Sunday, February 2, 2014

ထူးခြားတဲ့ စိတ်ကူးစိတ်သန်းပိုင်ရှင်များ - Junior Win

ထူးခြားတဲ့ စိတ်ကူးစိတ်သန်းပိုင်ရှင်များ - Junior Win

အတွေးအမြင် (၁၄၂)၊ ၂ဝဝဝ ပြည့်နှစ်၊ ဇန်နဝါရီ


genius ဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကို ဘာသာပြန်ကြည်ရင် သူတကာထက် ထူးခြားတဲ့ စိတ်ကူးရှိသော၊ စွမ်းရည် အမြော်အမြင်ကြီးသော ညဏ်ပညာတို့အပြင် အဲဒီလို ညဏ်ပညာနဲ့ ပြည့်စုံသူ၊ ညဏ်ကြီးရှင်လို့လည်း ပြောနိုင်ပါတယ်။ Oxford University အဘိဓာန်မှာ Einsteinတို့ Shakespeare တို့ကို genius လို့ ခေါ်ပါသတဲ့။
အဲဒီ genius တွေနှင့် ပတ်သက်လို့ ကျွန်မအဘိုး ဘဘကြီး ဦးခင်မောင် လတ် ရှင်းပြခဲ့ဖူးတာကို မှတ်မိနေပါတယ်။ genius တွေဟာ ညဏ်ပညာ ပြည့်စုံကြပါတယ်။ သူတို့ရဲ့ စဉ်းစားညဏ်၊ စိတ်ကူးတွေဟာ ဘယ်သူနဲ့မှ မတူ ပါဘူး။ သူတို့ စိတ်ကူးလိုက်တာဟာ ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ကိုးဆယ်ရာခိုင်နှုန်းကတော့ သူတို့ စိတ်ကူးကို အကောင်အထည် ဖော်ရတဲ့ ပင်ပန်းမှုပါပဲတဲ့။ ဘဘကြီးက အင်္ဂလိပ် အသုံးအနှုန်းတွေနဲ့ ကိုးကားပြီး အဲဒီလို ရှင်းပြခဲ့ပါတယ်။
ကျွန်မဟာ genius တွေကို စိတ်ဝင်စားမိပါတယ်။ သူတို့ဟာ မွေးက တည်းက ပါလာတဲ့ သူများနဲ့မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ပိုင်ဆိုင်တယ်။ ဒီလို ပိုင်ဆိုင်ရုံမက သူတို့စိတ်ကူးထားတာတွေကို အကောင်အထည် ဖော်ဖို့ အရည်အချင်းရှိတဲ့ ဖန်တီးရှင်တွေလည်း ဖြစ်တယ်။ သူတို့ဖန်တီးလိုက်တဲ့ အနု ပညာတွေကို ခံစားရတဲ့ ကျွန်မတို့တစ်တွေဟာ ထူးခြားတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာရပါတယ်။
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ရာပေါင်း ထောင်ပေါင်း များစွာကတည်းက genius တွေ သူ့နေရာနဲ့သူ ရှိနေခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝဝ ကျော်လောက်က အီဂျစ်တွေ တည်ခဲ့တဲ့ ပိရမစ်တွေကို ကြည့်ရင် အဲဒီခေတ်က သူတို့ဟာလည်း genius တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ၊ ပိရမစ်တွေက စလို့ ပျက်စီးယိုယွင်းသွား တဲ့ ကျောက်တုံး အပိုင်းအစတွေအထိ ယနေ့ခေတ် လူတွေ အမြတ်တနိုးထားနေကြ တယ် မဟုတ်ပါလား။
လေယာဉ်ပျံခေတ်ကို ရောက်လာအောင် စတင် စိတ်ကူးခဲ့ကြတဲ့ Wright Brothers လို့ သိကြတဲ့ Oriville Wright (၁၈၇၁-၁၉၁၅) နဲ့ Wilbur Wright   (၁၈၆၇-၁၉၁၂) တို့ဟာ ထူးခြားတဲ့ စိတ်ကူးပိုင်ရှင် genius တွေ ဖြစ်ပါတယ်။ အနာဂတ်ကို တိုးတက်ပြောင်းလဲပေးခဲ့သူတွေလို့လည်း တင်စားခေါ်ဝေါ်ခဲ့ကြပါ တယ်။
ပန်းချီဆရာ၊ ပန်းပုဆရာ၊ နက္ခတ္တဗေဒပညာရှင်၊ ဓာတုပညာရှင် စသည် ဖြင့် သတ်မှတ်ခြင်းခံခဲ့ရတဲ့ Leonardo da Vinci (၁၄၅၂-၁၅၁၉) နဲ့ ပတ်သက်လို့ ကျွန်မတို့ စိတ်ဝင်တစား ရှိခဲ့တာကThe MonaLisa ပန်းချီကား ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အင်ဂျင်စက်၊ လိုဏ်ခေါင်း၊ အမြောက်ဒီဇိုင်းများကို ရေးဆွဲခဲ့သူ ဖြစ်ပြီး သူ့ဒီဇိုင်းပုံများကို နောင်နှစ်ပေါင်း ရာပေါင်းများစွာကျမှ သိပ္ပံပညာရှင်တွေ တီထွင်နိုင်ခဲ့ကြပါသတဲ့။ စက်ကိရိယာမပေါ်ခင်က သူ ရေးဆွဲခဲ့တဲ့ စိတ်ကူးတွေ၊ ဟယ်ရီကော့ပတာဆိုတဲ့ အသုံးအနှုန်း မပေါ်ခင်က သူရေးဆွဲခဲ့တဲ့ ဒီဇိုင်းတွေကို ကျွန်မတို့ လေ့လာမြင်တွေ့ခဲ့ကြရပြန်တော့ သူ့ရဲ့ ထူးခြားလှတဲ့ စိတ်ကူးစိတ်သန်း တွေကို ကျွန်မတို့ အံ့သြမှင်တက်ရတာ အမှန်ပါပဲ။ ဆယ်နှစ်ကျော်ကြာ အပင် ပန်းခံရေးဆွဲခဲ့တဲ့ The Last Supperပန်းချီကားကြီးဟာလည်း ထူးခြား အံ့သြဖွယ်  ကောင်းလှတဲ့ Leonardoရဲ့ စိတ်ကူး ဖြစ်ပါတယ်။ ဒါပေမဲ့ Milan ဘုန်းကြီး ကျောင်းအတွက် ထိုပန်းချီကားကြီးကို ဆယ်နှစ်ကြာ ရေးဆွဲနေတဲ့ Leonardo ကို ဘုန်းတော်ကြီးများက စိတ်မရှည် ဖြစ်ခဲ့ကြရပါသတဲ့။
''သူတို့တစ်တွေဟာ ဒီလိုလှပတဲ့ ပန်းချီကားတစ်ခု ရရှိလာဖို့ အဲဒါနဲ့ ညီမျှတဲ့ စိတ်ကူးစိတ်သန်းတွေ ကြီးကြီးကျယ်ကျယ် ရှိရတယ်ဆိုတာ သဘော မပေါက်ကြဘူး' ဟု Leonardo က တွေးခေါ်ယူဆခဲ့ပါတယ်။ ဒါကို genius တစ်ယောက်ရဲ့ စိတ်ခံစားမှုလို့ ကျွန်မ ခံယူမိတယ်။ သူတို့ဟာ သာမန်လူတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ အယူအဆတွေ၊ အတွေးတွေကို တွေးနေတတ်ကြပါ တယ်။ သူတို့ဘဝမှာ သူတို့တွေးတဲ့ အတွေးနဲ့ သူတို့လုပ်နေတဲ့ အလုပ်ရယ်နဲ့ပဲ နပန်းလုံးနေကြပါတယ်။
ပန်းပုပညာရှင်၊ နံရံဆေးရေးပညာရှင် Michaelangelo Di Lordovico Buonarroti Simioni(၁၄၇၅-၁၅၆၄) ခေါ် မိုက်ကယ်အိန်ဂျယ်လို ဆိုရင်လည်း သူ့ခေတ်အခါမှာ သူဟာ genius ပါပဲ။
မိုက်ကယ်အိန်ဂျယ်လိုက ''သူ ထုထွင်းတဲ့ ရုပ်တုတွေဟာ အစကတည်း  က ကျောက်တုံးထဲမှာ ရှိနေတာပါတဲ့။ အဲဒါကို သူက အဲဒီ ကျောက်တုံးတွေထဲက နေ လွတ်မြောက်အောင် ရုပ်တုတွေကို ဆွဲထုတ်လိုက်တာပါ'' တဲ့။ ဒါဟာ သူလုပ်နေတဲ့ အလုပ်နဲ့ပတ်သက်လို့ သူ့ရဲ့ သဘောထား ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ တွေးမိတယ်။ အဲဒီ ကျောက်တုံးကြီးထဲမှာ ဘာရုပ်တု ရှိနေသလဲဆိုတာ သိတဲ့အသိဟာ genius  မှသာလျှင် စဉ်းစား စိတ်ကူးတတ်မှာပါပဲလို့။ မိုက်ကယ် ဟာ သူ အလုပ်လုပ်နေတဲ့ အချိန်မှာ သူ့ဘဝမှာ သူ့ရုပ်တုရယ်၊ သူ့ဆေးပန်းချီ ခွက်တွေရယ်၊ သူ့ဝိညဉ်ရယ်သာ ရှိပေတယ်။ အဲဒီလို ကိုယ့်ဘဝကို ကိုယ့်ဘာသာ တည်ဆောက်ရင်း ပျော်မွေ့တတ်သူတွေဟာ genius  တွေရဲ့ စရိုက်တွေပဲ ဖြစ်ပါ တယ်။
ဂရိသိပ္ပံပညာရှင် Archimedes(၂၈၇-၂၁၂ BC) ဟာ ထိုခေတ်အခါက genius ဖြစ်ပါတယ်။ သူဟာ Syracuseဘုရင် Hieronစေခိုင်းခဲ့တဲ့ ရွှေသရဖူ၊ ရွှေ စစ် မစစ် သိနိုင်ဖို့ နည်းလမ်းကို ရှာပေးခဲ့သူ ဖြစ်ပါတယ်။ ထိုပြဿနာကို ဖြေရှင်းဖို့ သူ့ရေခိုျးကန်ထဲကို ဝင်ထိုင်လိုက်စဉ် လျှံကျသွားသော ရေများကို တွေ့သောအခါ သူရှာနေသော အဖြေကို ရုတ်တရက် တွေ့ခဲ့သည်ဟု မှတ်သားခဲ့ ဖူးပါတယ်။
ထိုအဖြေကို သူ ဘယ်လောက်ထိ စဉ်းစားနေသလဲဆိုရင် ထိုအဖြေ ရုတ်တရက်ရခိုက် Eurka ''အဖြေတွေ့ပြီ'' (I have found it!) ဟု အော်ဟစ် ရင်း အဝတ်အစား မပါဘဲ ဘုရင့်ဆီ ပြေးလာခဲ့တဲ့ အထိပါပဲ။ လမ်းပေါ်က လူတွေက သူ့ကိုတွေ့တော့ သူ့နှယ် ဒီလောက်ထိအောင် ဖြစ်ရသလားဟူသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြပါတယ်။
'အဖြေရှာဖို့ ခက်ခဲနေတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းရတော့မယ်၊ အဲဒီ အဖြေကို ရုတ်တရက် တွေ့ခဲ့ရင် စိတ်လှုပ်ရှားဖူးပါသလား။ genius တွေလို့ သတ်မှတ်ခံရတဲ့ သိပ္ပံပညာရှင်တွေကတော့ အဲဒီလို အဖြစ်မိုျး ဖြစ်တတ်တယ် ဆိုတာကို လွယ်လွယ်ကူကူ နားလည်နိုင်ကြပါတယ်' တဲ့။
အဲဒါကတော့ Archemedes နဲ့ ပတ်သက်ပြီး ချထားတဲ့ မှတ်ချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီလို စိတ်ခံစားမှုများကို genius တွေ အချင်းချင်းသာလျှင် သဘောပေါက် နားလည်မိကြပေလိမ့်မယ်။ ဒါ့အပြင် စက်ဝိုင်းရဲ့ ပတ်လည် အနားနဲ့အချင်းဝက်အခိုျးဖြစ်တဲ့ ရဲ့ တန်ဖိုးကို 223/71 နဲ့ 22/7 ကြား ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ကွန်ပူျတာခေတ်မှာ တကယ့်တန်ဖိုး အတိအကျကို ရှာကြည့်ရင် သိပ်မကွာတာ တွေ့ရပါတယ်။ Archimedes နဲ့ ပတ်သက်လို့  မှတ်သားခဲ့ဖူးတာက သူ့နောက်မှ ပေါ်လာတဲ့ Sir Issac Newton(၁၆၄၂-၁၇၂၇) နဲ့ Albert Einstein(၁၈၇၉-၁၉၉၅) တို့နဲ့ တန်းတူArchimedes ကို ယှဉ်နိုင်ပါတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ လောက်က ပေါ်ခဲ့တဲ့ Archimedes နဲ့ ယနေ့ သိပ္ပံပညာရှင် နှစ်ယောက်ဖြစ်တဲ့ Newton နဲ့ Einstein တို့ကို နံပါစဉ်တပ်ပြီး ရေးရင် ဘယ်သူ့ကိုမှ အရင်တပ်လို့ မရနိုင်ပါဘူးတဲ့။ Archimedesက သူ့ကို ကမ္ဘာ့အပြင်ဘက်မှ မတ်တတ်ရပ်စရာ နေရာသာပေး ပါ၊ ဒါဆိုရင် သူက ကမ္ဘာကြီးကို ရွှေ့ပေးမယ်လို့ ဆိုခဲ့ပါတယ်။ genius  တွေရဲ့ စိတ်ကူးတွေကိုတော့ ကျွန်မတို့ လူသားတွေ လိုက်မမီကြပါဘူး။ ၂၂၅ BC လောက်က သင်္ချာပညာရှင် Eratostenes ဟာ ထောင့်တိုင်း ကိရိယာတွေ မသုံးဘဲ ကမ္ဘာကြီးရဲ့ ပတ်လည်အနားကို ခန့်မှန်းနိုင်ခဲ့ပါတယ်။ ခေတ်မီနည်းစနစ် တွေ မပါဘဲ၊ စက်ကိရိယာတွေ မထွန်းကားသေးဘဲနဲ့ သူတို့ ရှာနိုင်တွက်နိုင်ခဲ့ကြ တာဟာ genius တွေရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
အားလုံးကို ခြုံကြည့်လိုက်ရင်တော့ genius ဟာ သာမန်နဲ့ မတူဘူး၊ သူတကာထက် သာလွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။ သူတို့ စိတ်ကူးရယ်၊ သူတို့လုပ်နေတဲ့ အလုပ်ရယ်သာလျှင် သူတို့ဘဝ ဖြစ်တယ်။ သာမန်လူတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ စိတ်ခံစားမှုတွေနဲ့ ကမ္ဘာကြီးပေါ်မှာ အသက်ရှင် နေထိုင်နေကြတယ်။ သူတို့ကို ကျွန်မတို့တွေ အမြဲတမ်း အမှတ်ရနေကြပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ ဝိညဉ်သည် ကျွန်မတို့ ကမ္ဘာကြီးကို လွှမ်းခြုံလျက် ရှိနေ ပါတယ်။

No comments: