အတွေးအမြင်
(၁၅ဝ)၊ ၂ဝဝ၁ သြဂုတ်
'ပညာ'သည်
အလွန် အဖိုးမဖြတ်နိုင်အောင် ဖြစ်၏။ ပညာရှာလိုသူတို့သည် 'ပညာရှာ ပမာသူဖုန်းစား' ဟူသော
မြန်မာစကားပုံအတိုင်း ပညာရှိများထံမှာ ဆည်းပူးရယူကြရ၏။'ပညာရဲရင့် ပွဲလယ်တင့်' ဟူသကဲ့သို့
ပညာရှိမည်သည် မည်သည့်ပတ်ဝန်းကျင်ကို ရောက်ပါစေ ပညာ၏ ဂုဏ်ရောင်ကြောင့် ထွန်းပြောင် နိုင်ပေသည်။
အထက်ပါစာပိုဒ်ကို
ဖတ်ပြီးသွားသော စာဖတ်သူ လူငယ်လူရွယ်တို့သည် တယ်ဟုတ်ပါလား။ ပညာဟာ တကယ်ပဲ တန်ခိုးကြီးလှပါလားဟု
ယူဆသွားကြ မည်လား။ သို့တည်းမဟုတ် ဒါ ပုံပြောနေတာပါဟု ပေါ့ပေါ့တန်တန် တွေးကြ လေမလားဟုလည်း
စိတ်ကူးကြည့်မိပါသည်။ စကားလုံး ကြီးကြီးကျယ်ကျယ်နှင့် ပြောတာတွေကို မေးလေးထောက်ကာ ခေါင်းတညိတ်ညိတ်နှင့်
ရှိနေပေလိမ့်မည်။ ဒါ အံ့သြစရာတော့ မဟုတ်ပါပေ။ ကျွန်မသည်ပင် ဘဘကြီး ဦးခင်မောင်လတ်နှင့်
မေမေကြီး ဒေါ်ခင်မျိုးချစ်တို့ခေတ်က အမျိုးသားကျောင်းတွေအကြောင်း နား ထောင်ခဲ့ရတုန်းကဆိုလျှင်
ပါးစပ်အဟောင်းသားနှင့် ငေးမောနားဆင်ခဲ့ရသည်ပဲ။ ခုခေတ်မှာ ဒီလိုကျောင်းမျိုး မကြားဖူး
မကြုံဖူးရသော်ငြားလည်း ဗြိတိသျှ လက်အောက်မှာ ပညာကို ခက်ခက်ခဲခဲ ဆည်းပူးခဲ့ရသည့် အကြောင်းတွေသည်
အားကျစရာ ကောင်းလှပေသည်။
အမျိုးသားကျောင်း
ဟူသည် ၁၉၂ဝ ခုနှစ် ဗြိတိသျှအစိုးရ၏ University အက်ဥပဒေ ကန့်ကွက်တိုက်ဖျက်သည့် တက္ကသိုလ်ကျောင်းသားများနှင့်
ပြည် လုံးကျွတ် ကျောင်းသားကျောင်းသူများ၏ boycott ဘွိုင်းကောက်သပိတ်ကြီးက မွေးဖွားလိုက်သည့်
ကျောင်းများ ဖြစ်ကြ၏။ 'ကျွန်ပညာ အလိုမရှိ' ဟူသောြွေကးကြော်သံနှင့်အတူ CNE ခေါ်Council
of National Education ကအမျိုးသားပညာရေးစနစ်သစ်ကို ဖန်တီးပြီး ကိုယ့်သင်ရိုး၊ ကိုယ့်စာအုပ်ပြဋ္ဌာန်းကာ
ကိုယ့်စားမေးပွဲနှင့်ကိုယ် စီမံကွပ်ကဲသောကျောင်းများ ဖြစ်လေသည်။
'အမျိုးသားကျောင်း၌
သင်ကြားကြသော ကျောင်းဆရာများသည် ပညာ ရှာရင်းတန်းလန်း ကျောင်းဆရာ ဖြစ်ကြသူများဖြစ်၍
ဆရာဖြစ်လက်မှတ် ရသူ များ မဟုတ်ကြချေ။ သို့သော် အသင်အပြ အလွန်ကောင်းကြပေသည်။ ဆရာ၏ ကြိမ်လုံးသည်
ဆင်းရဲချမ်းသာ၊ ယောကျာ်းလေး၊ မိန်းကလေး မျက်နှာမရွေး။ သူတို့တပင်ပန်း စာသင်ကြားနေသည်ကို
ကြည့်၍ တပည့်များမှာ စိတ်မကောင်း တောင် ဖြစ်ကြရလေသည်။
တခိျု့ဆရာများမှာ အင်္ဂလိပ်လိုချည်း ပြောသဖြင့် မြန်မာစကားတောင် တတ်ပါရဲ့လားဟု အချင်းချင်း
အငြင်းပွားကြရလေသည်။ ဘဘကြီးသည် ထို အမျိုးသားကျောင်းများအကြောင်း
ပြောရမည်ဆိုလျှင် မမော နိုင်၊ မပန်းနိုင် အားပါးတရ ပြောတတ်ရုံမက သူ့ဆရာများ၏ အမည်များကို
နှုတ်မှ ဂုဏ်ယူစွာ မကြာခဏ ထုတ်ဖော်တတ်သောကြောင့် ကျွန်မတို့မှာ မစ္စတာ အာယား၊ ဆရာဦးဖေ
အစရှိသော အမည်များကို အလွတ်ပင် ရနေကြလေသည်။
ထို့ပြင်
ကျောင်းသားကျောင်းသူများသည် ကိုယ့်ကို ပညာသင်ပေးသော ဆရာများထံတွင် လုံးဝဥဿုံ ပုံအပ်မထားသင့်ဘဲ
ကိုယ့်အချင်းချင်း တိုင်ပင်ဆွေး နွေး နှီးနှော၍ ပညာရှာဖွေ ဆည်းပူးကြသင့်ပေသည်ဟု မေမေကြီး
ဒေါ်ခင်မျိုးချစ် က ပြောပြီး ''စာဖတ်ခြင်း'' အလေ့အထတစ်ခုကို မွေးယူကြဖို့ တိုက်တွန်း
ပြောဆိုလေ့ရှိပါသည်။ စာအုပ်များကို ဘယ်လို ဖတ်သင့်သလဲဆိုတော့ 'ဝါးစား သလိုဖတ်' တဲ့။
မေမေကြီးကတော့ စာအုပ်ဆိုလျှင် ချမ်းသာမပေးဘဲကို ဖတ် ပါတဲ့။ ဘယ်လိုစာအုပ်တွေ ဖတ်သင့်သလဲဆိုသည့်
အချက်တော့ စာများများ ဖတ်ရင်း၊ တွေ့သမျှ အကုန်ဖတ်ရင်းနှင့် ဘယ်စာအုပ်က အချိန်ကုန်လူပန်းဖြစ်
စေတယ်၊ ဘယ်စာအုပ်က အကျိုးရှိတယ်ဆိုတာ ကိုယ့်ဘာသာ ခွဲခြားတတ်သွား ပေမည်ဟု ကျွန်မကတော့ ယူဆပါသည်။ ကိုယ့်ဘာသာ သတ်သတ်မှတ်မှတ် ဖြစ်ပြီး သိသွားတာဟာ
အကောင်းဆုံးပဲ မဟုတ်ပါလား။
အစ္စရေးလူမျိုး
အနာဂတ်ကို ဟောကြားသူ Hosea က 'ကျွန်ုပ်တို့ လူမျိုးများ အဖျက်ဆီးခံရခြင်းမှာ အသိပညာ
ခိျု့ယွင်းမှုကြောင့် ဖြစ်ပေသည်'ဟု ဆိုခဲ့သည်။ အရက်သေစာ သောက်စားမူးယစ်နေမည့်အစား ပညာကို
ရယူ၍ မိမိညဏ်ရည်ကို ထက်မြက်အောင် လုပ်ခြင်းဟာ ပိုပြီး ချိုမြိန်ရုံမက ကြာကြာ လည်း ခံပေသည်'တဲ့။
ပညာကို ကြီးထွားရှင်သန်အောင် လုပ်ခြင်းဖြင့်လည်း လူ့ဘဝဟာ ပိုပြီး ချမ်းသြွာကယ်ဝလာပေလိမ့်မည်။
လူငယ်
လူရွယ်များသည် တက္ကသိုလ်ပညာ ဆည်းပူးဖို့ အလေးထား ကြပါသည်။ ဘာကြောင့်ပါလဲ။ အဲဒီအတွက်
အကြောင်းပြချက် နှစ်ချက်ရှိပါ သည်။ တစ်ခုက အမြင်ကျယ်ဖို့နှင့် နောက်တစ်ချက်က လျှောက်ရမည့်
လမ်း ကြောင်းတစ်ခုမို့ အဲဒီလမ်းကြောင်းအတိုင်း လိုက်လျှောက်ကြခြင်း ဖြစ်လေသည်။ အမြင်ကျယ်ချင်တာကို
တွေးကြည့်လိုက်လျှင် စီးပွားရေးအရ ဝင်ဆံ့ဖို့၊ ပတ်ဝန်း ကျင်မှာ လုပ်ငန်းအဆင်ပြေဖို့၊
ကိုယ်ရယူလိုက်တဲ့ ဘာသာရပ်ဆိုင်ရာ၏ ဘွဲ့ဒီဂရီ ကြောင့် အရေးပါတဲ့ လုပ်ငန်းကိုင်ငန်းတွေ
ရယူနိုင်ဖို့ ဖြစ်ပေသည်။ လမ်းကြောင်း ဟောင်းကို ဆက်လက် လျှောက်တာကတော့ လူငယ်တွေက ဒါကို
ဆက်လက် လိုက်နာ လျှောက်လှမ်းရတာကို ကျေနပ်နေပြီး ဒါကို ဂုဏ်ယူလျက် ရှိသောကြောင့် ဖြစ်ပေသည်။
ကျောင်းပညာရေးအောက်မှ ရုန်းထွက်လာကြသော ကျောင်းသား ကျောင်းသူတို့သည် တက္ကသိုလ်ပညာရေး
လောကထဲမှ အသိပညာ ဗဟုသုတတွေ၊ အတွေးအခေါ်တွေကို ကိုယ့်ဘဝလမ်းကြောင့်တွင် ရိုးသားဖြောင့်မတ်စွာ လျှောက် လှမ်းနိုင်ဖို့ရန် မွေးယူနိုင်ကြဖို့ အရေးကြီးလှပေသည်။
ဒီအတွက် ကိုယ့်အချင်း ချင်း တိုင်ပင်နှီးနှော၊ မတူညီတဲ့ အတွေးအခေါ်တွေ ဖြန့်ဝေ ဆွေးနွေးရာကနေ
အမြင်သစ်တွေ ရနိုင်ပေသည်။
ဤသို့
ပညာဟူသော အရာကို စိတ်ရော ကိုယ်ပါ ရှာဖွေနေကြရာတွင် တစ်ချိန်လုံးလည်း လိုက်စားဖို့မလို။
အနားယူနေချိန်၊ အားလပ်ချိန်များ ပေး၍ လည်း စိတ်ကို အနားပေးသင့်ပေသည်။ ရှိသမျှ အချိန်တို့ကို
အလုပ်လုပ်၍ ကုန်လွန်စေခြင်းသည် ရူးသွပ်ခြင်းကြောင့်သာ ဖြစ်ပေသည်ဟု ဗြိတိသျှတက္ကသိုလ်
ကျောင်းသားများနှင့် ပတ်သက်၍ ဆိုထားလေသည်။ ပိုနေသော အချိန်များတွင် မိမိတို့စိတ်များကို အနားပေးသည့်အနေနှင့် အားကစား၊
ရုပ်ရှင်၊ ဂီတတို့ကို စိတ်ပါဝင်စားစွာ
လိုက်စားသင့်ပေသည်။
အသိပညာကို
ရှာဖွေဆည်းပူးလိုသော စိတ်ဓာတ်ကိုလည်း မွေးမြူသင့်ပေ သည်။ Cecil နှင့် Scoratesတို့က
အသိပညာရှာဖွေဖို့အတွက် ပထမဦးဆုံး ခြေလှမ်းက ကျွန်ုပ်တို့ ဘာတွေ မသိဘူးဆိုတာကို သိခြင်းပဲ
ဖြစ်ပေသည်။ ကိုယ်တကယ် မသိသော၊ ကိုယ်မတတ်သော အရာများကို သိတာဟာ စစ်မှန် သော အသိပညာဆီကို
လမ်းကြောင်း ဖြောင့်ဖြောင့်သွားဖို့ ဖြစ်ပေသည်ဟု ဆိုပါသည်။
ပညာကို
ဆည်းပူးလိုသော စိတ်၊ ပညာကို လိုလားသောစိတ် ကျွန်မတို့ လူသားများကို လွှမ်းမိုးလာအောင်
ကြိုးစားဖို့ လိုအပ်သည်ဟု ယူဆမိပါသည်။ ကျွန်မနှင့် အနီးစပ်ဆုံးဖြစ်သည့် ကျွန်မ၏ အဘိုးနှင့်
အဘွားတို့သည် သူတို့ ဘဝတစ်လျှောက်လုံး ပညာကို လိုက်စားခြင်း၊ ပညာကို ဆည်းပူးခြင်း၊
ပညာကိုဖန့်ဝေခြင်းဟူသော အလုပ်များကိုသာ စွဲစွဲမြဲမြဲ လုပ်ခဲ့ကြသူများ ဖြစ်၏။ ယင်း သည်
စိတ်ကို အစာကျွေးခြင်း တစ်မျိုးပင်ဖြစ်၍ ပညာနှင် ပျော်မွေ့စွာ နေရခြင်း ၏ အရသာကို ဘာနှင့်မျှ
လဲနိုင်တော့မည် မဟုတ်ပေ။
ကျွန်မတို့သည်
ပညာကို တတ်သိအောင် လေ့လာဆည်းပူး၍ နားလည် အောင် ကြိုးစားကာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်လာသော
ဦးနှောက်ရှိ အောင် မွေးမြူကြရပေမည်။ 'ဒါကို ကျွန်ုပ် မသိပါ။ ''ဒါကြောင့် မှားနေသည်''
ဟု ဘယ်တော့မှ မပြောဆိုလေနှင့်' ဟူသော အဆိုအမိန့်တစ်ခုကို တင်ပြရင်း ကျွန်မတို့၏ အချိန်များကို
အကျိုးရှိစွာ ကုန်လွန်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါ သည်။
No comments:
Post a Comment