Friday, February 7, 2014

တယ်လီဖုန်းတီထွင်သူ ဘယ်သူလဲ - ဂျူနီယာဝင်း

တယ်လီဖုန်းတီထွင်သူ  ဘယ်သူလဲ - ဂျူနီယာဝင်း
(အမှတ် ၁၇၂ )
 

('ကလင် ကလင်မြည်သံ ဒီလိုခိုျတယ် တယ်လီဖုန်းလေးရယ်... တီထွင်နိုင်သူ အမည် ဟာ ဂရေဟမ် ဘဲလ်တဲ့ကွယ်...' ဆိုတဲ့ သီချင်းစာသားတွေထဲက 'တီထွင်နိုင်သူ'ဆိုတဲ့ နေရာမှာ 'မှတ်ပုံတင်နို်င်သူ'လို့ဆိုလိုက်ရင် ကောင်းမယ်။')
အတွေးအမြင် နှစ် ၂ဝ အမှတ်တရအဖြစ် ဆောင်းပါးတစ်ပုဒ် ပေးခဲ့ဖူးပါတယ်။ နှစ် ၂ဝ အမှတ်တရဆိုတော့ အမှတ်တရတွေကိုချည်း စုစည်းပြီး ရေးဖြစ်ခဲ့တဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီ အမှတ်တရတွေထဲမှာ ဂရေဟမ်ဘဲလ် (Graham Bell) အကြောင်းပါတယ်။ ဒီနာမည် ကို သိကြပါတယ်။ တယ်လီဖုန်းတီထွင်ခဲ့သူအဖြစ် သီချင်းရေးသူ၊ သီချင်းဆိုသူတွေ၊ ဆရာ ဆရာမတွေ၊ ကျောင်းသား သူငယ်တွေကစလို့ စာရေးသူတွေပါ သိကြပါတယ်။ ကျွန်မလည်း အဲဒီလိုပဲ လက်ခံထားပါတယ်။ ကြာပါပြီ... ဒီလိုပဲ ယုံကြည်လာခဲ့တာ။ ကျွန်မ တစ်သက်ပေါ့။
          ဆရာဦးဝံသက ကျွန်မရဲ့ ဆောင်းပါးထဲမှာ တယ်လီဖုန်း တီထွင်ခဲ့သူ ဖခင်ကြီးလို့ ဂရေဟမ်ဘဲလ်ကို ရည်ညွှန်းရေးထားတဲ့ စာပိုဒ်ကို ဖြုတ်ပစ်ရင် ကောင်းမယ်လို့ဆိုပါတယ်။ ဂရေဟမ်ဘဲလ်ဟာ တယ်လီဖုန်းတီထွင်ခဲ့သူ အစစ်မဟုတ်ဘူးဆိုတာ ပေါ်ခဲ့ပြီလို့ ဦးဝံသက ပြော တယ်။ သူတောင် ရနံ့သစ်မဂ္ဂဇင်းမှာ သည်အကြောင်း ဆောင်းပါးရေးပြီးပြီလို့လည်း ပြောပါတယ်။ အဲဒီလောက် ပြောနေလို့လည်း ကျွန်မ၏ မှားယွင်းမှုကို မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ဖြုတ်ပေးခဲ့ပါတယ်။ သို့သော်လည်း တစ်သက်လုံး ယုံကြည်လာခဲ့တဲ့ အချက်ကို ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ဖျောက်ပစ်လို့ရမှာလဲ။ ရုပ်ရှင်တွေထဲမှာတော့ ကိုယ့်မိဘရင်း အမှတ်နဲ့ နေလာပြီးမှ မွေးစားမိဘတွေလို့ သိလာတဲ့အခါ ခံစားရပုံတွေ တွေ့ဖူးပါရဲ့။ အခုလည်း အဲသလောက်နီးပါးကို ခံစားမိတယ်။
          ကျွန်မသိတဲ့ Graham Bell ဆိုတာ တယ်လီဖုန်း တီထွင်ခဲ့သူတစ်ဦးအနေနဲ့ မကခဲ့ပါဘူး။ သူ ပထမဆုံး တီထွင်ခဲ့တဲ့ Telephone ရဲ့ အမည်ရင်းက Photophone ဖြစ်ပါတယ်။ အလင်းရဲ့ ရောင်ခြည်တန်းပေါ်ကနေ အသံထွက်တဲ့ စနစ်ကို တီထွင်ခဲ့ပါတယ်။ ၁၈၈၁ ခုနှစ် မှာ ကိုက် ၂ဝဝ ဝေးတဲ့ အဆောက်အဦနှစ်ခုကြားမှာ Phonophone ပြသမှု အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ တီထွင်မှုဟာ ယနေ့ခေတ် အသုံးဝင် လှတဲ့လေဆာနဲ့ စက္ခုအကြည်အာရုံရဲ့ ဆက်သွယ်မှုရဲ့ အဓိကစနစ်ကို တွေ့ရှိခဲ့ပါတယ်။ Bell ရဲ့ တယ်လီဖုန်းတင်မက သူ့ရဲ့တီထွင်မှု စွမ်းပကားတွေအကြောင်းကို ကျွန်မက ဖော်ပြချင်သေးတယ်။ ရည်ရွယ်ချက်ကတော့ ကျွန်မဟာ Graham Bell သည် တယ်လီဖုန်းတီထွင်သူ မဟုတ်ပါဆိုတဲ့ အချက်ကို ဘာကြောင့် လွယ်လွယ်ကူကူ လက်မခံနိုင် ဖြစ်ခဲ့ရတယ်ဆိုတာရယ်၊ လက်ခံဖို့ တော်တော်ခက်ခဲခဲ့ရတယ်ဆိုတာ တင်ပြချင်လို့ ဖြစ်ပါတယ်။
          ဂရေဟမ်ဘဲလ်ဟာ နားမကြားသူတွေရဲ့ မိုျးရိုးသဘာဝတွေကို လေ့လာခဲ့တယ်။ နောက်ပိုင်းမှာ သိုးတွေရဲ့ မိုျးရိုးဗီဇဆိုင်ရာ သဘာဝ အတိုင်း မဟုတ်တဲ့ မွေးဖွားမှုကို လေ့လာခဲ့တယ်။ Beinn Bhreaghမှာ ပြုလုပ်တဲ့ ပထမဦးဆုံးသိုးမွေးမြူရေး စမ်းသပ်မှုတွေမှာ သိုးအမြွှာ တွေ၊ သိုး သုံးမြွှာပူးတွေ အောင်မြင်စွာ မွေးပေးနိုင်ခဲ့တယ်။ ၁၈၈၁ ခုနှစ်မှာ မိုးကြိုးဓာတ်နဲ့ ပြုပြင်ထားတဲ့ သံလိုက်ပစ္စည်းကို တီထွင်ခဲ့တယ်။ အဲဒီ ကိရိယာက အရာဝတ္ထုကို မထိဘဲ ဓာတ်ကူးစေတဲ့ သတ္တိရှိတယ်။ အဲဒီ ကိရိယာကိုသုံးပြီး သမ္မတ Garfieldသေနတ်နဲ့ လုပ်ကြံခံရစဉ်က သူ့ကိုယ်ထဲက ကျည်ဆံရဲ့ တည်နေရာကို ထောက်လှမ်းနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ သူက တယ်လီဖုန်းလက်ခံခလုတ်ကို တီထွင်ထုတ်လုပ်ခဲ့တယ်။
          အဲဒီနှစ်မှာပဲ သူ့သား Edward က အသက်ရှူလမ်းကြောင်းပိတ်တဲ့ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။ ဂရေဟမ်ဘဲလ်အတွက် အဲဒီ ဝမ်းနည်း မှုဟာ ‘Metal Vacum Facket  (ခေါ်) 'သတ္တုနှင့် ပြုလုပ်သော လေဟာနယ် အင်္ကျီ' ဒီဇိုင်းလုပ်ဖို့ ဖြစ်လာတယ်။ အဲဒီ ဒီဇိုင်းဟာ အသက်ရှူရလွယ်စေတဲ့ ဒီဇိုင်းဖြစ်တယ်။ အဲဒီကိရိယာဟာ ၁၉၅ဝ မှာ ပိုလီယိုရောဂါသည်တွေကို ကူညီပေးမယ့် အဆုတ်လြွေပန်ခေါင်း ကျန်းမာစေတဲ့ ကိရိယာရဲ့ ရှေ့ပြေးတစ်ခု ဖြစ်ခဲ့ရတယ်။ သူ့ရဲ့ audio meterဆိုတဲ့ အကြားအာရုံတိုင်း ကိရိယာဟာ သာမန် နားမကြားတဲ့ ပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်။ ဒါ့အပြင် ဆားငန်ရေထဲက ဆားကို ဖယ်ထုတ်တဲ့နည်းတွေကို ရှာဖွေခဲ့တယ်။ သိပ္ပနည်းကျလေ့လာမှုတွေ၊ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တယ်။ ၁၉ဝ၉ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ အင်ဂျင်နီယာ အဖွဲ့တစ်ဖွဲ့နဲ့အတူ Silver Dart  ခေါ်တဲ့ စွမ်းရည်ပြည့် လေယာဉ် တီထွင်ပြသမှုကို ကနေဒါမှာ ပြုလုပ်ပြသခဲ့ပါတယ်။
          သူ မကွယ်လွန်မီ လအနည်းငယ်လောက်က သတင်းထောက်တစ်ဦးကို အခုလို ပြောခဲ့ပါတယ်။ 'လူတစ်ဦး တစ်ယောက်ရဲ့ တီထွင် စူးစမ်းလိုစိတ်၊ သိချင်စိတ်၊ စပ်စုစိတ်တွေကို အဆက်မပြတ် လုပ်ဆောင်နေတဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုကို ဘယ်အရာကမှ ရပ်တန့် အောင် လုပ်ပစ်လို့ မရပါဘူး'တဲ့။ ပြောရရင်တော့ ဂရေဟမ်ဘဲလ်ရဲ့ တစ်သက်တာ တီထွင်မှုတွေထဲမှာ လူတွေကြားထဲ အထင်ကရ ဖြစ်ခဲ့တာ က တယ်လီဖုန်းဖြစ်ပါတယ်။ သူ့ရဲ့တစ်သက်တာ တီထွင်မှုတွေ အကြောင်းကို သိထားခဲ့လို့လည်း ဂရေဟမ်ဘဲလ်ဟာ တယ်လီဖုန်းတီထွင်သူ မဟုတ်ဆိုတာကို လက်ခံဖို့ သက်သေအထောက်အထားတွေ ရှာဖွေဖို့ လိုအပ်ခဲ့ပါပြီ။
          ဒါဆိုရင် တယ်လီဖုန်း တီထွင်သူ အစစ်အမှန်က ဘယ်သူပါလဲ။ အဲဒီမေးခွန်းကို အင်တာနက်ထဲမှာ မေးကြည့်လိုက်ပါတယ်။ 'တယ်လီဖုန်းကို တီထွင်ခဲ့သူအစစ်အမှန်၏အမည်ကို သိချင်ပါသည်'။ ဒီတော့ အဖြေထွက်လာပါတယ်။ 'အလက်ဇန်းဒါး ဂရေဟမ်ဘဲလ်သည် တယ်လီဖုန်းမှတ်ပုံတင်ခဲ့သူ ပထမဦးဆုံး ပုဂ္ဂိုလ်ဖြစ်ပါသည်'တဲ့။ အဖြေက ကျေနပ်စရာမကောင်းပါ။ ထို့ကြောင့် ကျွန်မ၏ မေးခွန်းထဲက 'အစစ်အမှန်' ဟူသော စကားလုံးကို ဖြုတ်၍ ထပ်မေးကြည့်လိုက်တော့ Alexandre Graham Bell ဟူသော အမည်အပြင် Elisa Gray နှင့် Anotonio Meucci အမည်များ ပေါ်လာပါတယ်။ ဒါကြောင့် ထပ်၍ Alexandre Graham Bellသည် တယ်လီဖုန်းကို တီထွင်ခဲ့သူ အစစ်အမှန်၏ အမည်ဖြစ်ပါသလားဟု ထပ်မေးတော့မှ Granham Bell ဂရေဟမ်ဘဲလ်သည် တယ်လီဖုန်းကို တီထွင်ခဲ့သူ မဟုတ်ပါဟူသော အဖြေကို ရခဲ့ပါတော့တယ်။
          ဂရေဟမ်ဘဲလ်က တယ်လီဖုန်းတီထွင်သူ ဖခင်ကြီး ဖြစ်ခဲ့ရခြင်းမှာ တယ်လီဖုန်းဒီဇိုင်းကို ပထမဦးဆုံးမှတ်ပုံတင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက တယ်လီဖုန်းဆိုတဲ့ စိတ်ကူးကို အရင်ဆုံး ရခဲ့တဲ့သူမဟုတ်ပါဘူး။ ယခု တရားဝင်အရ 'အန်တိုနီယိုမီယူချီ (Antonio Meucci) သည် တယ်လီဖုန်း တီထွင်ခဲ့သူ အစစ်အမှန် ဖြစ်ပါသည်'ဟု ဆိုထားပါတယ်။ သူ့အကြောင်းကို ကျွန်မ နောက်ပိုင်းမှာ ဆက်လက် တင်ပြသွားဖို့ ရှိပါတယ်။ ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ John F.Bailey ရဲ့White Plain Citizen Net Reporter (သတင်းပေးပို့ချက်များကို တင်ပြပေးတဲ့ ထုတ်လွှင့်ချက်) သို့ ပေးပို့တဲ့ သတင်းအရ မီယူချီရဲ့ နှစ် ၉ဝ ပြည့်အမှတ်တရအဖြစ် အီတလီ-အမေရိကန်တွေက Maple Avenue မှာ စုစည်းခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့က အန်တိုနီယို မီယူချီကို ဂုဏ်ပြုတဲ့အခမ်းအနားတစ်ခုကို အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ တယ်လီဖုန်း တီထွင်ခဲ့သူ အစစ်အမှန်အဖြစ် ဖော်ထုတ်တဲ့သဘောဖြစ်ရုံမက အလက်ဇန်းဒါး ဂရေဟမ်ဘဲလ်ဟာ မီယူချီရဲ့ တီထွင်မှုကို ခိုးယူခဲ့တယ်လို့ အတိအလင်း ဖော်ပြထားတာကို ကျွန်မ တွေ့ရှိဖတ်ရှုခဲ့ရပါတယ်။
          မှတ်ပုံတင်တယ်ဆိုတဲ့ ကိစ္စဟာ တော်တာ်စိတ်ဝင်စားစရာပဲလို့ ကျွန်မတွေးမိတယ်။ ကိုယ်ဘယ်လောက်ကြီးပဲ ရှေ့ကို ရောက်ပါစေ၊ မှတ်ပုံတင်မထားရင် တရားမဝင်ပါဘူး။ အသိအမှတ်ပြုခြင်း မခံရပါဘူး။ ဒါကြောင့်လည်း အခု ဖြစ်ခဲ့ရတဲ့ကိစ္စဟာ အဲဒီသတ်မှတ်ချက်တွေ ကြောင့် ရှုပ်ကုန်တယ်လို့တော့ စဉ်းစားမိတယ်။ အီတလီလူမိုျး မီယုချီဟာ ၁၈၄၉ ခုနှစ်မှာ စကားပြော ကြေးနန်း သို့မဟုတ် တယ်လီဖုန်း ဒီဇိုင်းကို စတင် တီထွင်ခဲ့ပါတယ်။ ၁၈၇၁ ခုနှစ်မှာ အဲဒီစကားပြောကြေးနန်း ဒီဇိုင်းအတွက် မှတ်ပုံတင်ဖောင်ကို ဖြည့်ခဲ့ပါတယ်။ လူထုရှေ့ မှာ သူ့ရဲ့ တယ်လီဖုန်းလိုင်းပြပွဲကို ၁၈၆ဝ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီးဖြစ်လို့ နယူးယောက်က အီတလီသတင်းစာတွေရဲ့ မျက်နှာဖုံးမှာ မီယူချီရဲ့ သတင်းဟာ အီတလီတွေအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ရပါတယ်။ သို့သော်လည်း ငွေရေးကြေးရေးမှာ နိမ့်ကျခဲ့တဲ့ မီယူချီရဲ့ သတင်းက မျောနေ ခဲ့တယ်။ တစ်ဖန် ရေနွေးငွေ့နဲ့မောင်းတဲ့ သင်္ဘောပေါက်ကွဲတဲ့ထဲ ပါခဲ့ရလို့ မီယူချီဟာ မသေရုံတမယ် ခံစားနေရချိန်မှာ သူ့ဇနီးက တစ်စုံ တစ်ယောက်ကို သူ့ရဲ့ တယ်လီဖုန်းပုံစံငယ်ကို ၆ ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး ပိုက်ဆံရှာခဲ့ရတယ်။
          သူနေပြန်ကောင်းလာတော့ တယ်လီဖုန်းကို ပြန်လုပ်ပြီး မှတ်ပုံတင်ရဖို့ မျှော်လင့်ခဲ့ရတယ်။ ဒါပေမဲ့ မှတ်ပုံတင်ကြေး ၂၅ဝ ဒေါ်လာ ပေးစရာ မရှိတာကြောင့် ၁၈၇၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့စွဲနဲ့ တင်ခဲ့တဲ့ ဖောင်ဟာ ၁၈၇၃ ခုနှစ်တိုင်ခဲ့ရတယ်။ မီယူချီဟာ Western Union တယ်လီဖုန်းကြေးနန်းကုမ္ပဏီရဲ့ ဒုတိယဥက္က Edward Grant ကို သူ့ရဲ့ တယ်လီဖုန်းမော်ဒယ်လ်ကို ပေးပြီး အဲဒီကြေးနန်းရုံးက ဝါယာကြိုးတွေမှာ စမ်းသပ်ကြည့်ဖို့ အခွင့်တောင်းခဲ့ပါတယ်။ Grant ကို မီယူချီ (Meucci) က မေးလိုက်တိုင်း စီစဉ်နေဆဲ ပါဆိုတဲ့ အဖြေပဲ ရခဲ့တယ်။ ဒါကြောင့် ၂ နှစ်ကျော်ကြာတော့ မီယူချီဟာ သူ့ရဲ့ တယ်လီဖုန်းမော်ဒယ်လ်ကို ပြန်တောင်းခဲ့ရာမှာ သူ့ရဲ့ မော်ဒယ်လ်ဟာ ပျောက်ဆုံးခဲ့ပြီလို့ အကြောင်းကြားခြင်း ခံခဲ့ရပါတယ်။ အဲဒါ ၁၈၇၄ ခုနှစ်မှာ ဖြစ်ပါတယ်။
          ၁၈၇၆ ခုနှစ်မှာ ဂရေဟမ်ဘဲလ်က 'တယ်လီဖုန်း'လို့ အမည်ပေးထားတဲ့ ပစ္စည်းကို မှတ်ပုံတင်လိုက်ပြီဖြစ်လို့ တရားဝင်သွားတဲ့နောက် မှာ Meucci ဟာ အမေရိကန် မှတ်ပုံတင်ရုံးကို သူ့ရှေ့နေကို တောင်းဆိုမှုတွေ လုပ်ခိုင်းခဲ့ပေမယ့် သူ့ရှေ့နေက ဘာမှ မလုပ်ပေးခဲ့ဘူး။ မှတ်ပုံ တင်ရုံးက Meucci ကိုယ်တိုင် ဖြည့်ခဲ့တဲ့ မှတ်ပုံတင် မူရင်းစာရွက်စာတမ်းတွေဟာလည်း လှို့ျဝှက်စွာနဲ့ ပျောက်ဆုံးခဲ့ပါပြီ။ နောက်ပိုင်း တွေ့ရှိချက်တွေအရ ဆိုရင်တော့ အဲဒီ Western Union တယ်လီဖုန်းကြေးနန်းကုမ္ပဏီနဲ့ Bell ကုမ္ပဏီတို့ကြားမှာ ဥပဒေအရ သဘောတူညီ ချက်တွေ ရှိခဲ့တယ်။ အဲဒီမှာ ၁၇ နှစ်စာအတွက် တယ်လီဖုန်း ရောင်းချရမှုရဲ့ အကိုျး ၂ဝ% ကို Bell  ကWestern Union ကို ပေးဖို့ ဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ်မှာ Meucci က သူ့ရဲ့ တီထွင်မှုကို ခိုးယူသူအဖြစ် Bell ကို တရားစွဲခဲ့ပါတယ်။ Meucciဟာ တရားရုံးမှာ သူ့ရဲ့တီထွင်မှု အဆင့်တွေကို တစ်ဆင့်ပြီး တစ်ဆင့် ရှင်းလင်း တင်ပြခဲ့သော်လည်း အမှုက ဒီတိုင်းပဲ ဖြစ်နေခဲ့တယ်။
          အဲဒီအချိန်တုန်းက နိုင်ငံခြားရေးဝန်ကြီးဖြစ်သူကတောင် 'အကယ်၍များ Meucci တယ်လီဖုန်း တီထွင်ခဲ့တယ်ဆိုတဲ့ သက်သေပြချက် သာ ရှိခဲ့မယ်ဆိုရင်'ဆိုပြီး မှတ်ချက်ချထားတာ တွေ့ရပါတယ်။
          ယခုတစ်ဖန် စစ်ဆေးတွေ့ရှိချက်တွေအရ စိတ်ဝင်စားစရာ နောက်တစ်ဦးက Oberlin တက္ကသိုလ်မှ ဆရာ Elisha Gray ဖြစ်ပါတယ်။ သူက Bell မှတ်ပုံတင်ခဲ့တဲ့နေ့မှာပဲ တယ်လီဖုန်းတီထွင်မှု မှတ်ပုံတင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင်စာအရ ပထမဦးဆုံး မှတ်ပုံတင်ရုံး ကို ရောက်ခဲ့သူက Bell လို့ ဆိုပါတယ်။ အဲဒီနေ့က ၁၈၇၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် ဖြစ်ပါတယ်။ ထိုရက်တွင် မှတ်ပုံလာတင်သော စာရင်းအရ Bell က ၅ ယောက်မြောက်နှင့် Gray က ၃၉ ယောက်မြောက်ဖြစ်ပါတယ်။ တယ်လီဖုန်း မှတ်ပုံတင်ခဲ့သူ ထို ၂ ဦးရဲ့ မှတ်ပုံ တင် အမှတ်စဉ်အရ  Bellကို ပထမဦးဆုံး မှတ်ပုံတင်သူအဖြစ် မှတ်ပုံတင်ရုံးက မှတ်တမ်းတင်ထားပါတယ်။ ဒါကြောင့် Bell ဟာ အမေရိ ကန် ပြည်ထောင်စုမှတ်ပုံတင်နံပါတ် ၁၇၄ ၄၆၅ အရ ပထမဦးဆုံး တယ်လီဖုန်း မှတ်ပုံတင်စာရင်းဝင်ခဲ့ပါပြီ။
          ၂ဝဝ၃- ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ Computer Science ကွန်ပြူတာ ကွန်ရက်ထဲမှာ ၂ဝဝ၁ ခုနှစ် 'ကော်ပီရိုက်' စာမူတစ်ခုကို ၂ဝဝ၄ ခုနှစ် ဧပြီလတုန်းက အင်တာနက်ထဲမှာ ဖတ်လိုက်ရသေးတယ်။ အဲဒီထဲမှာ ‘Antonio Meucci’ သည် တယ်လီဖုန်း တီထွင်သူ အစစ် အမှန်ဖြစ်ပါသည်'လို့ အတိအလင်း ကြေညာထားပြီးတဲ့နောက် လန်ဒန်မှာရှိတဲ့ Science Museum (သိပ္ပံပညာရပ်ဆိုင်ရာ ပြတိုက်) ရဲ့ ကြိုးပမ်းတွေ့ရှိချက် တစ်ခုကို တွေ့ရတယ်။
          Bell မွေးခဲ့တဲ့ ၁၈၄၇ ခုနှစ်ကနေ နှစ်တစ်ရာပြည့်အဖြစ် ၁၉၄၇ ခုနှစ်မှာ ပြတိုက်ရဲ့ တယ်လီဖုန်းသမိုင်းပြသပွဲမှာ Bell ရဲ့ဖိုင်တွေ အပါအဝင် အများသိအောင် ပြသခဲ့ကြရာမှာ စမ်းသပ်မှုတွေဟာ ဆန့်ကျင်ဘက်တွေ ဖြစ်နေတာကြောင့် 'အဆင့်မြင့် တယ်လီဖုန်းနှင့် ကြေးနန်း ဌာန' (STC) ရဲ့ ဥက္ကဌ Sir Frank Gill က လှို့ျဝှက်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ ရရှိခဲ့တဲ့ အချက်အလက်တွေအရ STC ဟာ အဲဒီအချိန် တုန်းက 'အမေရိကန် ကြေးနန်းနဲ့ တယ်လီဖုန်း ကုမ္ပဏီ' (ATT) နဲ့ အကိုျးအမြတ်ရှိတဲ့ အလုပ်တွေ လုပ်နေခဲ့ပါတယ်။ ATT ဟာ ဘဲလ်ကုမ္ပဏီကနေ ထွက်ပေါ်လာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Gillကိုယ်တိုင်ကလည်း ဒါကို လူသိအောင် လုပ်တာဟာ စီးပွားရေးအရ အကိုျး မရှိနိုင်ဘူးလို့ တွေးခဲ့ပါတယ်။
          အဲဒီဖိုင်တွေပေါ်မှာ 'ထိပ်တန်းလှို့ျဝှက်'လို့ မှတ်သားထားပါတယ်။ အဲဒါကို လွန်ခဲ့တဲ့ ၈ ပတ်လောက်က Science Museum ပြတိုက် အမှုထမ်းတစ်ဦးက တွေ့ခဲ့တာဖြစ်ပါတယ်။ STC နဲ့ ပြတိုက်တာဝန်ခံတွေနဲ့ ကြားမှာ လှို့ျဝှက်စွာ တိတ်တိတ်ကလေးရှိခဲ့တဲ့ လှို့ျဝှက် ကြံစည်မှု တစ်ခုဟာ ဘဲလ် တယ်လီဖုန်းကို တကယ်ပဲ တီထွင်ခဲ့ပါသလားဆိုတဲ့ မေးခွန်းကို ပြန်ဖြေကြည့်ကြဖို့ လိုပြီလို့ အချက်ပြလိုက်တာပါပဲ။
          ၁၉၄၇ ခုနှစ် မတ်လ ၁၈ ရက်နေ့ စွဲနဲ့ Science Museum ပြတိုက်မှူး Garald Garrat က အခုလို ရေးထားတဲ့ မှတ်တမ်းတစ်ခု ရှိပါတယ်။ ''ဒီကနေ့ပဲSTC ကနေ မစ္စတာ LC Pocock ပေးပို့လိုက်တဲ့ မှတ်တမ်းတွဲတွေ ရပါတယ်။ သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ ဒါတွေကို လူထုရှေ့ချ မပြရဘူး။ မထုတ်ဝေရဘူးဆိုတဲ့ တင်းကျပ်တဲ့ နားလည်မှုနဲ့ ဖြစ်ပါတယ်။ အခု လတ်တလောရှိနေတဲ့ STC နဲ့ ATT တို့ကြားက စီးပွားရေး သဘောတူညီမှုတွေကြောင့် ဖြစ်ပါလိမ့်မယ်။ STCကရတဲ့ ရလဒ်တွေအရ Frankfurt အရပ် Friedrichsdorf မှ ရူပဗေဒဆရာ၊ ထက်မြက်တဲ့ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Philip Reis တီထွင်ခဲ့တဲ့ တယ်လီဖုန်းစမ်းသပ်ကိရိယာတွေရဲ့ ဒီဇိုင်းဟာ ဘဲလ်ဒီဇိုင်းတွေနဲ့ တူနေပါတယ်။ Reis ရဲ့ ကိရိယာမှာ ၁၈၆၃ ခုနှစ်တုန်းက ဂျာမန်တွေလုပ်တဲ့ အသံလွှင့်စက်ပါတယ်။ ခေတ်မီတဲ့ လက်ကိုင်ခွက် ပါပါတယ်။
          ဒါ့အပြင် Garrat ရဲ့ နောက်စာတစ်စောင်ကိုလည်း တွေ့ခဲ့ပါတယ်။ သူက ဒီကိစ္စဟာ STC မှာ တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။ Reis နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ ဖိုင်တွဲတွေကို ပြန်ပေးဖို့ ရေးထားပါတယ်။ Rocockု ကို ရေးတဲ့ စာမှာ Garrat က ''ကျွန်တော်ဟာ ဒီလှို့ျဝှက်ချက်တွေ အားလုံးအပေါ်မှာ စိတ်မသက်မသာ ဖြစ်ရတယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ်။ ကျွန်တော်ကတော့ ဒီမှတ်တမ်း မှတ်ရာတွေကို တခြားမှတ်တမ်းတွေနဲ့အတူ ထားချင်ပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ လှို့ျဝှက်ထားတာဟာ ဒါဟာ တစ်နေ့မှာ ကမ္ဘာ့စိတ်အဝင်စားဆုံး ကိစ္စတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်ဆီမှာ ဂရေဟမ်ဘဲလ်က တယ်လီဖုန်းတီထွင်ခဲ့သလား ဆိုတဲ့ မေးခွန်းကို ဖြေထားတဲ့ ပုံမနှိပ်ရသေးတဲ့ စာမျက်နှာ ၄ဝဝ ရှိတဲ့ စာရွက်စာတမ်းတွေ ရှိပါတယ်။ အဲဒီမှာ ဂရေဟမ်ဘဲလ် မဟုတ်ပါဘူး ဆိုတဲ့ ရှင်းလင်းချက်တွေ ရှိပါတယ်။ ဒီမှတ်တမ်းတွေကို ထုတ်ပြဖို့ သဘောတူပါသလား ... ဒါမှမဟုတ် ဒီအတိုင်းပဲ ထားဖို့ကို လက်ခံပါ သလား''
          ၁၉၅၅ ခုနှစ်မှာ အဲဒီအချက်အလက်တွေ စာရွက်စာတမ်းတွေ အားလုံး Science Museum ကို ပြန်ရောက်လာခဲ့ ပါတယ်။ အဲဒါတွေ ကို ယခုလက်ရှိ ပြတိုက်မှူး John Liffen လက်ထက်ရောက်သည့် တိုင်အောင် ပြတိုက်မှာ သိမ်းဆည်းထားခြင်းခံခဲ့ရပါတယ်။ မမျှော်လင့်ဘဲ တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေကြောင့် တယ်လီဖုန်းရဲ့ မူလအစကို ဖော်ဖို့အချိန် ရောက်ခဲ့ရပါပြီ။
          ''ကျွန်တော် ဒါတွေကို မမျှော်လင့်ဘဲ တွေ့ခဲ့တယ်။ ဘုရားတောင်တမိပါတယ်။ စိတ်ဝင်စားစရာပါပဲ။ Reis ရဲ့ အသံလွှင့်စက်နဲ့ အသံ လက်ခံ ကိရိယာက ဘဲလ်ရဲ့ စနစ်အတိုင်း အလုပ်လုပ်ပါတယ်။ Reis ဟာ ၁၈၆၃ ခုနှစ် ဘဲလ်ရဲ့မူပိုင် မှတ်ပုံတင်မရခင် ၁၃ နှစ်က တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် STC ဟာ ဒီရလဒ်တွေနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်။ ရလဒ်တွေအရ ဘဲလ်မဟုတ် တဲ့ တစ်စုံတစ်ယောက်ဟာ တယ်လီဖုန်းကို တီထွင်ခဲ့တယ်။ ရလာတဲ့ ရလဒ်တွေကို ဘယ်သူမှ မပြောဘဲ တိတ်တိတ်နေဖို့ စီစဉ်ခဲ့တယ်'။
          တယ်လီဖုန်း တီထွင်သူ အစစ်အမှန် ဘယ်သူလဲဆိုတဲ့ အငြင်းပွားမှု ထုထည်ကြီးမားလာချိန်မှာ Liffenက Reis ရဲ့ အမည်ဟာလည်း ကမ္ဘာ့စွယ်စုံကျမ်းမှာ တင်သင့်တဲ့ အမည်တစ်ခု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ၂ဝဝ၂ ခုနှစ် ဇွန်လမှာတော့ အမေရိကန် ကွန်ဂရက်မှ Antonio Meucci(ခေါ်) အီတလီလူမိုျးတစ်ဦးသာလျှင် တယ်လီဖုန်းကို တီထွင်သူ အစစ်အမှန် ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါပြီ။
          Liffen က‘’Reis ဟာ ၁၈၆၃ ခုနှစ်မှာ စီးပွားရေးအရ အောင်မြင်တဲ့ တယ်လီဖုန်းကို မလုပ်ခဲ့ပါဘူးဆိုတာ မှန်သလို Graham Bell ဟာလည်း ၁၈၇၆ ခုနှစ်မှာ လက်တွေ့ကျတဲ့ တယ်လီဖုန်းကို မလုပ်ခဲ့ပါဘူး။ ဘဲလ် တယ်လီဖုန်းဟာ စကားပြောခွက်က နားထောင်တဲ့ ကိရိယာဖြစ်ခဲ့တယ်။ သူ့အရင် ပေါ်ခဲ့တဲ့ မိုက်ကရိုဖုန်းက အသံလွှင့်စက် ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အခု အသုံးပြုလာကြတဲ့ လက်တွေ့ကျ တဲ့ တယ်လီဖုန်းစစ်စစ်ကို ဘဲလ်က တီထွင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်အမြင် ပြောရရင် ဘယ်သူမှ တယ်လီဖုန်းကို မတီထွင်ခဲ့ကြဘူး။ Bell,Meucci နဲ့Reis တို့လို လူတွေက ဆက်လက်လုပ်ဆောင်တိုးတက်လာတဲ့ သဘောလို့ ထင်ပါတယ်''
          Liffen ဟာ နှစ် ၃ဝ လောက် ဆက်သွယ်ရေး ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ သူက Reis နဲ့ ပတ်သက်တဲ့ လှို့ျဝှက်တဲ့ အချက် အလက်တွေ ရခဲ့တဲ့ ပြတိုက်က စာရွက်စာတမ်းတွေပေါ် အခြေခံပြီး စာတမ်းတစ်စောင် စတင်ပြုစုနေပါတယ်။ သူက သမိုင်းမှာ တိကျသေချာ မှုရှိတဲ့ Reis ရဲ့ နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သူပဲ ဖြစ်ပါတယ်။
          လန်ဒန်က သမိုင်းပညာရှင်တစ်ဦး (Neil Joharnessen) က အခုလိုပြောခဲ့ပါတယ်။ ''အသုံးဝင်တဲ့ တယ်လီဖုန်းတစ်လုံးရဲ့ သမိုင်းကို ပြတဲ့ တကယ့်ဖြစ်ရပ်မှန်တွေ ရှိပါတယ်။ STC ရဲ့ စမ်းသပ်မှုတွေအရ သမိုင်းဟာ မတရားတာ ဖြစ်ချင်ဖြစ်နိုင်တယ်ဆိုတာကို ပြသနေပါ တယ်။''
          Reis နေထိုင်ခဲ့သော Friedrichasdorf မှာရှိတဲ့ Reis House Museum ပြတိုက်ဟာ တယ်လီဖုန်း တီထွင်ခဲ့သူ တစ်ဦးရဲ့ အိမ်ဂေဟာတစ်ခုဖြစ်ပါတယ်။ ပြတိုက်ကြီးကြပ်သူ ဒေါက်တာ Erika Dittrich က Reis တယ်လီဖုန်းတီထွင်ခဲ့တယ်ဆိုတာ သံသယ ဖြစ်စရာ လုံးဝမရှိပါဘူး။ အထူးသဖြင့် အမေရိကမှာရှိတဲ့ လူတွေအတွက် Bell ဟာ မှတ်ပုံတင်လက်မှတ်ရှိသူဖြစ်တဲ့အတွက် သူတယ်လီဖုန်း ကို တီထွင်ခဲ့တယ်လို့ အမြင်ရှိကြပါတယ်။ ဒါပေမဲ့ Bell မှတ်ပုံတင်ခွင့်မရခင် ၂ နှစ်စောပြီး Reis က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့တော့ Reis ရဲ့ အမည်ကို တယ်လီဖုန်းတီထွင်သူ တစ်ဦးအဖြစ် ကမ္ဘာ့စွယ်စုံကျမ်းထဲမှာ ရှိနေစေချင်ပါတယ်'
          အထက်ပါ အကြောင်းအရာ အချက်အလက်များ အားလုံးမှာ ယနေ့ အင်တာနက်ထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဖော်ပြချက်တွေ ဖြစ်ပါတယ်။ အင်တာနက်ဆိုတဲ့ ခေတ်တခေတ် ကျွန်မတို့ဆီမှာ ခေတ်စားလာတာ သိပ်တော့ မကြာသေးပါဘူး။ အရင်ကတော့ လက်လှမ်းမီရာ စာအုပ်တွေ ကိုသာ အားကိုးမှီခိုခဲ့ကြရပေမယ့် ယခုတော့လည်း အင်တာနက် ကျေးဇူးကြောင့် ရှိရှိသမျှသော အချက်အလက်တွေ ရနိုင်သလောက် စုဆောင်းပြီး တစ်စုတစ်ဝေးတည်းဖြတ်လို့ရနေပေပြီ။ ကိုယ်လိုချင်ရာကိုလည်း ခလုတ်ကလေး နှိပ်၍ ရှာဖွေဖတ်ရှုနိုင်ကြပေပြီ။ ဒါကြောင့်လည်း အရင်က မရနိုင်တဲ့ အချက်အလက်တွေကို ယခု ကျွန်မ ရှာဖွေ၍ စာဖတ်သူတွေကို တင်ပြနိုင်ခြင်း ဖြစ်ပါတယ်။
          ကျွန်မ ဆောင်းပါးခေါင်းစဉ်အရ 'တယ်လီဖုန်း တီထွင်သူ ဘယ်သူလဲ'ဟူသော အဖြေမှန်ကို ကျွန်မမပေးနိုင်ပါ။ စာဖတ်သူများသာ ဆင်ခြင်သုံးသပ်၍ ဆုံးဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြတိုက်မှူးတွေ၊ သမိုင်းပညာရှင်တို့ရဲ့ မှတ်ချက်အခို့ျကိုလည်း တင်ပြပေးထားပါတယ်။ ဒါပေမဲ့ ကျွန်မတို့ သိထားကြတဲ့ သီချင်းတစ်ပုဒ်ထံက 'ကလင် ကလင်မြည်သံ ဒီလိုခိုျတယ် တယ်လီဖုန်းလေးရယ်... တီထွင်နိုင်သူ အမည် ဟာ ဂရေဟမ် ဘဲလ်တဲ့ကွယ်...' ဆိုတဲ့ သီချင်းစာသားတွေထဲက 'တီထွင်နိုင်သူ'ဆိုတဲ့ နေရာမှာ 'မှတ်ပုံတင်နိုင်သူ'လို့ ဆိုလိုက်ရင် ကောင်း မယ်လို့တော့ တွေးလိုက်မိပါတယ်။
        

No comments: