စာဖတ်သောအကျင့် -ဂျူနီယာဝင်း
(အမှတ် ၁၇၅အတွေးအမြင်)
စာဖတ်ခြင်းနှင့် ပတ်သက်၍ ပြောဆိုရလျှင် အပြောလွယ်သလောက် လိုက်နာဖို့ ခက်လေသည်။ သို့သော် စာဖတ်တာကို စွဲသွားလျှင် လည်း တော်တော်အကိုျးပြုပါသည်။ အဲဒီအတွက် စာဖတ်သော အကျင့်ကိုစလုပ်ပါမည်။ စာဖတ်တာတွေနှင့် ပတ်သက်သမျှတွေကို လိုက်ရှာ ကြည့်ပါမည်။
စာအုပ်တွေဆိုတာ သစ္စာအရှိဆုံး မိတ်ဆွေကောင်းတွေဟု ညွှန်းဆိုထားပါသည်။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေဆိုတာဟာ ပြောင်းလဲ နိုင်သည်။ ကိုယ့်ဘေးမှာ အစဉ်ထာဝရ မရှိနိုင်ပါ။ သို့သော်လည်း စာအုပ်တွေကတော့ သင်နှင့်စကားပြောဖို့ စိတ်ရှည်ရှည်နှင့် အမြဲစောင့်လျက် ရှိနေပါသည်။ စာအုပ်တွေက သင့်ကိုမလှည့်စားပါ။ မကောက်ကျစ်ပါ။ သင်နှင့်လည်း မဆန့်ကျင်ပါ။ သို့သော် သင့်မိတ်ဆွေတွေကတော့ သင့် အပေါ် အမြဲမကောင်းနိုင်။ ဒီတော့ စာအုပ်တွေကို ချစ်လာရတာ ဆန်းတော့ မဆန်းပေ။
အသက်ငယ်ရွယ်စဉ်မှာ စာဖတ်သော အကျင့်ကို စလုပ်ဖို့ ကောင်းလှသည်။ ယင်းသည် ဘဝ၏ အဓိပ္ပာယ်နှင့် ဘဝအတွက် နေထိုင် အသက်ရှင်ခြင်း အကြောင်းတွေကို သင်ပေးပါလိမ့်မည်။ ဘဝ တစ်သက်တာလုံး ပျော်ရွှင်စွာနေထိုင်အသက်ရှင်ဖို့ စာအုပ်ဖတ်သော အကျင့်ကို လုပ်ရပါမည်။ စာအုပ်တွေကို ချစ်နေသ၍ တစ်ကိုယ်တည်း အထီးကျန်သော အဖြစ်မိုျး မရှိနိုင်ပေ။ လူတစ်ဦးတစ်ယောက်မှာ အချိန်ပိုတွေ ရှိနေသော်လည်း သူဘယ်တော့မှ မပျင်းပါ။ အကြောင်းမှာ သူ့ကို စာအုပ်တွေက အဖော်ပြုနေသောကြောင့် ဖြစ်သည်။ ထိုစာအုပ်တွေကို ရွှေတွေ၊ ငွေတွေနှင့် မလဲနိုင်ပါ။ စာအုပ်ချမ်းသာခြင်းဖြင့် သူ့ဘဝက ပြည့်စုံနေလေပြီ။
စာအုပ်တွေကို 'ရတနာသိုက်'ဟု ခေါ်ဝေါ်တင်စားပါသည်။ ထိုရတနာသိုက်က ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ္တမြားတွေ မဟုတ်ပါ။ ထို့ထက်မက တန်ဖိုးရှိသော အသိပညာ၊ အတွေးအခေါ်မြင့်မားသော စိတ်ဓာတ်ကို ပေးသည့် စာအုပ်စာပေတွေ ဖြစ်ပါသည်။ ထို့ကြောင့် စာဖတ်ဖို့ တိုက်တွန်းချင်ပါသည်။ ဘာစာတွေကို ဖတ်ရမည်နည်းဟူသည်က နောက်ဆက်တွဲ မေးခွန်းဖြစ်ပါသည်။ ဒီ့အတွက်စာတွေ များများ ဖတ်ပြီး ဒီအဖြေကို ရှာကြည့်ရပါမည်။
လက်လှမ်းမီသမျှ စာအုပ်တွေကို ဖတ်ပါ။ ထိုမှတစ်ဆင့် စာဖတ်သောအကျင့်ကို မွေးယူရပါမည်။ ထိုအခါ တခို့ျသော စာအုပ်တွေက အပျင်းပြေရုံ၊ ပျော်ရွှင်ရုံသက်သက် ဖြစ်ပါသည်။ ထိုစာအုပ်တွေသည် လူတိုင်းလူတိုင်းအား စာဖတ်ခြင်းနေရာကို ပေးလိုက်သော အရာတွေ ဖြစ်လာပါသည်။ ပျင်းရိနေသော အချိန်တွေ စာတွေ ကျက်မှတ်ရ၍ ခေါင်းမကြည်လင်သော အချိန်တွေမှာ ဦးနှောက်ကို ပြန်လည်ဖွံ့ဖြိုး၍ ကြည်လင်လာစေဖို့ ပညာရှင်ပုဂ္ဂိုလ်ကြီးတွေ ရေးသားသောစာအုပ်စာပေတွေကို ဖတ်ကိုဖတ်ကြရပါမည်။
စိတ်ကူးယဉ် ဝတ္ထုတွေကိုချည်းပဲ ဖတ်ခြင်းသည် မုန့်အခိုျတွေ၊ ကိတ်မုန့်တွေကိုချည်းပဲ စားနေတာနှင့် တူပါသည်။ ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းဖို့ အစာစားရန် လိုအပ်သလို ဦးနှောက်အတွက် လေးနက်သော စာအုပ်စာပေတွေကို ဖတ်ရမည်။ အဲဒီအတွက် ကိုယ့်အကြိုက်နှင့် ကိုယ်ညီဖို့ ရွေးချယ်နိုင်ရပါမည်။ သမိုင်းဝင် စာအုပ်တွေ၊ အတ္ထုပ္ပတ္တိစာပေတွေ၊ အတွေးအခေါ်စာတမ်းတွေ၊ ဘာသာရေး၊ ခရီးသွားမှတ်တမ်း များနှင့် သိပ္ပံပညာရပ် စာအုပ်တွေသည် စိတ်ပျော်ရွှင်ရုံသာမက ပညာကိုပါ ပေးပါသည်။ ဝတ္ထုတွေ၊ စိတ်ကူးယဉ်စာပေတွေက ပေးတာတွေထက် သာလွန်သော ခိုင်မာသည့် စိတ်ပျော်ရွှင်မှုကို ရရှိစေပါသည်။ စာဖတ်မည့် အတူတူတော့ ကိုယ့်စိတ်ကို ခွန်အားပေးမည့် စာပေမိုျးကို ရွေးချယ်ဖတ်ရှုသင့်လှသည်။
ကဗျာတွေကတော့ လှပသော အတွေးစိတ်ကူး၊ မြင့်မြတ်သော အတွေးအခေါ်နှင့် အကောင်းဆုံးသော စိတ်ကူးဝတ်စုံကို ဆင်မြန်းထား သည့် ချစ်စရာကောင်းသော တေးဂီတဘာသာစကားတစ်ခုဖြစ်သည်ဟု တင်စားထားပါသည်။ ကဗျာတွေကို ချွင်းချက်မရှိ ဖတ်ပြီး ခံစားကြည့် ဖို့ အားပေးထားသည့်သဘော ဖြစ်ပါသည်။
ကျွန်မ၏ ကိုယ်တွေ့အမြင်ဖြင့်ဆိုရလျှင် တွေ့သမျှ စာတွေဖတ်လာရင်းက ဘယ်စာကဖြင့် အချိန်ကုန်ပြီး ကိုယ့်အတွက် ဘာမှမကျန် ဆိုတာကို သိလာရခြင်း၊ ဘယ်လိုစာပေမိုျးကဖြင့် စိတ်အသိညဏ်ဖွံ့ဖြိုးတိုးတက်စေခြင်းဆိုတာကို သိလာနိုင်ပါသည်။ အဲဒီလို အသိအမြင်မိုျး ရလာဖို့လနှင့်ချီပြီး ကြာနိုင်ပါသည်။ နှစ်နှင့်လည်း ချီနိုင်ပါသည်။ ကျွန်မအဖို့တော့ အဲဒီအတွက် နှစ်နှစ်လောက်ကြာခဲ့ရပါသည်။ ကျွန်မထက် ညဏ်ပိုကောင်းသူကတော့ တစ်လလောက်နှင့်လည်း ဘယ်စာမိုျးကို ဖတ်သင့်သလဲ အကိုျးရှိသလဲဆိုတဲ့ အမြင်ရလာနိုင်ပါသည်။
အဲဒီအတွက် စာဖတ်သောအကျင့်ကို စလုပ်ဖို့တွေ့သမျှစာတွေကို ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါသည်။ ထိုကမှတစ်ဆင့် စိတ်အသိညဏ် တိုးတက်မြင့်မားလာစေဖို့ ဘယ်လိုစာမိုျးတွေ ဖတ်သင့်သလဲဆိုတာ ကိုယ့်ဘာသာ ရွေးချယ်တတ်သွားနိုင်ပါသည်။ တစ်ပါးသူပြောတာကို နားဝင်ဖို့ ခက်ပါသည်။ ထို့ကြောင့် ကိုယ့်ဘာသာကြိုးစားပြီး စာဖတ်သော အကျင့်ကို မွေးယူစေချင်ပါသည်။
ထိုမှတစ်ဖန် စာဖတ်သော အကျင့်ကို မပျောက်ပျက်သွားအောင် ထိန်းသိမ်းဖို့ အရေးကြီးပြန်ပါသည်။ ကျွန်မအတွက်တော့ ကြိုးစား နေဆဲသာ ဖြစ်ပါသည်။ ကျွန်မ အဘိုး၊ အဘွားတွေလို ရှိတ်စပီးယား ကဗျာတွေ နှုတ်တိုက်ရွတ်ဆိုနိုင်လောက်အောင် ရှေးရိုးရာပုံပြင်သမိုင်း တွေကို အလွတ်ကျက်ထားသည့်အလား အချိန်မရွေး ဂုဏ်ယူစဖွယ် ပြောပြနိုင်လောက်အောင် မစွမ်းဆောင်နိုင်သေးပါ။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် ကြိုးစားဖို့ လိုသေးကြောင်း အမြဲတစေ အမှတ်တရနေရပါတော့သည်။
No comments:
Post a Comment