Sunday, February 2, 2014

ကိုးရစ်ကိုစိတ်ဝင်စားသူများ - Junior Win



ကိုးရစ်ကိုစိတ်ဝင်စားသူများ - Junior Win
အတွေးအမြင် (၁၃၇)၊ ၁၉၉၉ မတ်လ

''ကိုးရပ်စ်ဆိုတာ ဘာလဲ''
ကျွန်မ ဤမေးခွန်းကို ဖြေရလျှင်-
'ကိုးရပ်စ်ဆိုတာ စကား အင်မတန် အပြောကောင်းသူတွေပါပဲ။ ကိုးရပ်စ် တွေကို ဂရိပြဇာတ်တွေမှာ တွေ့နိုင်ပါတယ်။ သူတို့ဟာ သရုပ်ဆောင်တွေနဲ့ စကားပြောလို့ ရသလို ပြဇာတ်ကြည့် ပရိသတ်ကိုလည်း စကားလှမ်းပြောလို့ ရတယ်။ သူတို့တစ်တွေဟာ အင်မတန် လွတ်လပ်ပြီး အကြောက်အရွံ့မရှိဘဲ စကားအရာမှာ အလွန် လိမ္မာပါးနပ် ကျွမ်းကျင်သူတွေပဲ ဖြစ်ပါတယ်'
ထိုအခါ ကျွန်မဖြေသော အဖြေနှင့် မလုံလောက်ဟု စောဒက တက်ကြပါ သည်။ ကျွန်မကို ဂရိပြဇာတ်တွေကို ကိုယ်တိုင်ကြည့်ဖူးလို့ ဤသို့ ပြောသလားဟု မေးသောအခါ ကျွန်မ ခေါင်းခါရသည်။ ဂရိ ပြဇာတ်တွေကို မကြည့်ဖူးသူ၊ မသိ မမီလိုက်သူတွေကြားထဲတွင် ထိုအဖြေသည် ယခုခေတ်နှင့် မလျော်ညီဟု ဆိုပါသည်။ ယခုခေတ်မှာ ကိုးရပ်စ်တွေ မရှိတော့ဟု ယူဆဟန်တူပါသည်။ ဒါဆိုလျှင် ကိုးရပ်စ်တွေကို ဘယ်မှာ တွေ့နိုင်မလဲ၊ ဒီလို လွတ်လပ်ပြီး စကား ပြော ကျွမ်းကျင်သူတွေ၊ သရုပ်ဆောင်တွေနှင့် ပရိသတ်တွေ အကြားမှာ စကား တံတားခင်းသူတွေကို လက်တွေ့ကျကျ မြင်ဖူးချင်လှသည်ဟုဆိုသောအခါ ကျွန်မ ကောက်နုတ်ရွေးချယ်ပြဖို့ စိတ်ကူးရမိပါသည်။
နာမည်ကြီးအဆိုတော် Madonnaပါဝင်သရုပ်ဆောင်ထားတဲ့ Evita ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကိုးရပ်စ်တစ်ယောက်ကို တွေ့ရလိမ့်မယ်။Evita ဆိုတာ အာဂျင်တီးနားသမ္မတ Juan Peron (၁၈၉၅-၁၉၄၇) ရဲ့ ဇနီးဖြစ်တယ်။ Evitaရဲ့ နာမည်အရှည်က Maria Eva Duarte Peron (၁၉၁၉-၁၉၅၂) ဖြစ်ပါ တယ်။ ဒီဇာတ်ကားဟာ အာဂျင်တီးနားသမ္မတ ကတော် Evita  ရဲ့ အကြောင်း၊ တစ်နည်း အားဖြင့် အာဂျင်တီးနားသမ္မတ John Peronရဲ့ ဇနီးတစ်ယောက်ရဲ့ နိုင်ငံရေး လောကထဲမှာ ပါဝင်လှုပ်ရှားခဲ့ပုံအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အဲဒီ Evita ဇာတ်ကားဟာ ၁၉၉၆ ခုနှစ် ၆၉ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ ''အကောင်းဆုံး မူရင်းသီချင်းဆု'' ကို ရရှိခဲ့ပါတယ်။ သီချင်းအမည် You Must Love Me ဖြစ်ပြီး သီဆိုသူကတော့ ပါဝင် သရုပ်ဆောင်သူ  Madonnaကိုယ်တိုင် ဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်ဇာတ်ကား စစချင်း ၁၉၅၂ ခုနှစ်က စပြပါတယ်။ ပြကွက်က တော့ ရုပ်ရှင်ရုံထဲမှာ ရှေးဟောင်းဇာတ်ကားတစ်ခုကို စိတ်ဝင်တစား ကြည့်ရှု နေကြတဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေကနေ စပြပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင် စားမှုဟာ Evita သေဆုံးသွားပြီဖြစ်ကြောင်း ရုပ်ရှင်ရုံထဲမှာ ဖြတ်ပြီး ကြေညာ လိုက်တဲ့အခါမှာ သူတို့တစ်တွေရဲ့ Evita အပေါ် ချစ်မြတ်နိုးမှုကို ကျွန်မတို့ တွေ့လိုက်ရပါတယ်။ အဲဒီအခန်းမှာ ရုပ်ရှင်ထိုင်ကြည့်နေတဲ့ ပရိသတ်ထဲမှာ သီချင်းနဲ့ စကားပြောနေတဲ့ လူတစ်ယောက်ကို တွေ့ရမယ်။ အဲဒီအခန်းပြီးတော့ Evita ကလေးဘဝကို နောက်ကြောင်းပြန်တယ်။ အဲဒီခုနှစ်က ၁၉၂၆၊ အဲဒီမှာ လည်း ခုနက ၁၉၅၂ တုန်းက သီချင်းနဲ့ စကားပြောနေတဲ့ သူ့ကို ထပ်တွေ့ရ ပြန်တယ်။ ခုနှစ်ကသာ နောက်ရောက်သွားတာ သူက ဒီအရွယ်၊ ဒီအရွယ်ပဲလေ။ အဲဒီသူက Evita ဇာတ်ကားထဲက ကိုးရပ်စ်ပါပဲ။
၁၉၄၅ အောက်တိုဘာလမှာ Juan Peron အဖမ်းခံရတော့ ကိုးရပ်စ်လုပ် တဲ့သူလည်း ပါတယ်။ Evita တရားဟောတော့လည်း သူ့ကို နားထောင်တဲ့ ပရိသတ်အဖြစ် တွေ့ရတယ်။ နောက်ဆုံး Evita သေဆုံးသွားတော့ Evita အတွက် ငိုေြွကးနေကြတဲ့ လူထုပရိသတ်ထဲမှာလည်း သူ့ကို တွေ့လိမ့်မယ်။
သူ့ရဲ့ သရုပ်ဆောင်မှုကို သေချာကြည့်ပါ။ သူဟာ ဇာတ်လိုက်သရုပ်ဆောင် တွေကို ဝေဖန်နေတယ်။ တစ်ခါတလေ ဝင်ပြီး စကားပြောတတ်တယ်။ ပြီးတော့ ရုပ်ရှင်ကြည့် ပရိသတ်ကိုလည်း သူ့မှာ ပြောပြရှင်းပြနေလိုက်တာ အလုပ်ကို ရှုပ်နေတာပဲ။ အဲဒီ Evita တစ်ကားလုံးမှာ ဒီကိုးရပ်စ်တစ်ယောက်ပဲ စကားအများ ဆုံးနဲ့ စကားပြော အလွန်ပါးနပ် ကျွမ်းကျင်သူ ဖြစ်နေတာ တွေ့ရလိမ့်မယ်။
ဒီတော့ ဂရိပြဇာတ်တွေကို မသိမမီလိုက်လို ကိုးရပ်စ်ကို လက်တွေ့ကျကျ ကြည့်ဖူးချင်ရင် အဲဒီ Evita ကားကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။
ထိုအခါ ကိုးရပ်စ်ကို လက်တွေ့ကျကျ မြင်ဖူးပြီး ကိုးရပ်စ်၏ သဘာဝကို အနည်းငယ် ခံစားလို့ရလာပြီဟု ဆိုနိုင်ပါပြီ။
သို့သော် ကိုယ့်မြန်မာပြည်မှာရော ကိုးရပ်စ်ဆိုတာ မရှိဘူးလားဟု မေးခွန်း တစ်ခု ထပ်တိုးလာပါသည်။ ထို့ကြောင့် ကိုယ့်တိုင်းပြည်ထဲက ကိုးရပ်စ် ဥပမာ တစ်ခုလောက် ထုတ်ပြဖို့ ကျွန်မ ကြားဖူးသမျှထဲမှာ စဉ်းစားရတော့သည်။
'မြန်မာဇာတ်ပွဲတွေထဲမှာ မင်းသားနဲ့မင်းသမီး လေမုန်တိုင်းကျလို့ပဲ ဖြစ် ဖြစ်၊ အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် တကွဲတပြား ဖြစ်သွားချိန်မှာ မောင် ကြီးနတ် ဆိုတာ ရောက်လာတယ်။ (အဲဒီအခန်းကို နာခုံလို့ ခေါ်တယ်) အဲဒီလို လွမ်းရတော့မယ့် အခန်းမှာ မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် တစ်ယောက်တည်း လွမ်းနေရင် ကြောင်တာပေါ့။ မောင်ကြီးနတ် ရောက်လာတော့ အဖော်ရသွားတယ်၊ အဲဒီမောင်ကြီးနတ်ဟာ ကိုးရပ်စ်ပါပဲ။ ရသေ့၊ သိကြားမင်း၊ ရုက္ခစိုး၊ ဇော်ဂျီ ဆိုတာတွေဟာ ကိုးရပ်စ်တွေပါပဲ။ ဒီ ကိုးရပ်စ် ဆိုတာတွေကြောင့် ဇာတ်လမ်းက ရွေ့မသွားဘူး၊ ပြောင်းမသွားဘူး။ သူတို့ဟာ ဇာတ်လမ်းကို ဘာမှ အထောက် အကူ ပြုကြသူတွေကို မဟုတ်သလို သရုပ်ဆောင်တွေကိုလည်း ဘာမှ အကူအညီ ပေးကြသူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ အမြင်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြသူတွေ ဖြစ်ပါတယ်'
အဲဒီ မြန်မာဇာတ်ပွဲတွေကို ကြည့်ဖူးလို့ ဤသို့ ဖြေနိုင်သလားဟု ကျွန်မကို မေးသောအခါ ခေါင်းခါရပြန်သည်။ ကျွန်မ၏ အဘွား ဒေါ်ခင်မိုျးချစ်က ဒီလိုပဲ ရှိတယ်ဟု ပြောပြတတ်သည်ဟု ရှင်းပြရသည်။
ကျွန်မ မြန်မာဇာတ်ပွဲတွေ မကြည့်ဖူးပါ။ ကျွန်မ သိတတ်သည့် အချိန်မှာ မြန်မာဇာတ်ပွဲတွေ ကြည့်ဖို့ အခြေအနေ မပေးတော့၍လည်း ဖြစ်ပါလိမ့်မည်။ စတိတ်ရှိုးတွေလောက်သာ ခေတ်စားလာတော့သည်ဟု ဆိုရပါမည်။
ဒါဆိုလျှင် ယခုခေတ်နှင့် လျော်ညီသော ကိုးရပ်စ် ဥပမာ ကိုယ့်တိုင်းပြည် မှာ ပြစရာမရှိဟု မှတ်ချက်ချသွားမည်ကို ကျွန်မ စိုးရိမ်မိသည်။ မြန်မာရုပ်ရှင် ဇာတ်ကား တခို့ျထဲတွင် ပါဝင်တတ်သော ကိုးရပ်စ်များကို ဆွဲထုတ်ပြမှ ဖြစ်လိမ့် မည်။ ထိုဥပမာတို့ကို ကြည့်၍ မြန်မာရုပ်ရှင်များထဲမှ ကိုးရပ်စ်သရုပ်ဆောင်တွေ ကို ကိုယ့်ဘာသာ ရှာဖွေစဉ်းစားလို့ ရလိမ့်မည်ဟု စိတ်ကူးရမိလေသည်။ ရုပ်မြင် သံကြားတွင် ပြတတ်သော ရုပ်ရှင်ကားဟောင်းထဲမှ တစ်ကားကို သတိရမိသည်။
ရုပ်ရှင်ပရိသတ် လေးစားသော သဘာဝသရုပ်ဆောင် ဇော်လင်း ခေါင်း ဆောင်ပါဝင်တဲ့ ''ဖက်ဖူးရောင်'' ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ ''မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်'' ဆိုတဲ့ ကဗျာလေးကို ရွတ်ရွတ်နေတဲ့ အရူးတစ် ယောက်ကို တွေ့လိမ့်မယ်။ အတင်းထိုင်ပြောနေတဲ့ အဘွားကြီးနှစ်ယောက်ကို လည်း တွေ့လိမ့်မယ်။ သူတို့တွေဟာ ကိုးရပ်စ်တွေပါပဲ။ သူတို့ဟာ ရုပ်ရှင်ဇာတ် လိုက်တွေကို ရယ်သွမ်းသွေးနေကြပါတယ်၊ ဝေဖန်နေကြတယ်၊ မှတ်ချက်တွေ ချနေကြတယ်။ သူတို့ဟာ ရုပ်ရှင်ကြည့် ပရိသတ်ရဲ့ ရင်ထဲမှာ ထုတ်ဖော်မပြော ဖြစ်တဲ့ စကားလုံးတွေကို သူတို့အချင်းချင်း ပြောနေကြသလိုလိုနဲ့ မသိမသာ အသိပေးနေကြတယ်။
ဝင်ဦး ရိုက်ကူး သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားတခို့ျမှာလည်း ကိုးရပ်စ် တွေ တွေ့ရမယ်။ ရုပ်ရှင်ကားတစ်ကားမှာ ဇာတ်လိုက်မင်းသား၊ မင်းသမီး၊ လူကြမ်း၊ သူငယ်ချင်း၊ မိဘသရုပ်ဆောင်တွေဟာ သူ့နေရာနဲ့သူ အရေးပါသလို ကိုးရပ်စ်ဆိုတာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်။ ကိုးရပ်စ် ပါမှ ပြည့်စုံတယ်လို့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ရုပ်ရှင်ကြည့် ပရိသတ်နဲ့ ရုပ်ရှင်တင်ပြသူတွေရဲ့ ကြားမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ကိုးရပ်စ်တွေက ဖြည့်ပေးနေပါတယ်။
ကိုးရပ်စ်ကို စိတ်ဝင်စားသူတို့သည် မြန်မာဇာတ်ကားထဲက ကိုးရပ်စ်တွေ ကို ရှာဖွေဆန်းစစ်ဖို့ စိတ်အားထက်သန်သွားကြလေသည်။ ယခုခေတ် မြန်မာ ရုပ်ရှင်ဇာတ်ကားတခို့ျနှင့် ဗီဒီယိုဇာတ်ကားအခို့ျမှာ တွေ့ရသော ကိုးရပ်စ်တွေကို  ရှာဖွေရင်း ကိုးရပ်စ်တွေ၏ သဘောသဘာဝနှင့် ရပ်တည်မှုကို ဂရုတစိုက် လေ့လာ မိပြီဟု ဆိုပါသည်။ သူတို့ပြောသော စကားတွေကိုလည်း အတော်အသင့် လေ့ လာဖူးပြီး ကိုးရပ်စ်တွေ၏ ရပ်တည်မှုကိုလည်း နားလည်လက်ခံလို့ ရပြီဟု မှတ်ချက်ချရမည် ဖြစ်ပါသည်။
ကိုးရပ်စ်ကို စတင်တီထွင်သူ အခြေအမြစ်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်လောက်က ထင်ရှားခဲ့သော ဂရိပြဇာတ်များ ဖြစ်သည်။ ဂရိပြဇာတ်များ တွင် ဘုရင်၊ မင်းသား၊ မင်းသမီး စသည်ဖြင့် သရုပ်ဆောင်များ၏ နေရာကို ယခုခေတ် ပြဇာတ်များကဲ့သို့ စာမျက်နှာအစတွင် မိတ်ဆက်ဖော်ပြထားသည်။ ထူးခြားချက်မှာ ယနေ့မြင်တွေ့ရခဲ့သည့် ကိုးရပ်စ်၏နေရာ မည်သူမည်ဝါ ဖြစ်သည် ဟူသော ဖော်ပြချက် ဖြစ်သည်။ ဂရိပြဇာတ်တစ်ခုလုံးတွင် ကိုးရပ်စ်၏ ပြောဆို ချက်များကို အရေးတကြီးပင် ထည့်သွင်းထားသည်။ တခို့ျစာမျက်နှာများတွင် ကိုးရပ်စ်၏ ပြောဆိုဝေဖန်ချက်များနှင့် ပြီးသွားတာမိုျးတွေပင် ရှိလေသည်။
ဂရိပြဇာတ်တွေမှာ ခေတ်အစားဆုံး ဂရိဖက်ရှင်ကို ပြပါဆိုလျှင် ကိုးရပ်စ် ပါပဲဟု ဆိုခဲ့ကြသည်မှာ ငြင်းနိုင်ဖွယ်မရှိအောင်ပင် ဂရိပြဇာတ်များက သက်သေခံ လေသည်။ ဂရိပြဇာတ်များထဲမှာ ကိုးရပ်စ် မည်သူမည်ဝါဖြစ်သည်ဟူသော ဖော်ပြ ချက် အခို့ျကို ကောက်နုတ်ရွေးချယ်ပြရလျှင်-
Sopheles (ဘီစီ-၄၉၆-၄ဝ၆) ရေးသားသောOedipus the king ပြဇာတ်ထဲတွင် ကိုးရပ်စ်မှာ Thebes ဘိသိစ်ပြည်မှ အဘိုးကြီးများ ဖြစ်သည်။
Aechylus (ဘီစီ-၅၂၅-၄၅၆) ရေးသာသောPrometheus ပြဇာတ်ထဲတွင် ကိုးရပ်စ်များမှာ Oceanos ပင်လယ်နတ်မင်းကြီး၏ သမီးများဖြစ် သော ပင်လယ်နတ်သမီးလေးများ ဖြစ်ကြသည်။
Aechylusရေးသားသော The Libration Bearers ပြဇာတ်ထဲတွင် ကိုးရပ်စ်မှာ အမိုျးသမီး အကျဉ်းသားများ သို့မဟုတ် အမိုျးသမီး ကျေးကျွန်များ ဖြစ်ကြသည်။
ဂရိပြဇာတ်၏ အခန်းအခို့ျတွင် ထိုကိုးရပ်စ်တို့ ပေါ်ထွက်လာတတ်သည်။ ဂရိပြဇာတ်ကို ဖတ်သူသည် ကိုးရပ်စ်တွေ ထွက်လာပြီး စကားပြောကြလျှင် ကိုးရပ်စ် ဘယ်သူပါလိမ့်ဟု စိတ်ဝင်တစား ရှာဖွေမိအောင်၊ မှတ်သားထားမိအောင် ဆွဲဆောင်လေသည်။ ဂရိပြဇာတ်ကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်သူတို့သည် ပြဇာတ်စင်၏ နံဘေးတွင် ခုံကလေးချ၍ အေးအေးဆေးဆေး ထိုင်နေသော ကိုးရပ်စ်တစ်ယောက်ကို နဖူးတွေ့ဒူးတွေ့ မြင်ဖူးကြလမ့်မည်။ ထိုအခါ ထိုကိုးရပ်စ် တို့၏ ဟန်အမူအရာ အပြောအဆိုများကို ကြည့်ရင်း၊ သဘောကျမိရင်းနှင့် သရုပ်ဆောင်များထက်ပင် သူတို့ကို ပိုပြီး ဂရုစိုက်မိကြပေလိမ့်မည်။
ထို ဂရိပြဇာတ်တွေနောက်ပိုင်း ကိုးရပ်စ်တွေ၏ အခန်းကဏ္ဍကို အပေါ် လွင်ဆုံး ဖော်ထုတ်ခဲ့သော ပညာရှင်များမှာ ၁၇ ရာစုနောက်ပိုင်း ပေါ်ထွန်းလာသော ကမ္ဘာကျော် Shakespeare နှင့်George Bernard Shawတို့ ဖြစ်ကြသည်။ သူတို့သည် ၄င်းတို့ ရေးသားထားခဲ့သော ပြဇာတ်အခို့ျတွင် ဇာတ်ဆောင်များနှင့် အတူ ကိုးရပ်စ်အရည်အချင်းနှင့် ပြည့်စုံသော သရုပ်ဆောင်တစ်ဦးကို ထည့်သွင်း ရေးသားခဲ့ကြသည်။ ထိုသရုပ်ဆောင်သည် ဂရိပြဇာတ်တွေမှာ ဖတ်ရသလို သူ့ကို ကိုးရပ်စ်ဟု အတိအလင်း ကြေညာခံရသူ မဟုတ်ချေ။ သူ၏ ပြောပုံဆိုပုံများကို ဖတ်ရင်း ဖတ်ရင်းနှင့် ဒီပြဇာတ်ထဲက ဒီသရုပ်ဆောင်ကတော့ဖြင့် ကိုးရပ်စ်ပေပဲ ဟု သတိပြုမိလာသော ခံစားမှုမိုျးကို ပေးစွမ်းလေသည်။
ကိုးရပ်စ်ဟု အမည်မတပ်ထားသော ကိုးရပ်စ် သရုပ်ဆောင်များထဲမှ အခို့ျကို ရွေးချယ်ပြရလျှင်-
ကမ္ဘာကျော်William Shakespeare (၁၅၄၆-၁၆၁၆) ရေးသားသော Antony and Cleopatra ပြဇာတ်ထဲမှ Antony ၏ မိတ်ဆွေဖြစ်သူ Domiius Abenobarbus, George Bernard Shaw(၁၈၅၆-၁၉၅ဝ) ရေးသားသော Caesar and Cleopatra(၁၉၅ဝ) ပြဇာတ်ထဲမှ Appllodorus တို့သည် ကိုးရပ်စ်ဟု မကြေညာထားသော ကိုးရပ်စ်များ ဖြစ်ပါသည်။ ကိုးရပ်စ်အကြောင်း၊ ဂရိပြဇာတ် ထဲက ကိုးရပ်စ်တွေကို လေ့လာဖတ်ရှု ကြည့်ဖူးထားသူများသာလျှင် ထိုသူတို့ကို ကိုးရပ်စ်တွေဟု ခေါ်ကြောင်း သိကြပေလိမ့်မည်။ ဒါဆိုလျှင် ဂရိဖက်ရှင်များ၏ နောက်ပိုင်း ကိုးရပ်စ် အတိအလင်း ကြေညာထားသော ပြဇာတ်တွေ မရှိတော့ပြီ လားဟု မေးစရာ ရှိလေသည်။
အမေရိကန်ဖွား မော်ဒန်စာရေးဆရာT.S.Eliot(Thomas Sterns Eliot) (၁၈၈၈-၁၉၆၅) ရေးသားသော Murder in the Cathedral (၁၉၃၅) ပြဇာတ်ထဲတွင် ကိုးရပ်စ်ကတော့ Cantebury မြို့မှ အဘွားကြီးများပါပဲဟု ဂရိစတိုင်ဖြင့် ရေးသားဖော်ပြထားသည်ကို ထူးထူးခြားခြားတွေ့ရပေမည်။ ထိုပြဇာတ်သည် အင်္ဂလိပ်ဘုရင်HenryII လက်ထက်က တကယ့်အဖြစ်အပျက်ကို ရေးဖွဲ့ထား ခြင်း ဖြစ်ပေသည်။ အမေရိကန် စာရေးဆရာတစ်ယောက် အင်္ဂလန်ပြည်က တကယ့်အဖြစ်အပျက်ကို မည်သို့ ရေးဖွဲ့ထားလေသလဲ။ Cantebury ဘုရားရှိခိုး ကျောင်းက ခရစ်ယာန်ဂိုဏ်းခုျပ်ကြီး Thomas Becket အသတ်ခံရပုံကို မည်သို့ မည်ပုံ သရုပ်ဖော်ထားလေသလဲ။ ထိုအရေးကြီးသော သမိုင်းဝင် အဖြစ်အပျက် တစ်ခုထဲက အရေးကြီးသော သရုပ်ဆောင်များအကြားတွင် တစ်နည်းအားဖြင့် လူ့ဘဝဇာတ်ခုံပေါ်တွင် မပါမဖြစ် မရှိမဖြစ်သော လူပရိသတ်အဖြစ် ကိုးရပ်စ် များကို ထည့်သွင်းလိုက်ခြင်းကြောင့် ပို၍ အသက်ဝင်လာပါသလား။
ဘုရင် Henryသည် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၏ ကိစ္စအဝဝတွင် သူ၏အာဏာ ရှိလိုသည်။ ဘုရားရှိခိုးကျောင်းများသည် ထိုအချိန်က သူတို့ဘာသာ တရားစီရင်ခွင့် ရှိသည်။ ခရစ်ယာန်ဘုန်းကြီးသည် လူသတ်မှုကို ကူျးလွန်လျှင် တောင်မှ ဘုရင်၏ ဥပဒေတရားစီရင်မှုကို ရှောင်လွှဲပြီး ဘုရားရှိခိုးကျောင်းတွင် စီရင်ခွင့်ရှိသည်။ ဤသည်ကို မှားသည်ဟု Henryက ယူဆခဲ့သည်။
ထိုစနစ်ကို ပြုပြင်ဖို့ ဘုရင် Henry သည် သူ၏ အနီးကပ်ဆုံး သူငယ်ချင်း Thomas Becket (၁၁၁၈-၁၁ရဝ) ကို Canebury ၏ ခရစ်ယာန် သာသနာပိုင် အဖြစ် ဇွန်လ ၂ ရက်၊ ၁၁၆၂ နေ့တွင် ရွေးချယ်ခန့်အပ်ခဲ့လေသည်။ အမဲလိုက် ခြင်း၊ စစ်တုရင်ကစားခြင်းနှင့် ဘုရင့်နန်းတွင်းရေးရာများကို စိတ်ဝင်စားသူ Thomas Becket သည် ထိုသိမ်ဝင်သောနေ့တွင် ''ငါသည် ယနေ့မှစ၍ ဘုရင်၏ လူ မဟုတ်တော့၊ ထာဝရ ဘုရားသခင်၏လူ ဖြစ်သွားပြီ''ဟု ကြေညာခဲ့ပြီး ဘုရားရှိခိုကျောင်း၏ အခွင့်အရေးများ ရပိုင်ခွင့်များ၏ရှေ့မှ ရပ်တည်ရင်း ဘုရင် ၏ ဆန္ဒကို ဆန့်ကျင်ခဲ့သည်။
ထို့ကြောင့် Thomas Becket သည် အင်္ဂလန်ပြည်မှ ပြည်နှင်ဒဏ်ပေးခံရ ပြီး ဥရောပတွင် ခုနစ်နှစ်ကြာ သီတင်းသုံးနေထိုင်ခဲ့သည်။ ၁၁ရဝ တွင် Thomas သည် အင်္ဂလန်သို့ ပြန်လာလေသည်။ ပြည်နှင်ဒဏ် အပေးခံရသူတစ်ဦး ထိုသို့ ပြန်လာခြင်းသည် ကောင်းသော ပြန်လာခြင်း မဟုတ်နိုင်ပေ။ T.S.Eliot ၏ Murder in the Catherdral ပြဇာတ်သည် ထိုနေရာမှ စလေသည်။
ဒီဇင်ဘာ ၂ ရက် ၁၁ရဝ ဘုရားရှိခိုးကျောင်းခန်းမထဲသို့ Thomas Becket ခြေမချမီမှာပင် ကိုးရပ်စ်များက ယခုလို နိမိတ်ဖတ်ကြလေသည်။
''ခုနစ်နှစ် ဟူသော အချိန်ကာလ ကုန်လွန်ခဲ့လေပြီ။
လူတွေအပေါ် အမြဲတမ်း သနားကြင်နာတတ်သော ဘုန်းတော်ကြီး ငါတို့ တစ်တွေကို ထားပစ်ခဲ့တာ လွန်ခဲ့သော နှစ်ပေါင်း ခုနစ်နှစ်ကတည်းကပါ။ ယခု သူပြန်လာလည်း ထူးပြီ ကောင်းလာမည် မဟုတ်''
ကိုးရပ်စ်များသည် Thomas Becketရောက်မလာမီမှာပင်Thoma ၏ ကောင်းသော ပြန်လာခြင်းမဟုတ်ကြောင်းကို ဖွဲ့ကာနွဲ့ကာနှင့် Thomas ကို စောင့်မျှော်နေကြသော ခရစ်ယာန်ဘုန်းကြီးများနှင့်အပြိုင် ပြောဆိုကြလေသည်။ နားကြားပြင်းကတ်လာသော ဘုန်းတော်ကြီးတစ်ပါးသည်-
'မင်းတို့ဟာ ဘာမှ အသုံးမကျ ဣန္ဒြေမရ၊ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုး ထဲက ရေပူတွေကို အဆက်မပြတ် ပွတ်လောရိုက်နေတဲ့ အဘွားကြီးတွေပဲ။ ငါတို့တွေရဲ့ မွန်မြတ်သော ဘုန်းကြီး မကြာခင် အချိန်အတွင်းမှာ ရောက်ရှိလာ တော့မှာကို မင်းတို့တွေ မသိလေရော့သလား။ လမ်းပေါ်က လူတွေဟာ လက်ခုပ် သံတွေ ညံပြီး ငါတို့ရဲ့ ဘုန်းတော်ကြီးကို ကြိုဆိုနေကြလေရဲ့။ မင်းတို့တစ်တွေ ကတော့ သစ်ပင်ထိပ်ဖျားမှာ ဒုက္ခတွေ့လို့ ညည်းတွားနေတဲ့ ဖားတွေလိုပဲ။ ဒါပေမဲ့ ဖားဆိုတာ နောက်ဆုံးမှာတော့ ချက်စားခံရမှာ ဓမ္မတာပဲ။ မင်းတို့တစ်တွေ ရဲ့ သူရဲဘောကြောင်တဲ့ စကားလုံးတွေနှင့် ကြောက်ရွံ့နေကြမယ့်အစား ပျော်ရွှင် ကြည်နူးတဲ့ မျက်နှာတွေကို အစားထိုးပြီး ငါတို့ရဲ့ မြင့်မြတ်သော ဘုန်းတော်ကြီး ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ကြစမ်းပါ''
ထိုအချိန်တွင်Thomas Becket ဝင်လာလေသည်။ Thomasကတော့ ကိုးရပ်စ်များကို ချီးကူျးစကားပြောပါသည်။
'သူတို့တစ်တွေဟာ သိတာထက်တောင် ပိုပြောနိုင်ကြတယ်။ သူတို့ပြော တာတွေကို မင်းတို့တောင် နားလည်လိမ့်မည်မဟုတ်။ သူတို့ လွတ်လပ်စွာ ပြောပါ စေ'
ကိုးရပ်စ်များ၏ သဘာဝကိုက အမှန်ကို မြင်နိုင်ကြ၏။ ဘဝဇတ်ခုံပေါ်က သရုပ်ဆောင်များကား သူတို့လောက် မမြင်နိုင်။ အမှန်တွေချည်းပဲ ပြောလွန်းသော အခါ သရုပ်ဆောင်များပင် မကျေမနပ် ဖြစ်ကြရသည်။ ပြဇာတ်ဖတ်သူကပင်လျှင် ဒီကိုးရပ်စ်တွေ ပြောသလောက်လည်း ဆိုးမှာ မဟုတ်ပါဘူးဟု အတွေးတွေဝင် လာရပေသည်။ ကိုးရပ်စ်များကား မရပ်မနား ပြောနေဆဲပင် ဖြစ်ပါသည်။
'အိုး...အသင် Thomas . . .  အသင်နှင့်အတူ လက်ခုပ်သြဘာသံများ၊ ပျော်ရွှင် ရွှင်မြူးခြင်းများတင်မက ဃညေအနမဘကမပ သို့ သေခြင်းတရားကိုပါ ယူ ဆောင်လာခဲ့လေပြီ'
ထိုသို့ ကိုးရပ်စ်များ ကြိုတင်နိမိတ်ဖတ်ထားသလိုပင် ဘုရင် Henry ၏ မခံမရပ်နိုင်၊ Thomasအပေါ် ထားရှိသော အမျက်ဒေါသများက ဘုရင်၏ သူရဲကောင်းလေးဦးအား Thomas ကို Canteburt ဘုရားရှိခိုးကျောင်းတွင် အဆုံးစီရင်ပစ်ဖို့ တွန်းအားပေးသလို ဖြစ်ခဲ့ရလေသည်။
'ထိတ်လန့်တုန်လှုပ်ဖွယ်၊ ကြောက်မက်ဖွယ် အဖြစ်အပျက်တိုင်းမှာ သူ့
အဓိပ္ပာယ်နှင့်သူ ရှိကြသည်။
စိတ်ပူပင်သောက ဖြစ်ရခြင်းတိုင်းမှာလည်း အဆုံးသတ်ပုံတစ်မိုျးစီ ရှိကြတယ်။
ဘဝမှာ အကြာကြီး ဝမ်းနည်းပူဆွေးဖို့အတွက် အချိန်မရှိဘူး' ဟု ကိုးရပ်စ် များက အထက်ပါအတိုင်း သူတို့အချင်းချင်း ပြောဆိုနေကြလေသည်။ ထိုပြဇာတ် ပြီးဆုံးသွားသည်အထိ ကိုးရပ်စ်များ၏ ပြောဆိုချက်များ၊ ဝေဖန်မှတ်ချက်ချမှုများ၊ သုံးသပ်ချက်များနှင့်ပင် ရေးဖွဲ့ တင်ပြထားသည်ကို ဖတ်ရှုရပေသည်။
ကိုးရပ်စ်ကို စိတ်ဝင်စားသူများသည် Murder in the Cathedral ပြဇာတ် ထဲက ကိုးရပ်စ်များနှင့် ရင်းနှီးလာသည်ဟု ဆိုကြသည်။ ဇာတ်ကွက်ထဲက အခန်းတိုင်း အခန်းတိုင်း၏ အခြေအနေများကို အပြင်လူလို ရပ်ကြည့်ပြီး ဝေဖန် တတ်သော ကိုးရပ်စ်များ၏ အကြောင်းကို ဆက်ပြီး လေ့လာဆွေးနွေးမည်ဆိုလျှင် မဆုံးနိုင်တော့ပြီ။

No comments: