Sunday, January 4, 2015

ဂါလီလီယို နှစ် ၄ဝဝ ပြည့်- ၂ဝဝ၉ ဂျူနီယာ၀င်း



ဂါလီလီယို နှစ် ၄ဝဝ ပြည့်- ၂ဝဝ၉
ဂျူနီယာ၀င်း


အမှတ် ၂ဝ၈၊ ၂ဝဝ၉၊ ဇူလိုင်လ)


၂ဝဝ၉ ခုနှစ်သည် ဂါလီလီယို နှစ် ဖြစ်သည်။ ဂါလီလီယို (သို့မဟုတ်) Galileo Galilei ဂါလီလီယို ဂါလီလီ (၁၅၆၄-၁၆၄၂) သည် ဖလောင်ရင့်မြို့သား၊ နက္ခတ်ဗေဒပညာရှင်တစ်ဦးဖြစ်ကာ တယ်လီစကုပ်ကို တီထွင်ခဲ့သူအဖြစ် လူအများက သတ်မှတ်ခြင်းခံရသူ ဖြစ်သည်။ လွန်ခဲ့သော နှစ် ၄ဝဝ၊ ၁၆ဝ၉ ခုနှစ်တွင် ဂါလီလီယိုသည် ပါဒူးဝါး (Padua) တက္ကသိုလ်တွင် အလုပ်လုပ်နေစဉ် သူတီထွင်သော အဝေးကြည့်မှန်ပြောင်း (ခေါ်) တယ်လီစကုပ် (Telescope) ကို ကောင်းကင်သို့ ထောင်ကြည့်လိုက်သည်။ ထိုအခါ သူသည် ကြာသပတေး ဂြိုဟ် (Jupiter) ဘေးမှ လများ၊ လပေါ်ရှိ တောင်များ၊ နေပေါ်ရှိ အပြောက်များနှင့် သောကြာဂြိုဟ် (Venus) ၏ လည်ပတ်ပုံ ထူးခြားမှုများ ကို တွေ့ရှိခဲ့သည်။ ထိုကဲ့သို့ အမှတ်တရနှင့် ၁၆ဝ၉ ခုနှစ်ကို ဂုဏ်ပြုဖို့ ယခုနှစ် ၂ဝဝ၉ ကို ဂါလီလီယိုနှစ် သို့မဟုတ် တယ်လီစကုပ် နှစ် ၄ဝဝ ပြည့်ဟု သတ်မှတ်ကာ အခမ်းအနားများ ကျင်းပနေကြခြင်းဖြစ်သည်။ သို့သော် ဂါလီလီယို၏ ဘဝ ပုံရိပ်နှင့် သူဖြတ်သန်းခဲ့ရသည့် လမ်းကားပို၍ အောက်မေ့ဖွယ်ရာ ဖြစ်နေပါသည်။


တယ်လီစကုပ်ဟူသည်မှာ မှန်ဘီလူးများ သို့မဟုတ် ရိုးရိုးမှန်များ သို့မဟုတ် နှစ်မိုျးစလုံးပေါင်းစပ်ကာ အဝေးမှ အရာဝတ္ထုများကို ကြည့်ဖို့ရန်အတွက် ပြုလုပ်ထားသော ကိရိယာဖြစ်သည်။ ထိုအကြံညဏ်ကို Roger Bacon က ၁၂၉၄ ခုနှစ်တွင် လည်းကောင်း၊ Leonard Digges က ၁၅ရဝ ခုနှစ်တွင်လည်းကောင်း မှန်ဘီလူးနှင့် ပတ်သက်သော နိယာမများဖြင့် စဉ်းစားခဲ့ကြဖူးသည်ဟူသော ပြောဆိုချက်များ ရှိခဲ့သော်လည်း သက်သေသာဓက အတိအကျ မပြနိုင်ခဲ့ပါ။ ထို့ပြင် ၁၆ဝ၈ ခုနှစ် အောက်တိုဘာလတုန်းက ဟော်လန်ရှိ Middleway အရပ်ဒေသတွင် နေထိုင်သူ မျက်မှန်လုပ်သူ John Lipperphy (Lippershey) မှလည်း ထိုအကြံညဏ် ဥပဒေသများသုံး၍ တီထွင်မှုများ ပြုလုပ်ခဲ့ဖူးသည့် ကြေညာချက်များ ရှိခဲ့ဖူးသည်။ Middlewayအရပ်မှပင် မျက်မှန်လုပ်သူများဖြစ်သည့် James Metius, Zacharicy Jansen တို့ကိုလည်း တယ်လီစကုပ်ဖြစ်လာဖို့ စဉ်းစားပေးခဲ့ကြသည့် ဥပဒေသများဖြင့် တီထွင်ဖို့ လမ်းဖွင့်ပေးခဲ့သူများအဖြစ် မှတ်တမ်း တင်ကြရမည် ဖြစ်ပါသည်။


တယ်လီစကုပ် အတိအကျကို ဘယ်သူက တီထွင်ပြုလုပ်ခဲ့သည်ဟု သေသေချာချာ စုံစမ်းထောက်လှမ်းဖို့ မဖြစ်နိုင်သော်လည်း အီတလီ မှ ဂါလီလီယို ဂါလီလီနှင့် ဂျာမဏီမှ ဆိုင်မွန် မာရိယပ် Simon Marius တို့ကို နက္ခတ္တဗေဒ ဆိုင်ရာ လေ့လာမှုအတွက် တယ်လီစကုပ်ကို ပထမဦးဆုံး အသုံးပြုခဲ့ကြသူများအဖြစ် သတ်မှတ်ကြရမည်ဖြစ်ပါသည်။ ဂါလီလီယိုသည် တယ်လီစကုပ်နှင့် ပတ်သက်သော အခြေခံဥပဒေသ များကို ကိုယ်တိုင်ရှာဖွေခဲ့ပြီး ရှေးကရှိခဲ့သော နက္ခတ်ဗေဒဆိုင်ရာ ပညာရပ်များ၏ အကူအညီဖြင့် တယ်လီစကုပ်ကို တီထွင်အသုံးပြုနိုင်ခဲ့သူ ဖြစ်ပါသည်။


ဂါလီလီယို၏ မှတ်တိုင်တစ်ခုအဖြစ် ပီစာမျှော်စင်ပေါ်မှ ၅-ပေါင်အလေးနှင့် ၁-ပေါင်အလေးကို အမြင့်ကနေ လွှတ်ချပြခဲ့ကာ ရှေးက သိပ္ပံပညာရှင် Aristotle (အာရစ္စတိုတယ်) (၃၈၄-၃၂၂ BC)၏ အဆိုတစ်ခုဖြစ်သော ပေါ့တဲ့ အလေးနှင့် လေးတဲ့အလေး ပြိုင်တူပစ်ချရင် လေးတဲ့ အလေးက မြေကြီးကို အရင်ထိမယ်ဟူသော မှားယွင်းသည့်အဆိုကို သက်သေပြခဲ့သည်။ ၅-ပေါင်အလေးနှင့် ၁-ပေါင်အလေးသည် မြေကြီးပေါ်သို့ ပြိုင်တူကျကြောင်းကို ကိုယ်တွေ့မြင်ကြသော ပရိသတ်များသည် အထိတ်တလန့်ဖြစ်ကာ ဂါလီလီယို လှည့်ကွက်တွေ သုံးနေ သည်။ မကောင်းဆိုးဝါးဝင်ပူးနေပြီဟု စွပ်စွဲခဲ့ကြသည်။ ၁၆ ရာစုမတိုင်မီအထိ အာရစ္စတိတယ်၏ မှားယွင်းသော အယူအဆများ၊ အဆိုများကို ကက်သလစ်ဘုန်းတော်ကြီးကျောင်းများကပါ ယုံကြည်ခဲ့ကြသည်။ တက္ကသိုလ်များတွင် သင်ကြားခဲ့သော အာရစ္စတိုတယ်၏ အဆိုများကို အမှားများ ပြင်ဆင်သင်ပေးခဲ့သူ ကျောင်းဆရာကိုပင် ဒဏ်ကြေး ၅ ပဲ ကျခံစေရန် အမိန့်များ ချခဲ့ကြသည်။ ၁၆ ရာစုမှာ မွေးဖွားလာသူ ဂါလီလီယိုကတော့ ''သိပ္ပံပညာရပ်က အဆိုတွေကို သက်သေပြချက်မရှိဘဲ လက်မခံဘူး''ဟု ေြွကးကြော်ခဲ့ပါသည်။


ဂါလီလီယိုသည် ကျန်းမာရေးမကောင်းသည့်ကြားမှာပင် ၁၆၂၄ ခုနှစ်တွင် Dialogues အမည်ရှိ စာအုပ်တစ်အုပ်ကို ၆ နှစ်ကြာ ရေးသားပြုစုခဲ့သည်။ ရောမမြို့တွင် ထုတ်ဝေဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်တော့ ၁၆၃၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဖလောရင့်မြို့၌ Dialogue Concerning the two chief systems of the world, Ptolomey and Copernician (စကြဝဠာဆိုင်ရာ သီအိုရီ ၂ မိုျး၊ သိပ္ပံပညာရှင် ကော်ပါးနီးကပ်၏ အဆိုများကို ဆန့်ကျင်ပြောဆိုသူ Salviatiနှင့် အာရစ္စတိုတယ်၏ အယူအဆကို လက်ခံသူ Simplicioတို့၏ အပြန်အလှန် ပြောဆိုဆွေးနွေးချက်များ) (မှတ်ချက်။ ကော်ပါးနီးကပ်စ်၏ စကြဝဠာအဆိုအများစုကို ဂါလီလီယိုက အာရစ္စတိုတယ် အဆိုများဖြင့် နှိုင်းယှဉ်၍ အမှားများကို ထောက်ပြခဲ့သည့် အဖြစ်များ ရှိခဲ့သည်။) စာအုပ်ထွက်ရှိလာခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်သော စကြာဝဠာဆိုင်ရာ အယူအဆများနှင့် ပတ်သက်၍ ခရစ်ယာန် အယူဝါဒများကို ဆန့်ကျင်နေသောကြောင့် ခရစ်ယာန် အာလာပိုင် များမှ ဂါလီလီယိုကို အရေးယူဖို့အထိ ဖြစ်လာသည်။ ၁၆၃၃၊ ဇွန်လ ၂၂ ရက်နေ့တွင် ဂါလီလီယိုသည် ခရစ်ယာန်တရားရုံးတော်တွင် ရင်ဆိုင် ခဲ့ရစဉ် သူ၏ ကျမ်းထဲမှ ခရစ်ယာန်ကျမ်းနှင့် မကိုက်ညီသော အချက်များမှာ ယွင်းကြောင်း၊ ထို့ကြောင့် ဝန်ချတောင်းပန်ကြောင်း ထွက်ဆိုဖို့ ဆုံးဖြတ်ချက်ချခံရသည်။ ဂါလီလီယိုသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် မီးရှို့သတ်ခြင်းများကို ရင်မဆိုင်နိုင်၍ ၄င်းတို့အလိုကျ တရားရုံးတွင် ထွက်ဆိုခဲ့ရသည်။


''ကျွနု်ပ်ဂါလီလီယိုသည် ဖလောရင့်မြို့တွင် နေထိုင်သူဖြစ်၍ အသက် ရဝ အရွယ်ရှိပြီ ဖြစ်ပါသည်။ ကျွနု်ပ်သည် ဗင်ဆင်ဇီရိုဂါလီလီ ၏ သားဖြစ်ပါသည်။ ဤနေရာသင်တို့၏ ရှေ့မှောက်တွင် ဒူးထောက်၍ မှန်သောစကားကို ဆိုပါမည်။ ကျွနု်ပ်သည် ဤမြင့်မြတ်သော ကျမ်း သစ္စာကို ဤလက်ဝါးပေါ်တင်၍ ကျွနု်ပ်ယုံကြည်သည့်အတိုင်း ပြောဆိုပါမည်ဟု ကျမ်းသစ္စာဆိုပါသည်။


ကျွနု်ပ်သည် ဤခရစ်ယာန်ကျမ်းတွင် ရေးသားချက်များ၊ သင်ကြားမှုများ၊ ဟောပြောချက်များအားလုံးကို ယုံကြည်ပါသည်။ နောင်တွင် လည်း ဆက်လက်ယုံကြည်သွားမည်ဖြစ်ပါသည်။ ကျွနု်ပ်သည် နေသည်အလယ်မှာရှိပြီး မရွေ့လျားပါဟူသည့် ယုံကြည်ချက်အား မှားယွင်း သည်ဟု ဝန်ခံလိုက်ပါသည်။ ခရစ်ယာန်ကျမ်းစာပါ အယူအဆကို ဆန့်ကျင်ပြီး နေသည် အလယ်မှာရှိ၍ မရွေ့လျားပါဟု ပြောဆိုခဲ့မိသည့် အတွက်ကြောင့် လည်းကောင်း၊ ခရစ်ယာန်ကျမ်းစာများအပေါ် အကြည်ညိုပျက်အောင် ပြုလုပ်ခဲ့မိသည့်အတွက်ကြောင့်လည်းကောင်း၊ ယခု ကဲ့သို့ ရုံးတော်တွင် လာရောက်သစ္စာဆိုရခြင်းဖြစ်ပါသည်။ ယခု ကျွနု်ပ်ယုံကြည်သည်မှာ ကမ္ဘာသည် စကြဝဠာအလယ်၌ရှိ၍ မရွေ့လျားပါ ဟူ၍ ဖြစ်ပါသည်။ ယင်းအယူအဆကို မဟုတ်ဘူးဟု ယုံကြည်ခဲ့မိသည်ကိုလည်း မှားပါသည်ဟု ဝန်ခံပါသည်။


ကျွနု်ပ်ရင်ထဲက အင်အားကြီးမားလှသည့် ယုံကြည်မှုကို ခရစ်ယာန်ကျမ်းအလိုအရ ကျေကျေနပ်နပ် ထုတ်ပစ်လိုက်ပြီ ဖြစ်ပါသည်။ ထို့ ကြောင့် ကျွနု်ပ်သည် ကျွနု်ပ်၏ လွဲမှားသော ယုံကြည်မှု၊ အပြုစားခံခဲ့ရမှုများကို ရိုးသားသော နှလုံးသားဖြင့် ထုတ်ပယ်ပစ်လိုက်ပါပြီ။ မြင့်မြတ်သော ခရစ်ယာန်ကျမ်းအပေါ် ဆန့်ကျင်ခဲ့မိသည့် တခြားသော အမှားများကိုလည်း ထုတ်ပယ်ပစ်လိုက်ပြီဖြစ်ပါသည်။ ကျွနု်ပ်သည် ယခုလို အယူမှားစေသည့် အယူအဆများကို ဖော်ပြသည့် အပြောအဆို၊ အရေးအသားများကို နောင်တွင် မပြုလုပ်တော့ပါကြောင်း ကျမ်းသစ္စာ ဆိုလိုက်ပါသည်။ ရှေးရိုး အစဉ်အလာအတိုင်း ရှိနေသည့် အယူအဆများ ယုံကြည်မှုများနှင့် ပတ်သက်၍ အယုံအကြည် ကင်းမဲ့သည့် တစ်စုံ တစ်ယောက်ကို ကျွနု်ပ်တွေကရှိပါက ထိုသူအား ဤမြင့်မြတ်သော ခရစ်ယာန်ကျောင်းတော်သို့ ခေါ်ယူကာ ပြစ်တင်စွပ်စွဲပါမည်ဟု...''


ဂါလီလီယိုသည် တရားခံတစ်ယောက် ဝတ်ဆင်သော အဝတ်အစားကို ဝတ်ဆင်ကာ ခရစ်ယာန်ရုံးတော်၌ လက်မှတ်ရေးထိုးသစ္စာဆိုခဲ့ရ သည်။ သူ့ကို ချစ်ခင်လေးစားသော ခရစ်ယာန်အာဏာပိုင်များကြောင့်လည်း သူ့အသက်ချမ်းသာခဲ့ရသည်ဟု ဆိုနိုင်သည်။ ထို့နောက် ဂါလီလီ ယို ရေးသားခဲ့သော စာအုပ်များကိုလည်း မြို့လယ်ခေါင်တွင် မီးပုံရှို့ခဲ့ကြသည်။ နောက်ကျန်နေသေးသော သူ့ဘဝ၏ ၉ နှစ်တာကိုနေအိမ်မှာ နေထိုင်ရသော အကျယ်ခုျပ် ဘဝဖြင့် နိဂုံးခုျပ်ခဲ့ရသည်။


သူ ကွယ်လွန်စဉ်တွင် ဖခင်၏ အုတ်ဂူနဘေးတွင် မြှုပ်နှံပေးလိုသော ဆန္ဒရှိခဲ့သော်လည်း သူ့ဆွေမိုျးများမှာ ခရစ်ယာန်ကျောင်းအလိုကို ဆန့်ကျင်ခဲ့သူဖြစ်သော ဂါလီလီယိုကို ထိုနေရာမှာ မြှုပ်နှံဖို့ ကြောက်ရွံ့ခဲ့ကြသည်။ ၁၇၃၇ ခုနှစ်တွင် ဒေသဆိုင်ရာ အာဏာပိုင်တခို့ျက ခရစ်ယာန် ဘုန်းကြီးကျောင်းတွင်ပင် ဆန့်ကျင်၍ မြှုပ်နှံပေးခဲ့ကြသည်။


သူ ကွယ်လွန်ပြီး ၃၅၉ နှစ်ကြာသော အခါကျမှ ဂါလီလီယို အနိုင်ရလေသည်။ ထိုအခါမှ ခရစ်ယာန်အာဏာပိုင်တို့က သူတို့ မှားကြောင်း ဂါလီလီယိုမှန်ကြောင်း အဆိုကို ပုပ်ရဟန်းမင်းကြီးထံ တင်သွင်းသည်။ ပုပ်ရဟန်းမင်းကြီးကလည်း ခရစ်ယာန်အာဏာပိုင်များက ဂါလီလီယိုကို အရေးယူခဲ့သည်မှာ မှားယွင်းသော လုပ်ရပ်ဖြစ်ကြောင်း ဝန်ခံသည်။


သူ ကွယ်လွန်ပြီးနောက် သူ့အတွေးအခေါ်များ ဥရောပတစ်ခွင် ပျံ့နှံ့ခဲ့သည်။ လူတွေ၏ ဦးနှောက်တွေကို ဖွင့်ပေးခဲ့သည်။ ''ကိုယ် ယုံကြည်တာကို လက်ခံဖို့အတွက် လေ့လာဆန်းစစ်ဖို့ လိုပါတယ်'' ဤကားဂါလီလီယို၏ အတွေးအခေါ် တစ်ခုအဖြစ်ကျန်ရစ်ခဲ့သည်။


ဂါလီလီယိုအကြောင်း နိဂုံးခုျပ်ဆိုရသော် ဂါလီလီယိုကို ၁၅၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် အီတလီနိုင်ငံ ပီစာမြို့ (Pisa) တွင် မွေးဖွားခဲ့သည်။ သူသည် လက်မှုပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်ကာ သူ့ကိုယ်ပိုင်တယ်လီစကုပ်ကို မှန်ဘီလူး များဖြင့် ပြုလုပ်ခဲ့သည်။ ၁၆ဝ၉ ခုနှစ်၊ သြဂုတ်လတွင် အဝေးမှ အရာဝတ္ထုများကို ၈ ဆ သို့မဟုတ် ၉ ဆလောက်ထိ အကျယ်ချဲ့ကြည့်ရှုနိုင် သော အဝေးကြည့်မှန်ပြောင်း သို့မဟုတ် တယ်လီစကုပ်ကို အချောသတ် ပြုလုပ်ခဲ့ပါသည်။ ဂါလီလီယိုသည် တယ်လီစကုပ် တီထွင်မှုသာမက စိတ်ဝင်စားစရာ သူ့ဘဝဇာတ်ကြောင်းများကလည်း လွမ်းမောစရာ ကျန်ရစ်ခဲ့သည်။ သူလေ့လာကြည့်ရှုခဲ့သော ကြယ်တာရာများနှင့် ပတ်သက် သော စာအုပ်ငယ် ‘Starry Messanger’ ကို ၁၆ဝ၁ ခုနှစ် မေလတွင် ဗင်းနစ် (Venice) မြို့၌ ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထဲတွင် လပေါ် က တောင်များအကြောင်း၊ ဂျူပီတာကို ပတ်နေသော သေးငယ်သောအရာ ၄ ခုအကြောင်း၊ ထို့အပြင် ကြယ်သေးသေးလေးများ စုပေါင်း၍ မစ်လ်ကီးဝေး ကြယ်စုတန်းဖြစ်လာသည်ဟူသော အချက်ကို သက်သေပြချက်များပါသည်။ တယ်လီစကုပ် အမှတ်တရနေ့စွဲများအဖြစ် ၁၆ဝ၉ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် တယ်လီစကုပ်ကို ပထမဦးဆုံးအကြိမ် လူတွေရှေ့မှာ ပြသခဲ့သည်။ ၁၆ဝ၉ ခုနှစ်တွင်ပင် ဂူျပီတာဘေးက လသုံးစင်းကို အဝေးကြည့်မှန်ပြောင်းဖြင့် တွေ့ရှိခဲ့သည်။


ဂါလီလီယိုသည် သူ့ဘဝမှတ်တိုင်များကို ဖြောင့်မတ်၊ မှန်ကန်စွာ ကျော်ဖြတ်ရင်း ၁၆၄၂ ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့တွင် ဖလောရင့် မြို့၌ ကွယ်လွန်ခဲ့သည်။ ဤမျှ ကြီးကျယ်မြင့်မြတ်သောသူတစ်ယောက် သူ၏ မှန်ကန်သော အယူဝါဒကို စွန့်လွှတ်ပါသည်ဟု ဝန်ခံကာ ကွယ်လွန်သွားရခြင်းသည် ဝမ်းနည်းစရာဖြစ်သည်။ သို့သော် ယနေ့တိုင် သူ့ကျေးဇူးကို အောက်မေ့နေရခြင်းနှင့် သူ့အပေါ်မတရား ဆက်ဆံခဲ့ သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းက ပုပ်ရဟန်းမင်းတို့၏ ရှက်ဖွယ်အပြုအမူများ ကျန်ရစ်ခဲ့ခြင်းများကား ဂါလီလီယို နှစ် ၄ဝဝ ပြည့်တွင် သတိရစရာတွေ ဖြစ်နေပါတော့သည်။




(

No comments: