ပင်လယ်ပြင်ထဲက ဘဝတစ်ခု - ဂျူနီယာဝင်း
(အမှတ် ၁၇၃၊ ၂ဝဝ၅ ခုနှစ်၊ ဇွန် အတွေးအမြင်)
(သူပြစ်ဒဏ်ကျခဲ့သော ၁၈ဝရ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှသူကွယ်လွန်ချန် ၁၈၆၃ ခုနှစ် မေလ ၁၁ ရက်တိုင်
နှစ်ပေါင်း ၅၆ နှစ်လောက် သူ့ဘဝကိုပင်လယ်ပြင်ထဲမှာမြုပ်နှံခဲ့ရသူ ဖြစ်ပါသည်။)
‘The man without a country.’ 'တိုင်းပြည်မရှိတဲ့လူ' ဇာတ်လမ်းထဲက အဓိက ဇာတ်ကောင်က Philip Nolan(ဖိလစ်နိုလန်) ဖြစ်ပါသည်။ ထိုဇာတ်ကောင်၏ ဖန်တီးရှင်က Edward Everett Hale ဖြစ်ပါသည်။ Nolan အကြောင်းတွေကို ကျွန်မ ရေးခဲ့ဖူးပါသည်။ ရာစုနှစ်ဝက်လောက် ပင်လယ်ပြင်ထဲမှာ အကျဉ်းချခံခဲ့ရသူ တစ်ယောက်အကြောင်း ဖြစ်ပါသည်။
သူပြစ်ဒဏ်ကျခဲ့သော ၁၈ဝရ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ သူကွယ်လွန်ချိန် ၁၈၆၃ ခုနှစ် မေလ ၁၁ ရက်တိုင် နှစ်ပေါင်း ၅၆ နှစ်လောက် သူ့ဘဝကို ပင်လယ်ပြင်ထဲမှာ မြှုပ်နှံခဲ့ရသူ ဖြစ်ပါသည်။ သူနှင့် ရင်းနှီးခွင့်ရခဲ့သော အရာရှိပေါက်စ Frederic Ingharn က သူ့အကြောင်းတွေကို စီကာပတ်ကုံး ရေးပြထားလို့ Nolan ၏ ဘဝကို တွေ့ခဲ့ရပါသည်။ Frederic Ingham က အခုလို ပုံဖော်ပြခဲ့ပါ သည်။
''ကျွန်တော်နဲ့သူနဲ့ သင်္ဘောပေါ်မှာ စတွေ့ခဲ့တော့ သူ့အသက်က ၃ဝ လောက်ပဲရှိပါသေးတယ်။ သူ့ဘဝကို စဉ်းစားကြည့် လိုက်တော့ သူက ပင်လယ်သမုဒ္ဒရာတိုင်းကို ရောက်ခဲ့တယ်။ ကုန်းမြေဒေသတွေကိုတော့ မနင်းဖူးသလောက် ရှိခဲ့တယ်။ ရေတပ်က အရာရှိတွေ၊ တာဝန် ထမ်းဆောင် နေသူတွေထက် သူက ရေပြင်မှာနေခဲ့ရပါတယ်။ သူ့လိုအထီးကျန်စွာ ဝမ်းနည်းကြေကွဲစွာ ဒီကမ္ဘာကြီးထဲ နေခဲ့ရဖူးမှာ မဟုတ်ပါ ဘူးလို့ တလေးတနက် ပြောခဲ့ပါတယ်။
၂၄ နာရီ ဘာအလုပ်မှမရှိ။ သူက တစ်နေ့ကို ၅ နာရီလောက်ပဲ စာဖတ်ပါတယ်။ 'ကုျပ်မှာ မှတ်စုစာအုပ်တွေ ရှိတယ်။ ကုျပ်ဖတ်သမျှ တွေကို ရေးမှတ်ထားတယ်။ ပြီးတော့ အကုန်လုံးကို ဖိုင်တွေနဲ့ တွဲထားတယ်'လို့ ပြောပါတယ်။ အဲဒီလုပ်ရပ်က ဆန်းပါတယ်။ သူခွဲထားတဲ့ ဘာသာရပ်တွေက ၆ ခု ၈ ခုလောက်ရှိတယ်။ အဲဒီထဲမှာ သမိုင်းပါတယ်။ သဘာဝသိပ္ပံပါတယ်။ ပြီးတော့ 'အတိုအထွာများ' လို့ အမည်ပေး ထားတဲ့ဖိုင်တွဲတစ်ခု ရှိပါတယ်။ အဲဒီထဲမှာ သစ်ပင်သစ်ခက်တွေ၊ ဖဲကြိုးရောင်စုံတွေ၊ ခရုခွံလေးတွေ၊ အရိုးအစအနတွေ၊ သစ်တိုသစ်တွေ၊ အဲဒါတွေက သင်္ဘောသားတွေက သူ့အတွက် ခုတ်ထစ်စုဆောင်း ယူလာခဲ့ပေးတာတွေနဲ့ သူက လှလှပပ တန်ဆာဆင်ထားတယ်။ သူက ပန်းချီ ဆွဲလည်း သိပ်တော်ပါတယ်။ ကျွန်တော့်တစ်သက် ဒီလောက်ပြောင်မြောက်တဲ့ ရေးသားဆွဲသားချက်တွေ မတွေ့ဖူးခဲ့ပါဘူး။ အခုတော့ အဲဒီ Nolan ရဲ့ ဖိုင်တွဲတွေ ဘယ်သူ့လက်ထဲ ရောက်သွားပါလိမ့်လို့ တွေးမိတယ်။
သူ့အဖြေအရတော့ စာဖတ်ခြင်းနှင့် သူ့ဖိုင်တွဲတွေဟာ သူ့အလုပ်ပါပဲတဲ့။ အဲဒီအတွက် ၂ နာရီ သို့မဟုတ် ၅ နာရီလောက် အချိန်ယူရပါ တယ်။ 'လူတိုင်းမှာ မဖြစ်မနေ လုပ်ရတဲ့အလုပ်ရယ်၊ စိတ်အပြောင်းအလဲဖြစ်ဖို့ စိတ်အပန်းဖြေစရာ အလုပ်ရယ်ဆိုတာ ရှိသင့်ပါတယ်။ ကုျပ်ဘဝရဲ့ သမိုင်းဆိုတာဟာ စိတ်အပြောင်းအလဲဖြစ်စေတဲ့ အလုပ်ပါပဲ' လို့ ဆိုတယ်။ အဲဒီအတွက် တစ်နေ့ကို ၂ နာရီလောက် ပေးပါ တယ်။ သူ့အတွက် ဖမ်းလာပေးတဲ့ ငှက်ကလေးတွေ၊ ငါးကလေးတွေနဲ့ သူ့ရဲ့စိတ်ကို ဖြေဖျောက်ပြီးနေတယ်။ နောက်တော့ ပိုးဟပ်တွေ၊ အင်း ဆက်တွေ ရှာပြီးကစားတယ်။ ကျွန်တော် တွေ့ဖူးသမျှထဲမှာတော့ သူဟာ ခြင်တွေ၊ ယင်ကောင်တွေ၊ အင်းဆက်တွေရဲ့ သဘာဝကို တော်တော် သိထားသူပါပဲ။
ဒီလိုနဲ့ တစ်နေ့ကို ၉ နာရီလောက်ဟာ Nolan ရဲ့ နေ့စဉ်လုပ်နေကျ ဝတ္တရားပုံမှန်ဖြစ်နေတယ်။ ကျန်တဲ့အချိန်တွေမှာ သူက စကားပြော တယ်။ လမ်းလျှောက်တယ်။ သူ့အသက် ကြီးလာတဲ့အခါ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်တယ်။ သူနေမကောင်း ဖြစ်တယ်ဆိုတာ မကြားဖူး သလောက်ပါပဲ။ သင်္ဘောပေါ်မှာ တစ်ယောက်ယောက်များ နေမကောင်းဖြစ်ရင် သူက ကမ္ဘာပေါ်မှာ အကြင်နာဆုံး သူနာပြုပါပဲ။ အကယ်၍ တစ်ယောက်ယောက် ကွယ်လွန်ခဲ့ရင် သင်္ဘောကပ္ပတိန်က သူ့ကို ဘုရားစာရွတ်ခိုင်းတတ်ပါတယ်။ သူဘုရားစာ ဖတ်တာများ သိပ်နားထောင် လို့ ကောင်းတာပဲ။
သူဟာ ကြင်နာတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်နဲ့ Nolan တို့ သင်္ဘောကြမ်းပြင် တစ်လျှောက်လမ်းလျှောက်ကြ စကား ပြောကြပါတယ်။ သူက ကျွန်တော့်ကို သင်္ချာသင်ပေးပါတယ်။ သင်္ချာဘာသာရပ်ရဲ့ လေးနက်တဲ့ အရသာတွေကို ခံစားတတ်အောင် ရှင်းပြ တတ်ပါတယ်။ စာအုပ်တွေလည်း ပေးဖတ်ပါတယ်။ စာဖတ်ခြင်းရဲ့ အကိုျးတရားတွေကို လမ်းညွှန်ပေးပါတယ်။ သူ့အကြောင်း အတိတ်ပုံပြင် တွေကိုတော့ သူဆီက တိုက်ရိုက် မသိခဲ့ရပါဘူး။ တခြားအရာရှိတွေကတစ်ဆင့် သူ့ဘဝကို သိခဲ့ရပါတယ်။
ကျွန်တော့် တာဝန်ချိန် ပြီးဆုံးလို့ သင်္ဘောကဆင်းရတော့မယ်ဆိုတော့ သူနဲ့ခွဲခွာရမှာ ပြောမပြတတ်အောင် ဝမ်းနည်းခဲ့ရပါတယ်။ နောက်နှစ် ၂ဝ ကျော်အကြာ ၁၈၃ဝ မှာ သူနဲ့ထပ်တွေ့ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော့်ရာထူး အခြေအနေနဲ့ သူ့ကို လွတ်မြောက်ခွင့် ရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ ခိုနေတဲ့ သူရဲတစ္ဆေတစ်ကောင်ကို အပြင်မောင်းထုတ်ဖို့ ကြိုးပမ်းရသလိုပါပဲ။ သူ့အကြောင်း ကို သိတဲ့သူ မရှိတော့ဘူး။ သူရဲ့အမှုကိစ္စကို ပြန်ဖော်ရတဲ့ အလုပ်ကို တော်တော်ခက်ခဲနေပါတယ်။ အဲဒီလို လူမိုျးမရှိပါဘူးလို့တောင် ဆိုကြ တာ ကြည့်ပါတော့။ သူ့ကို မသိကြတော့ဘူး။
အဲဒီအဖြစ်တွေ နောက်ပိုင်းမှာ Nolan နဲ့ ထပ်မတွေ့ရတော့ပါဘူး။ ကျွန်တော်က သူ့ဆီ တစ်နှစ်ကို နှစ်ခါလောက် စာရေးပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးခဲ့ကြပေမယ့် သူကျွန်တော့်ဆီ စာမပြန်ခဲ့ပါဘူး။ သူနဲ့တွေ့ဆုံခဲ့ကြသူတွေက တစ်ဆင့် သူ့အကြောင်းတွေကို သိနေခဲ့ရပါတယ်။ သူက တော်တော်အိုစာသွားပြီတဲ့။ သူ့အသက် ၄ဝ မှာ ၆ဝ လောက် အိုမင်းနေပြီလို့ ကြားရ ပါတယ်။ မတွေ့ရတဲ့ ၁၅ နှစ်မှာ သူအိုမင်းလွယ်ခဲ့ပေမဲ့ သူက ကြင်နာဆဲပါပဲ။ ဘာမှအထွန့်တတ်တာ မရှိပဲနဲ့ တိတ်ဆိတ်စွာ ခံစားနေသူ တစ်ဦးဖြစ်ပါတယ်။ သူတစ်ကိုယ်တည်း သူရဲ့ အပြစ်ဒဏ်ကို ဆေးကြောခဲ့ပါတယ်။ သူနဲ့ ရင်းနှီးသူတွေရော၊ မရင်းနှီးသူတွေ အပေါ်မှာပါ ဂရုစိုက်တတ်တာ၊ မိတ်ဆွေဖွဲ့တတ်တာ၊ လူငယ်လေးတွေကို ဆုံးမတတ်တာတွေကြောင့် တခို့ျဟာ သူ့ကို ရိုသေလေးစား ခံထိုက်သူလို့ မြင်ကြ ပါတယ်။ အခုတော့ သူကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ နောက်ဆုံးတော့ သူ့အတွက် နေစရာ အိမ်လေးတစ်လုံးနဲ့ တိုင်းပြည်တစ်ခုကိုတော့ တွေ့ခဲ့ရပြီလို့ ဆိုရမှာလား။
ကျွန်တော့်မိတ်ဆွေ သင်္ဘောအရာရှိ Danforth ဟာ Nolan ရဲ့ နောက်ဆုံး အချိန်တွေမှာ အတူတကွရှိနေခဲ့တာကြောင့် Nolan ရဲ့ အကြောင်းတွေကို အခုလို စာရေးပြောပြခဲ့ပါတယ်။
ဖရက်ရေ...
မင်းချစ်တဲ့ နိုလန်ကို ဒီခရီးစဉ်တစ်လျှောက်မှာ ရင်းနှီးသိခွင့်ရခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ သိပ်ဗလတောင့်တင်းပုံ မပေါက်ပေမယ့် ကျန်းမာရေး ကောင်းခဲ့ပုံတော့ ရပါတယ်။ သို့သော်လည်း သူရဲ့နောက်ဆုံးအချိန်ကတော့ တော်တော်လေး နီးကပ်နေပြီပေါ့။ ဆရာဝန်ကလည်း သူ့ကို ဂရုတစိုက် စောင့်ကြည့်ပေးနေပါတယ်။ မနေ့ကပဲ ဆရာဝန်က နိုလန်တော်တော် နေမကောင်းဘူးလို့ ပြောပါတယ်။ သူ့အခန်းကို ဆရာ ဝန်ကို ဝင်ခဲ့ဖို့ခေါ်ပါတယ်။ ဆရာဝန်က သူ့အခန်းထဲကို ဝင်ခွင့်ရတာ ပထမဦးဆုံးပါပဲ။ ကျွန်တော်နဲ့ တွေ့ချင်တယ်လို့ ပြောတာကြောင့် ကျွန်တော်ဟာလည်း သူ့အခန်းကို ပထမဦးဆုံး မြင်တွေ့ခွင့်ရတဲ့ အပြင်လူတစ်ဦးပေါ့။ သူ့အခန်းကို တွေ့လိုက်ရလို့ ဘုရားတောင် တမိပါရဲ့ ဗျာ။ ကျွန်တော်တို့ လူငယ်လေးတွေက သူ့ရဲ့ စံမြန်းရာအခန်းကို သားရဲတွင်းဟောင်းကြီးလို့ ခန့်မှန်းပြီး လျှောက်ပြောခဲ့ဖူးကြတာကို မှတ်မိလိမ့် မယ် ထင်ပါတယ်။
နိုလန်က အားအင်ချိနဲ့စွာနဲ့ ကုတင်ပေါ်မှာ လဲနေပါတယ်။ သူ့လက်တစ်ဖက်က ကျွန်တော့်ကို ဝင်လာခဲ့ဖို့ ကြိုဆိုနေပါတယ်။ ကျွန်တော် ဟာ သူ့အခန်းကို ဂရုမပြုမိဘဲ မနေနိုင်အောင်ပါဘဲ။ သူ့ရဲ့အထူးစီမံထားတဲ့ အခန်းကလေးဟာ သူ့ရဲ့ဘဝ၊ သူ့ရဲ့တိုင်းပြည်၊ သူ့ရဲ့အိမ်ကလေး ပါပဲ။ သူ့ကုတင်နဘေးက နံရံတွေမှာ ကြယ်တွေပုံဖော်ထားပါတယ်။ ကြယ်တွေက သမ္မတဝါရှင်တန်ရဲ့ ရုပ်ပုံနဘေးမှာဖြစ်ပါတယ်။ ပြီးတော့ အလွန်လှပတဲ့ သိန်းငှက်ကြီးတစ်ကောင်ကို ရေးဆွဲထားတယ်။ သူ့ရဲ့ နှုတ်သီးဟာ နေအရောင်တွေ တလက်လက် တောက်ပနေတယ်။ သူ့ရဲ့ ခြေသည်းတွေနဲ့ ကမ္ဘာလုံးကြီးကို ကုတ်ဆွဲထားတယ်။ သူ့ရဲ့ အတောင်ပံဖြန့်ထားတဲ့ ဟန်ပန်ဟာ အရိပ်တွေတောင် ကျနေသလိုပါပဲ။ နိုလန်က ကျွန်တော့်ရဲ့ မျက်လုံးတွေ မခွာနိုင်အောင် ဖြစ်နေတာကို တွေ့သွားပါတယ်။ ပြီးတော့ ဝမ်းနည်းစွာ ပြုံးတယ်။ 'မင်း ကုျပ်ရဲ့တိုင်းပြည်ကို တွေ့ပြီပေါ့'တဲ့။ သူက သူ့ခြေရင်းရှိရာကို လက်ညှိုးထိုးပြတယ်။ ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးတဲ့ အမေရိကန်ပြည်ထောင်စု မြေပုံကို တွေ့ရပါတယ်။ သူမှတ်မိသလောက် ရေးဆွဲထားတာ ဖြစ်ပါတယ်။ အဲဒီမြေပုံပေါ်မှာ 'အင်ဒီးရားနားနယ်မြေ' 'မစ္စစပီနယ်မြေ' 'လူဝီဇီးရားနား နယ်မြေ' စသည်ဖြင့် ရှေးကခေါ်ဝေါ်ခဲ့တဲ့ အမည်တွေကို စာလုံးကြီးကြီးနဲ့ ရေးထားပါတယ်။ သူက ကျွန်တော့်ကို အခုလို ပြောတယ်။ 'ဒန်းဖို့(ဒ်)ရယ် ကုျပ်မနေရတော့ဘူးဆိုတာ သိပါတယ်။ ကုျပ်ရဲ့အိမ်ကိုလည်း မရောက်နိုင်တော့ဘူးလေ။ ကုျပ်ကို တစ်ခုခု ပြောပြစမ်းပါဗျာ။ ဒီသင်္ဘောပေါ်မှာ ဘဝတစ်လျှောက်လုံး ကိုယ့်တိုင်းပြည်အကြောင်း ဘာဆိုဘာမှ သိခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ကိုယ့်တိုင်းပြည် အလံတော် ကို ကုျပ်ထက် ချစ်နိုင်တဲ့သူမရှိနိုင်ပါဘူး။ သူ့အတွက် ဆုတောင်းမေတ္တာပို့သနိုင်တဲ့ သူမိုျးမရှိနိုင်ပါဘူး။ အဲဒီထဲမှာ ကြယ်စင်ပေါင်း ၃၄ ခုကို တွေ့လား။ သူတို့ရဲ့ အမည်တွေကို ကုျပ်မသိပါဘူးလေ။ ဘယ်ကြယ်စင် တစ်ခုတစ်လေမှ လျော့မသွားတာ ဘုရားသခင်ကို ကျေးဇူးတင်ရ မယ်။ ကုျပ် မကွယ်လွန်ခင်မှာ ကုျပ်ရဲ့တိုင်းပြည်အကြောင်းတွေ ပြောပြပါလားကွယ်။
ဖရက်ရေ... ကျွန်တော်ဟာ အရင်တုန်းက သူ့ကို ပြောမပြဖြစ်ခဲ့တာတွေကို တွေးပြီး ထိတ်လန့်တုန်လှုပ်မိပါတယ်။ ကြောက်လို့လား မကြောက်လို့လား။ သနားလို့လား မသနားလို့ပဲလား ဘာကြောင့် မပြောဖြစ်ခဲ့သလဲဆိုတာ မသိတော့ပါဘူး။ အခုတော့ ကျွန်တော်ဟာ သူမေးသမျှ ဖြေဖို့ အသင့်ဖြစ်နေရပါပြီ။ သူမေးသမျှတွေကတော့ သူ့ဘဝမှာဝေးကွာဖြတ်တောက်ခြင်း ခံရတဲ့ သူ့ရဲ့တိုင်းပြည်အကြောင်းတွေပဲ ဆိုပါတော့လေ။ အထူးသဖြင့် သူမွေးဖွားကြီးပြင်းခဲ့ရာ ွှနထေျ နယ်မြေအကြောင်းကို ကြားရတာ သူတော်တော် ပျော်ရွှင်ကျေနပ်နေပုံများ ခင်ဗျားကို မြင်စေချင်လိုက်တာ။
ဖရက်ရေ...
ပြောရရင်တော့လည်း နေမကောင်းဖြစ်နေတဲ့ လူမမာ တစ်ဦးကို ရာစုနှစ်ဝက်လောက်ကြာညောင်းခဲ့တဲ့ ရာဇဝင်ပြန်လှန်ရတာ တော်တော် ခက်ခဲတဲ့ အလုပ်ပါပဲ။ ရေနွေးငွေ့သွားသင်္ဘောတွေ၊ မီးရထားသံလမ်းတွေ၊ ကြေးနန်းဆက်သွယ်ရေးတွေကစလို့ တီထွင်ဆန်းသစ်မှုတွေ၊ စာအုပ် စာပေတွေ၊ ကမ္ဘာ့စာကြီးပေကြီးတွေ၊ တိုးတက်လာတဲ့ ကောလိပ်တွေ၊ ကျောင်းသားတွေအကြောင်း ပြောပြရတာဟာ ရောဘင်ဆင်ခရူးဆိုးကို ၅၆ နှစ်စာ မေးခွန်းတွေ ဖြေနေရသလိုပါပဲ။ သူက ကျွန်တော် ပြောပြသမျှတွေကို စိတ်ပါလက်ပါ နားထောင်နေပါတယ်။ ဒါပေမဲ့ တဖြည်း ဖြည်းနဲ့တော့ နှုတ်ဆိတ်လာပါတယ်။ သူပင်ပန်းနေလို့ ဒါမှမဟုတ်ရင်လည်း စကားတွေထဲ မျောပါနေလို့ပဲလို့ တွေးမိတယ်။ သူက ကျွန်တော့် ကို အနားမှာပဲနေဖို့ ပြောပါတယ်။
နောက်တော့ သူ့ကုတင်နံဘေးက မေတ္တာပို့တဲ့ စာအုပ်လေးကို ယူခိုင်းပါတယ်။ သူလှန်ခိုင်းတဲ့ စာမျက်နှာကို ရောက်တော့ အဲဒီမှာ အနီရောင် အမှတ်အသားနဲ့ မှတ်ထားတဲ့ နေရာတွေကို တွေ့ရပါတယ်။ ကျွန်တော်က သူ့နဘေးမှာ ထိုင်ပြီး ဖတ်ပြခဲ့ပါတယ်။ သူက ကျွန်တော့်နဲ့အတူ လိုက်ဖတ်ပါတယ်။ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ ကရုဏာ တော်နဲ့ ကျွနု်ပ်တို့၏ ကူျးလွန်ခဲ့သော အမှားတွေကို ခွင့်လွှတ်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်'စတဲ့ စာကြောင်းတွေ ပါပါတယ်။ စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာကို သူကလှန်ပါတယ်။ 'ကျွနု်ပ်တို့ တိုင်းပြည်အကိုျး သယ်ပိုးနေကြသူများအား စောင်မကြည့်ရှုပေးဖို့ လှိုက်လှဲစွာ ဆုတောင်းပါ၏'တဲ့။ အဲဒီနောက် သူက အခုလိုပြောပါတယ်။
'ဒန်ဖို့(ဒ်)ရယ် ကိုယ်အဲဒီလို နေ့ညမပြတ် ဆုတောင်းမေတ္တာ ပို့သလာတာ နှစ်ပေါင်း ၅၅ နှစ်ရှိပါပြီ'။ ပြီးတော့ သူအိပ်ချင်တယ်လို့ ပြောပါတယ်။ 'ကိုယ်မရှိတော့ရင် ဟောဒီသမ္မာကျမ်းစာအုပ်ကို ကြည့်လိုက်ပါကွယ်'တဲ့ နောက်တော့ ကျွန်တော်နှုတ်ဆက်ပြီး သူ့အခန်းထဲက ထွက်လာခဲ့ပါတယ်။ ဒါနောက်ဆုံးပဲလို့ ကျွန်တော် မတွေးမိပါဘူး။ သူပင်ပန်းလို့ အိပ်ချင်တာလို့ပဲ တွေးမိတယ်။ သူ စိတ်ရွှင်လန်းနေတယ်။ ပြီးတော့ သူတစ်ယောက်တည်းနေချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ တစ်နာရီလောက် အကြာမှာ ဆရာဝန်က ဝင်ရောက် စမ်းသပ် ကြည့်တော့ သူကွယ်လွန်သွားပြီဆိုတာ သိလိုက်ရပါတယ်။ သူ့မျက်နှာက အပူပင်ကင်းစွာ ပြုံးနေတယ်။
သူ့ရဲ့သမ္မာကျမ်းစာအုပ်ကို ကြည့်လိုက်တော့ စာရွက်တို တစ်ခုနဲ့ ညှပ်ထားတဲ့ စာမျက်နှာကို တွေ့လိုက်ရပါတယ်။ ဘုရားသခင်ဟာ ဘယ်လိုလူမိုျးအတွက်ကိုမဆို မျက်နှာမလိုက်ဘဲ နားခိုဖို့နေရာတစ်ခုကို အဆင်သင့် လုပ်ပေးထားတယ်လို့ ဆိုလိုတဲ့ စာကြောင်းတွေကို တွေ့ လိုက်ရပါတယ်။ ညှပ်ထားတဲ့ စာရွက်တိုကလေးမှာတော့...
'ကျွန်တော် ကွယ်လွန်တဲ့အခါ ပင်လယ်ထဲမှာပဲ မြှုပ်နှံပေးပါ။ အဲဒီနေရာသည်သာ ကျွန်တော်၏ အိမ်၊ ကျွန်တော်ချစ်တဲ့ နေရာဖြစ်လို့ ပါပဲ။ ကျွန်တော်၏ ဝိညာဉ်ခိုနားပါစေဆိုပြီး အော်လီရန်တို့ဖို့(ဒ်) အက်ဒမ်ဆိုတဲ့ နေရာတွေမှာ ကျောက်တုံးလေး တစ်တုံးသာမျှ အမှတ်တရ မထားလိုက်ပါနဲ့။ ဒါဟာ ကျွန်တော့်ရဲ့ ရှက်စရာအဖြစ်အပြင် တခြားဘာမှပြောစရာမရှိတဲ့အတွက် အဲဒီအဖြစ်ကို ကျွန်တော် မခံယူဝံ့ပါ'
ဆိုတဲ့ နိုလန်ရဲ့လက်ရေးနဲ့ စာလုံးတွေက အားလုံးကို နှုတ်ဆက်နေပါတယ်။''
ဤကား ပင်လယ်ပြင်ထဲမှာ ဘဝတစ်ခုကို ကုန်လွန်ဆုံးခဲ့ရသော ဖီးလစ်နိုလန်၏ ဇာတ်လမ်းဖြစ်ပါသည်။ သတ္တဝါတစ်ခု ကံတစ်ခုဟု ဆိုပါသည်။ ကံစီမံရာဟု ဆိုပါလျှင် ရွေးချယ်ခွင့်မရခဲ့သော ကံတရားအတွက် ဘဝတစ်ခုကို ကြိုးစားရှင်သန်ခဲ့ရသော ပင်လယ်ပြင်ထဲက ဘဝ တစ်ခုကို တင်ပြလိုက်ပါသည်။
(Nolan အကြောင်းတွေကို ဖတ်ချင်ပါသေးသည်ဟူသော စာဖတ်ပရိသတ်တစ်ဦးသို့။)
Ref The man without a country (Edward Everett Hale)
No comments:
Post a Comment