Monday, February 3, 2014

ဒါဖြင့်ရင်… ချစ်လို့လား ဂျူနီယာဝင်း

ကျွန်မတို့ငယ်ငယ်တုန်းက ဖေဖေကပြောဖူးတယ်။
“ကိုယ်အရမ်းမုန်းတဲ့သူငယ်ချင်းတစ်ယောက်ကို ဘာလက်ဆောင်ပေးရမလဲ သိလား … တဲ့။ ဈေးအကြီးဆုံးပစ္စည်း.. ဒါမှမဟုတ်လဲ.. အဖိုးတန်ပစ္စည်းတစ်ခု ၀ယ်ပေးလိုက်။ ဥပမာ… ကင်မရာတစ်လုံး ပေးလိုက် …”  တဲ့။
ကျွန်မတို့က နားမလည်ဖူး။
“ဘာလို့တုန်းဖေဖေရဲ့“ပေါ့။
“ကိုယ်မုန်းပါတယ် ဆိုမှတော့ ကိုယ်တောင်မကိုင်နိုင်တဲ့ ကင်မရာဝယ်ပေးရမယ် ဆိုတာကြီးက”
ဒီတော့ ဖေဖေကရှင်းပြတယ်။
“ဒီလိုလေ။ ကိုယ်မုန်းတဲ့သူငယ်ချင်းက သူကင်မရာတစ်လုံးရတော့ လက်ဆောင်ပေးတဲ့သူကို.. ငါ့ကိုတော်တော်ချစ်ပါလား… လို့တောင် ယူဆသွားမယ်။ ဟုတ်တယ်။ ကိုယ်က ကင်မရာတစ်လုံး ရင်း လိုက်ရတာကိုး။ မျက်နှာတောင်ရသွားပြီး အမှတ်တောင် ရသွားသေးတယ်ပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ခင်မျာ ဓါတ်ပုံရိုက်ဖို့ ဖလင်ဝယ်ရမယ်။ ရိုက်ပြ၊ီး ကြည့်ချင်ပြန်တော့ ဓါတ်ပုံဆိုင်ပြေးရမယ်။ ဓါတ်ပုံဖိုးတွေ ကုန်မယ်။ ကိုယ်ကဒါကိုကြည့်ပြီး သူပိုက်ဆံတွေ တော်တော်ကုန်နေပြီး ဒုက္ခရောက်နေတာကိုမြင်ရတာ ဘယ်လောက် ကျေနပ်စရာကောင်းသလဲ။”
အင်း… ဟုတ်တော့ဟုတ်သလိုလိုပဲ။ ဒါပေမယ့် ကင်မရာတစ်လုံးတောင် ၀ယ်ပေးရမယ်ဆိုတာကတော့ … မဟုတ်သေးပါဘူး။ လက်ထဲက ဈေးကြီးပေးပြီးဝယ်ထားတဲ့ ကင်နွန်ကင်မရာလေးကို ကြည့်ပြီးတွေးမိတာပါ။ အဲသည်တုန်းက ဒစ်ဂျစ်တယ်ခေတ်လဲ မဟုတ်ဘူးလေ။ မေမေကြီးက သူ့စာမူခရလို့ ဖေဖေ့အတွက်ဆိုပြီး မှာပေးထားလို့ရထားတဲ့ ကင်နွန်ကင်မရာလေးက ဒီလောက်အဖိုးတန်နေတာ။ သူများကို… အင်း… ကိုယ်ချစ်တဲ့သူမဟုတ်ပဲ… ကိုယ်မုန်းတဲ့သူကို ဒါမျိုးနောက်တစ်လုံး ၀ယ်ပေးရမယ်ဆိုတာကို သဘောမတူပါဘူး။ ဖေဖေက နောက်ပြီးပြောတာနေမှာပဲ…. ကျွန်မက အဲသည်လိုပဲ စဉ်းစားလိုက်မိတယ်။ ပြန်တော့မပြောတော့ပါဘူး။ မေမေကြီးက ဖေဖေ့အတွက်ဆိုပြီး သည်ကင်မရာဝယ်ပေးတာ မုန်းလို့မှ မဟုတ်တာ။
အင်း … စဉ်းစားရင်း ရှုပ်ကုန်ပြီ။

***********

အခုတော့ ဒစ်ဂျစ်တယ်ခေတ်ထဲ ရောက်လာပြီ။ ကျွန်မစာမူခရတဲ့ပိုက်ဆံတွေ စုစုထားရာကနေ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံး ကိုယ့်ဘာသာကိုယ် ၀ယ်ဖြစ်ခဲ့တယ်။ အဲသည်တုန်းက ဖေဖေပြောတာ သတိရမိလိုက်သေးတယ်။ အင်း… အလုပ်တော့ရှုပ်ဦးမယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ကင်မရာရတော့ ရိုက်ချင်တယ်။ ဓါတ်ပုံတွေကို ကူးချင်တယ်။ အယ်ဘန်ထဲထည့်ပြီး ကြည့်ချင်တယ်။ ပိုက်ဆံတော့ ကုန်သား။ ဒါပေမယ့် အလုပ်သဘောအရတော့ လိုအပ်တဲ့ ပစ္စည်းတစ်ခုပဲလေ။ ဒါပေမယ့် ကိုယ်မုန်းတဲ့သူကိုတော့ ဝယ်ပေးရလောက်အောင်အထိတော့ သဘောမကောင်းနိုင်သေးဘူး။ ကိုယ်တောင်မှ မနည်းကြီးစုပြီး ၀ယ်ထားရတဲ့ဟာကို.. သူများကို… ကိုယ်မုန်းတဲ့သူကိုမှ လက်ဆောင်ပေးရမယ် ဆိုတာကတော့…သိပ်တော့သဘောမကျသေးဘူး။

************************

သူငယ်ချင်းတွေက ဟမ်းဖုန်းကိုယ်စီနဲ့။ ဖုန်းတွေကလည်း ဈေးက ကြီှးမှကြီး။ သိန်း ၃၀၊ ၄၀ မကပါဘူး။ သူတို့ခင်မျာလည်း ဖုန်းကလိုအပ်တဲ့ပစ္စည်းအနေနဲ့ စွန့်စားပြီး ၀ယ်ထားရတာ။ သူတို့ကိုင်နေတာကြည့်ပြီး အားတော့မကျပါဘူး။ အလုပ်ရှုပ်လွန်းလို့။ စကားပြောနေတုန်း ဖုန်းလာတာကိုက ကျွန်မကတော့ စိတ်အနှောက်အယှက်ဖြစ်မိတယ်။ ဘေးကလူကို အားနာရမှန်းမသိဘူး။ လူမူရေးအရလည်း သိပ်သဘောမကျဘူး။ အလုပ်တော့ ဖြစ်ပုံရပါတယ်။ ကိုယ်က မကိုင်နိုင်လို့ ပြောတယ်ဖြစ်ဦးမယ်။ အရေးတကြီးအတွက်တော့ တော်တော်ကောင်းပါတယ်။ ဖုန်းမရှိတဲ့နေရာမျူိးကျတော့ တကယ်အသုံးဝင်မှာပါ။ စဉ်းစားကြည့်တာပါ… တစ်ယောက်ယောက်က ကျွန်မကို အဲသည် သိန်းချီတဲ့ဖုန်းတစ်လုံး လက်ဆောင်များပေးရင်…. သူက ကျွန်မကို တကယ်ချစ်လို့ ပေးတာလား… ဒါမှမဟုတ်… ဖေဖေစဉ်းစားပြသလို…. ကျွန်မကို တော်တော်မုန်းနေလို့်များလား ….

*************************

          နောက်ပိုင်း ဖုန်းဈေးက ကျလာလိုက်တာ သိန်း ၂၀။ နောက် ၁၈ သိန်း။ ၁၅သိန်း … ကနေ ၂ သိန်း ထိ ကျသွားပါရောလား။ အင်း… ကျွန်မ နည်းနည်းစဉ်းစားကြည့်လိုက်မိတယ်။ အခုဖုန်းတွေက အင်တာနက်ချိတ်လို့ ရသွားပြီတဲ့။ ကိုရီးယားကားထဲမှာလို လမ်းသွားရင်း… စားရင်းသောက်ရင်း… သူငယ်ချင်းနဲ့ စကားပြောရင်း ဖုန်းလာလို့ ကောက်ကိုင်ရတာမျူိး…က အခုမြန်မာပြည်မှာ နည်းနည်းခေတ်စားလာပြီ။ သူများတိုင်းပြည်မှာတော့ ဒါကို ဈေးထဲက မှန်ဘီဒိုထဲက ကောက်ဝယ်လိုက်ရုံ့ပါပဲ။ နံပါတ်တောင် ကိုယ်ကြိုက်တာပေးလို့ရသေးတယ်။ ဒီမှာက သည်လောက်တော့ မပေါများသေးဘူးပေါ့။ အဲဒါထက်ကို ကျွန်မက အင်တာနက်တော့ စိတ်ဝင်စားတယ်။
ဒါနဲ့ပဲ ကျွန်မမေမေတို့က ကျွန်မကိုင်ဖို့ ဖုန်းတစ်လုံး၂သိန်းနဲ့ ၀ယ်ပေးလိုက်ပါတယ်။ ချက်ချင်းတော့မရဘူး။ ၂ရက်လောက်တော့ စောင့်ရတယ်။ ဟမ်းဆက်ကလည်း ၀ယ်ရသေးတယ်။ အင်တာနက်လည်း နောက် ၅ ရက်လောက်ဆို ရပြီပေါ့။ ဖုန်းလေးတကိုင်ကိုင်နဲ့.. အင်း… သူများတွေလိုတော့ လမ်းသွားရင်း ထုတ်မကိုင်ရဲသေးဘူး။ အိမ်ကလည်း တချိန်လုံး သတိပေးနေတာ။ ခါးပိုက်နိုက်ခံရမယ် သတိထားနဲ့ ဘာနဲ့။ ဖုန်းလာလည်း လူတွေသိပ်များတဲ့နေရာမျိုးမှာဆို ထုတ်မကိုင်နဲ့တဲ့။ လမ်းကူးရင်းနဲ့လည်း ဖုန်းပြောတာမျိုး ဖုန်းကိုင်တာမျူိး မလုပ်နဲ့တဲ့။ အင်း….ဆင်ခြင်လိုက်ရတာ။ သူများတွေတော့ သည်လိုပဲ ထုတ်ကိုင်နေကြတာပဲ။
ကျွန်မစဉ်းစားမိတယ်။ ဒီလိုဖုန်းမျိုးကို ကျွန်မသိပ်မုန်းတဲ့သူတစ်ယောက်ကို လက်ဆောင်ပေးနိုင်သလား။ အင်း… မပေးနိုင်သေးဘူး။ ကျွန်မ အဲသည်လောက်တော့ သဘောမကောင်းနိုင်သေးဘူး။ သည်လိုဖုန်းမျိုးကိုင်ပြီး အလုပ်ရူပ်တာ၊ ပိုက်ဆံပိုကုန်တာလောက်ကတော့ ဘာဖြစ်သလဲ။ ဒီလို ပိုက်ဆံကုန်တာကို ပျော်တောင် ပျော်နေကြတာမဟုတ်လား။ ဖေဖေပြောတာကို လက်မခံနိုင်သေးပါဘူး။

**********************

ဟော….. ပြောရင်းဆိုရင်းကနေ ဖုန်းတွေက ၁၅၀၀ ကျပ် … တဲ့။
အိပ်မက်တောင်မမက်ဖူးတဲ့ ဖုန်းတွေရပြီဆိုပဲ။ အလကားပေးနေသလား မှတ်ရတယ်။ အဲ….ဖုန်းကသာ အလကားပေးသလိုရပေမယ့် …
ဟမ်းဆက်တွေကတော့…….
အင်တာနက်ဖိုးက…..
တလတလကို…..
ဖုန်းတွေက ပျက်တော့ပြင်ခ………
အဖိုးတန်အချိန်တွေကတော့ ဖုန်း၊ အင်တာနက်ကမ္ဘာထဲမှာ ကုန်သွားလိုက်တာ……..
တစ်နေ့တစ်နေ့……
ဖေဖေပြောတာ သတိရသွားတယ်။
အလကားပေးသလိုပဲ ရလိုက်တာကတော့ ကျွန်မတို့အိပ်မက်တောင် မမက်ဖူးတဲ့ ပစ္စည်းတစ်ခုပါပဲ။ ဒါပေမယ့်… နောက်ပိုင်း ကုန်လိုက်တဲ့ငွေ၊ အချိန်…. အလုပ်တွေ ရှုပ်သွားပုံကတော့…..
အင်း… ဒါပေမယ့် သည်လိုလက်ဆောင်မျိုးကို ရလိုက်တော့ ပေးတဲ့သူဘက်ကတော့ နံမယ်ကောင်းရတာပေါ့။ သဘောကောင်းလိုက်တာပေါ့….. ငါတို့ကို တော်တော် စေတနာထားတယ်ပေါ့… တော်တော်ချစ်တာပဲပေါ့…
ဒါပေမယ့်… ကျွန်မစဉ်းစားကြည့်တာပါ။
ကျွန်မတို့ကိုချစ်လို့ ပေးတာလား….။
အရမ်းမုန်းလွန်းလို့များလား…..။
ဘာပဲဖြစ်ဖြစ် အလုပ်တွေတော့ ရှုပ်ကြဦးမယ်။ ကျွန်မတို့တွေ အလုပ်ရှုပ်ပြီး အဖိုးတန်အချိန်တွေ ကုန် ကုန် သွားတာကိုများ ကြည့်ပြီး….. သဘောကျနေတာများ ရှိဦးမလား … လို့ကျွန်မတွေးလိုက်တာပါ။
ဖေဖေ့ကို ကျွန်မစဉ်းစားမိတာလေး ပြောလိုက်ဦးမယ်….။

ဒါဖြင့်ရင်… ချစ်လို့လား
ဂျူနီယာဝင်း၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၄

- See more at: http://moemaka.com/archives/35508#sthash.ukNWRdqM.dpuf

No comments: