတွင် အဆိုရှင်များသာမက တစ်ခါတစ်ရံပုလွေ၊ မယ်ဒလင်တို့ကဲ့သို့ ဂီတတူရိယာ ပညာရှင်များလည်း ပါဝင်လေ သည်။ ''ဟာဒီ''၏ ဖခင်နှင့်အဘိုးတို့သည်Slinsford ခရစ်ယာန် ဘုရားကျောင်းဝတ်အဖွဲ့ထဲက အဖွဲ့ဝင်များ ဖြစ်လေသည်။ သူ ရေးသားခဲ့ သော ကဗျာများတွင် ''ဝတ်ရွတ်အသင်းခေါင်းဆောင်'' ''သေဆုံးသွားတဲ့ဝတ်အသင်း'' ဟူသော ကဗျာများသည် ထိုအသင်းအဖွဲ့ကို အမှတ် တရ ရေးဖွဲ့သော ကဗျာများစွာထဲက ဖြစ်လေသည်။ ''ဟာဒီ'' ၏ Under the Greenwood Tree(၁၈၇၂) ဝတ္ထုတွင် ထိုဝတ်ရွတ်အသင်း တစ်သင်း ၄င်းတို့၏ ဂီတတူရိယာများဖြင့် လှည့်လည်သီဆိုကြပုံ၊ ထိုဝတ်ရွတ်မိသားစုဝင် ကောင်ကလေးတစ်ယောက်၏ လွမ်းမောဖွယ် အချစ် ဇာတ်လမ်းများ ပါဝင်လေသည်။


''ဟာဒီ'' ရေးဖွဲ့သော ဝတ္ထုများစွာသည် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များအဖြစ် ရိုက်ကူးခဲ့ကြကာ ''ဟာဒီ'' ရေးခြယ် ထားသော ပတ်ဝန်းကျင်များအတိုင်း ပုံဖော်ခဲ့ကြပါသည်။ ''ဟာဒီ''၏ စာဖတ်ပရိသတ်များ၊ ''ဟာဒီ'' ရေးသားခဲ့သော ဇာတ်လမ်းရုပ်ရှင် များ အောင်မြင်နေသ၍ ဟိုးအတိတ်ကာလက ရှိခဲ့သည့် ပုံရိပ်များက အမှတ်တရများကို ဒီခေတ်က လူတွေ တန်ဖိုးထားဆဲ၊ လွမ်းနေဆဲပါပဲဟု ဘယ်သူငြင်းနိုင်ပါမည်လဲ။




No comments: