Saturday, January 3, 2015

သောမတ်ဟာဒီ၏ စာပေနှင့်ဆောက်လုပ်ရေးပညာရှင်ဘဝ ဂျူနီယာ၀င်း


ဂျူနီယာ၀င်း


သောမတ်ဟာဒီ၏ စာပေနှင့်ဆောက်လုပ်ရေးပညာရှင်ဘဝ


(အမှတ် ၂၁၇၊ အတွေးအမြင်)


စာရေးဆရာကြီး သောမတ်ဟာဒီ (Thomas Hardy) (၁၈၄ဝ-၁၉၂၈) သည် ၁၈၅ဝ ခုနှစ် သူ့အသက် ၁ဝ နှစ်အရွယ်မှာ Dorchester တောကျောင်းမှာ ပညာသင်ခဲ့ရသည်။ ထိုဒေသက ခရစ်ယာန်ဘုရားရှိခိုးကျောင်းရှိရာအရပ် ဖြစ်သည်။ ထိုခေတ်အခါ ၁၉ ရာစုအတွင်းမှာရှိနေသော ပညာရေးစနစ်က ခရစ်ယာန်အဖွဲ့အစည်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ကျောင်းဆောက်လုပ်ပြီး ပညာသင်ကြား ပေးသော စနစ်ဖြစ်သည်။


ခရစ်ယာန်ကျောင်းများတွင် အရေး၊ အဖတ်နှင့် ဘုရားကျမ်းစာများကို သင်ကြားပေးသည်။ ထိုအချိန်က လူအများစုမှာ မဲပေးခွင့်တွေ ရှိကြသဖြင့် အနာဂတ်မဲဆန္ဒရှင်များ အခန်းကဏ္ဍတွင် ပညာရေးသည် အရေးပါလှကြောင်း စတင်နားလည်လာကြသော အချိန်လည်း ဖြစ်သည်။


အစိုးရသည် ၁၈၃၃ ခုနှစ်တိုင်အောင် ပညာရေးကဏ္ဍမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသေးချေ။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အဖွဲ့အစည်းများသို့ ငွေကြေးများ မတည်၍ ကျောင်းများကို ပံ့ပိုးပေးခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ဘုရားရှိခိုးကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများ တိုးပွားလာသောအခါ ဝန်ကြီးများကို ခန့်အပ်၍ အစိုးရ၏လုပ်ပိုင်ခွင့်များကို ကြီးမားအောင်လုပ်ကြလေသည်။ ၁၈ရဝ တွင်တော့ တိုင်းပြည်၏ နေရာဒေသတိုင်းမှာ ကျောင်းများထားရှိဖို့ ''ပညာရေးအဖွဲ့''က ဦးဆောင်လုပ်ခဲ့ကြလေသည်။ ထိုအချိန်တွင် ဟာဒီသည် ဆောက်လုပ်ရေး ပညာရှင်တစ်ဦးအဖြစ် အလုပ်လုပ်လျက်ရှိသည်။ ''လန်ဒန်ကျောင်းအဖွဲ့အစည်း''က ဆောက်လုပ်မည့် ကျောင်းသစ်များ အတွက် ဒီဇိုင်းများရေးဆွဲဖို့ အစီအစဉ်မှာ အနည်းငယ်မျှပါဝင်ခဲ့သူလည်း ဖြစ်သည်။ ၁၈၈၈ ခုနှစ်တွင် အသက် ၅ နှစ်မှ ၁ဝ နှစ်ကြား ကလေးငယ်တိုင်း ပညာသင်ကြားဖို့အတွက် ကျောင်းဆောက်လုပ်ပြီးစီးခဲ့သည်။ လူတိုင်း လူတိုင်း၊ များပြားလှသော လူအရေအတွက်သည် ရေးနိုင်ဖတ်နိုင်လာသည်။ ထို့ကြောင့် ပုံပြင်များ၊ ဝတ္ထုကြီးများ ရေးသားသည့် စာရေးဆရာကြီးများဖြစ်သော Thomas Hardy၊ George Eliot ၊ Charles Dickensတို့ကဲ့သို့သော အကျော်အမော်များ၏ လက်ရာများ၊ များစွာတောင်းဆိုခံခဲ့ရပါသည်။


''ဟာဒီ'' သည် အသက် ၁၆ နှစ်တွင် ကျောင်းမှ ထွက်ခဲ့သည်။ သူသည် စာတော်သော လူငယ်တစ်ယောက်ဖြစ်သော်လည်း သာမန် အလုပ်ကြမ်းသမားတစ်ဦး၏ သားတစ်ယောက်အနေနှင့် တက္ကသိုလ်တက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ Dorchesterတွင် ဆောက်လုပ်ရေးပညာရှင် တစ်ယောက်အဖြစ် လေ့ကျင့်ပညာသင်ယူခဲ့ကာ ၁၈၇၂ ခုနှစ်တိုင်အောင် ဆောက်လုပ်ရေးပညာသင်ဘဝဖြင့် နေထိုင်ခဲ့သည်။ ဆောက်လုပ်ရေး ပညာရှင်အဖြစ်လုပ်ခဲ့သည့် သူ့ဘဝအချိန်အခါသည် စိတ်ဝင်စားစရာကောင်း လှသည်။ စက်မှုတော်လှန်ရေး အစပြုလာချိန် သတ္တုနှင့်ဖန်ထည် ကဲ့သို့သော ကိရိယာများနှင့် နည်းလမ်းသစ်များ သုံးစွဲလာသောကာလ ဖြစ်သည်။ ၁၈၅၁ ခုနှစ်မှာ ဆောက်လုပ်ခဲ့သော Sir Joseph Paxton ၏ ဖန်သားနန်းတော်သည် ထူးခြားလှသည်။ သတ္တုသားအရှည်ဖြင့် ဘောင်ခေတ်ကာ ဖန်သားနံရံများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။


ထိုကဲ့သို့သော နည်းပညာအသစ်များ ဝင်ရောက်လာချိန်တွင် ''ဟာဒီ''သည် ယခင်ကရှိခဲ့သော ကျောင်းများ၊ အိမ်များ၊ ဘုရားရှိခိုး ကျောင်း အဆောက်အဦများကို ပြည်လည်သစ်လွင်အောင် ပြုလုပ်ဖို့ ဒီဇိုင်းအလုပ်ကို လုပ်ခဲ့သည်။ ကက်သလစ်ကျောင်းများနှင့် ခရစ်ယာန် ကျောင်း အဆောက်အဦများကို ကြည်ရှည်ခံအောင် ရည်ရွယ်ပြီး ပြန်လည်ပြင်ဆင်ပြုပြင်ရသည့် အနေအထားမှာ စိတ်မကောင်းစရာ ဖြစ်ပါ သည်။ ဗစ်တိုးရီးယားခေတ်သည် တိုးတက်မှုနှင့် ပြန်လည်ပြုပြင်မှုဟူသည့် တာဝန်နှစ်ခုကို ပြိုင်တူဆောင်ရွက်နေရသည့် ခေတ်ဖြစ်နေတော့ သည်။ ပြန်လည်ပြုပြင်ရသည့် လုပ်ငန်းစဉ်၏ ရလဒ်တွင် သမိုင်းဝင်လက္ခဏာများ များစွာဆုံးရှုံးခဲ့ရပါသည်။ ''ဟာဒီ''သည် ထိုပျက်စီးမှုကြီး အတွက် ဝမ်းနည်းစိတ်ထိခိုက်ခဲ့ရသည်ဟု နောက်ပိုင်းကာလများတွင် သူရေးသားခဲ့သော ဝတ္ထုတစ်ပုဒ်ဖြစ်သော Jude the Obscure တွင် ယခုလို တွေ့ရှိဖတ်မိရပါသည်။


''ခါးကုန်းပြီး လဲပြိုတော့မယ့် ဖက်ရှင်အဟောင်းသစ်သားပြဿဒ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမူရင်း အဆောက်အဦကြီးကို ဖြိုဖျက်ပစ်လိုက်ကြလေသည်။ သူ့နေရာမှာတော့ မြင့်မားပြီး သစ်လွင်လှတဲ့ အနောက်ဥရောပစတိုင်ခေတ်မီတဲ့ ဒီဇိုင်းရှိတဲ့ အဆောက်အဦက နေရာယူလိုက်ပြီဖြစ်သည်။ သူက လန်ဒန်မြို့ကြီးရဲ့ သမိုင်းဝင်မှတ်တမ်းမှတ်ရာတွေ၊ အမှတ်တရများကို လုံးဝဥသုံဖျက်ဆီးပစ်ခဲ့သူ...''


တောဓလေ့၊ တောစတိုင်၊ တောဝဘာဝဖြင့် တည်ဆောက်ထားသည် တောခရစ်ယာန်ဘုရားရှိခိုးကျောင်းများသည် ချမ်းသာြွကယ်ဝသော လူကုံထံများ၏ လက်ထဲတွင် ပုံစံအသစ်များဖြင့် အစားထိုးခံလိုက်ရသောအဖြစ်သည် လူမဆန်သော လုပ်ရပ်၊ ဖွံ့ဖြိုးလာသည့် အသီးအပွင့် များကို အမြစ်မှဆွဲနုတ်ခံလိုက်ရသော ဖြစ်ရပ်အဖြစ် ''ဟာဒီ''က မှတ်ချက်ချထားလေသည်။ ဤကား ဆောက်လုပ်ရေးပညာရှင်တစ်ဦး၏ မျက်စိဖြင့် အမြင်တစ်ခုဟု ဆိုရမည်လား။ စာရေးဆရာမျက်စိဖြင့် ခံစားမိသော အမြင်တစ်ခုဟု ဆိုရမည်လားဟု စဉ်းစားစရာ ဖြစ်ရပါတော့ သည်။








No comments: