Tuesday, February 4, 2014

ေမေမေကြီးကိုလွမ်းပါသည် - Junior Win

မေမေကြီးကိုလွမ်းပါသည် - Junior Win

အတွေးအမြင် (၁၅၄)၊ ၂ဝဝ၂ ခုနှစ်



စာရေးဆရာမကြီး ဒေါ်ခင်မိုျးချစ်သည် ကျွန်မ၏အဘွား ဖြစ်ခြင်းကြောင့် ကိုယ့် အဘွားကိုယ် လွမ်းခြင်းကို စာတတန် ပေတတန် ရေးဖို့လောက်အောင် မဆန်း ပါဘူးဟု စာဖတ်သူများ ယူဆသွားကြပေတော့မည်။ ဇန်နဝါရီလ ၂ရက် ခရစ် နှစ် ၂ဝဝ၂ ဆိုလျှင် မေမေကြီးဆုံးတာ သုံးနှစ်ပြည့်ပေပြီ။ ကိုယ့်အဘွား ကွယ်လွန် တဲ့ အမှတ်တရနေ့ကို မှတ်မိနေရတာလည်း ဒါ အထူးအဆန်း မဟုတ်ပေဘူးဟု စာဖတ်သူများက ဆိုကြပေတော့မည်။ သို့သော် လွမ်းရခြင်းအကြောင်းကတော့ ထူးခြားနေပါသည်။
ကျွန်မသည် အများအားဖြင့် ရန်ကုန်မြို့မှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါသည်။ ကိုယ်နေထိုင်နေသော တိုင်းပြည်မြို့ရွာ၏ အရေးပါမှုကို မေမေကြီး၏ သွန်သင် ပြမှုသာ မပါလျှင် ကျွန်မ ဂုဏ်ယူတတ်ပါမည်လား။ ရှုပ်ထွေးပွေလီကာ ဆူညံ သံများဖြင့် ပြည့်နှက်နေသော ခေတ်မီသည့်မြို့တော် မဟာရန်ကုန်သည် ထူးခြား ဆန်းကြယ်သော မြန်မာဒဏ္ဍာရီ၏ ဂိတ်ဝတစ်ခုပင် ဖြစ်ပေသည်ဟု ဆိုသောအခါ ဟုတ်မှ ဟုတ်ပါလေစဟု သံသယဖြစ်သွားကြမည်လားဟု တွေးလိုက်မိပါသည်။
မြန်မာဒဏ္ဍာရီများသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမိုျးအတွက် ထူးခြားဆန်း ကြယ်သော ကမ္ဘာတစ်ခုသဖွယ် ဖြစ်နေလေသည်။ ဒဏ္ဍာရီထဲက သရုပ်ဆောင် တွေသည် ဘုရားသမိုင်းစဉ်တစ်လျှောက်ဝယ် လှုပ်ရှားသက်ဝင်လျက် ရှိလေသည်။ ဘုရားမြေပေါ်မှာ ရှိနေကြသော နတ်၊ နဂါး၊ မိကျောင်း၊ ဘီးလူးရုပ်တုများသည် သူတို့ ထမ်းဆောင်ခဲ့သော အတိတ်က အလုပ်တွေကို ပြောပြနေကြလေသည်။ သူတို့ အခု ဘယ်ဆီ ဘယ်ဝယ်မှာ ရောက်နေသည်မသိ။ မွေးဖွားခြင်း၊ သေဆုံး ခြင်းတည်းဟူသော သံသရာစက်ဝိုင်းထဲဝယ် ကိုယ်သည်လည်း ထိုဒဏ္ဍာရီထဲတွင် ဘယ်အခန်းကဏ္ဍထဲ ပါဝင်ခဲ့လေမလဲဟု စိတ်ကူးယဉ်ချင်စရာပင် ဖြစ်တော့သည်။ထို စိတ်ကူးစိတ်သန်းများကို မေမေကြီးသည် ကျွန်မတို့ ကလေးဘဝကတည်းက ပုံပြင်ကလေးသဖွယ် ပြောပြခဲ့လေသည်။
တစ်ချိန်တုန်းက မေမေကြီးသည် ကျွန်မတို့ အြွမာမောင်နှမ နှစ်ယောက် ၏ လက်များကို တစ်ဖက်တစ်ချက် ဆွဲလျက် ရွှေတိဂုံဘုရား တောင်ဘက်မုခ် လှေကားတစ်လျှောက် တက်သွားခဲ့ကြဖူးလေသည်။ ဘုရားတန်ဆောင်းက နဂါး ရုပ်တွေ၊ ဂဠုန်ရုပ်တွေ၊ မိကျောင်းရုပ်တွေက ဘာတွေကို ဖော်ပြတာပါလဲဟူသော ပါးစပ်ရာဇဝင်အဖြစ် လက်ဆင့်ကမ်းနေကြရသော မြန်မာဒဏ္ဍာရီတွေကို မေမေ ကြီးသည် စိတ်ပါလက်ပါ ပြောပြခဲ့လေသည်။
ရွှေတိဂုံဘုရားတောင်ဘက်မုခ် လှေကားတစ်လျှောက်က ငမိုးရိပ်မိကျောင်း ရုပ်တုကြီးသည်  သူ၏  လွမ်းစရာဇာတ်လမ်းကို  ပြောပြနေလေသည်။  ဘုရား ရင်ပြင်ပေါ်သို့ လှေကားတစ်လျှောက် တက်သွားသောအခါ ကောင်းကင်ပြာကြီး နှင့် ပြန့်ပြူးနေသော ဘုရားရင်ပြင်ထက်ဝယ် ရွှေရောင်အဆင်းဖြင့် တင့်တယ်စွာ တည်ရှိနေသော ရွှေတိဂုံဘုရားကြီးကို ဖူးတွေ့ကြရပေတော့သည်။ ထိုအခါ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့ ဂေါတမမြတ်စွာဘုရား၏ ဆံတော်ကို လက်ခံရရှိသော ရုပ်ပုံကားချပ်သည် ဘုရားဖူးလာကြသူတို့၏ မျက်စိ ဝယ် ထင်ဟပ်လာကြလေတော့သည်။ ယနေ့အခေါ် ရန်ကုန်မြို့၊ ရှေးအခေါ် ဒဂုံမြို့တည်ထောင်သူ ဥက္ကလာပမင်းကြီးသည် ဆံတော်ကို သယ်ယူလာသူ ကုန် သည်ညီနောင်နှစ်ဦးကို နွေးထွေးစွာဖြင့် ကြိုဆိုခဲ့လေသည်။
ဥက္ကလာပမင်းကြီးဟူသော အမည်ကို အမှတ်ရလိုက်စဉ် ခဏဝယ် သိကြားမင်းနှင့် မယ်လမုတို့၏ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်သည် ဘုရားဖူးသူများကို သတိရစေပြန်လေသည်။ ဥက္ကလာပမြို့ မြောက်ဘက် တောကြီးမျက်မည်းထဲ လမုသီးမှ မွေးဖွားလာသူက မယ်လမု ဖြစ်လေသည်။ ဥက္ကလာပမင်းကြီးသည် သိကြားမင်းနှင့် မယ်လမုမှ မွေးဖွားလာသော သားတော်ဖြစ်၍ မယ်လမု တည်ခဲ့ သော မယ်လမုဘုရားသည် ဝါစဉ်အရဆိုလျှင် ဥက္ကလာပမင်း တည်ခဲ့သော ရွှေတိဂုံဘုရားထက် ကြီးပေသည်။ ယခု ထို ဥက္ကလာပမြောက်ဘက်နေရာ၌ မယ်လမုဘုရားအဖြစ် ယနေ့ တွေ့မြင်ကြရပေသည်။
ဥက္ကလာပမင်းကြီးသည် သိကြားမင်း၏ သားတော် ဖြစ်သည်ဟု ဆိုလိုက် သောအခါ သူနှင့် အဖေတူ အမေကွဲ ငမိုးရိပ်မိကျောင်းကိုလည်း သတိရသွားပြန် သွားပြန်လေသည်။ သိကြားမင်းက မယ်လမုထံ ပေးပို့သော နတ်ရေစင်သည် သမုဒ္ဒရာထဲ တခို့ျ ဖိတ်စဉ်ခဲ့၍ သောက်မိသော မိကျောင်းမသည် ငမိုးရိပ်ကို မွေးလေသည်။ ငမိုးရိပ်မိကျောင်းက ဒဏ္ဍာရီထဲ လှုပ်ရှားသက်ဝင်လာသောအခါ ဥက္ကလာပမင်းကြီး၏ သားတော် မင်းနန္ဒာကိုလည်း မေ့ထားလို့ မရပြန်ချေ။ မင်းနန္ဒာနှင့် ရှင်မွေ့နွန်းတို့၏ လွမ်းစရာ ဇာတ်လမ်းကလည်း ယနေ့တိုင် တေးသီ ချင်းထဲ၊ ကဗျာတွေထဲ ပါနေဆဲ မဟုတ်ပါလား။
ရန်ကုန်မြို့၊ ပြည်လမ်း ၉ မိုင်က ငမိုးရိပ်ဘုရားသည် ငမိုးရိပ်၏ ဇနီး မရွှေပွင့် တည်ခဲ့ခြင်းဖြစ်ပေသည်။ တခြားသော ဘုရားပွဲတော်တွေ လပြည့်နေ့များ မှာ နှစ်စဉ် ကျင်းပသော်ငြား ငမိုးရိပ်ဘုရားပွဲတော်ကို ငမိုးရိပ်၏ လွမ်းစရာအဖြစ် ကြောင့် လည်းကောင်း၊ ဇနီး မရွှေပွင့်က ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တည်ခဲ့ခြင်းကြောင့်လည်းကောင်း နှစ်စဉ် လကွယ်နေ့၌သာ ကျင်းပကြလေသည်။ တစ်ဖန် ငမိုးရိပ်တံတားသည် ငမိုးရိပ်၏ ဝိညာဉ်တွေ ပူးကပ်စောင့်ရှောက်လျက် ရှိသောကြောင့် ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးတွေ ထောင်ချီ၍ ကျရောက်ငြား နှမ်းတစ်စေ့မျှ မထိခြင်းပင် ဖြစ်ပေတော့သည်ဟု မြန်မာရာဇဝင်မှာ ယုံကြည်နေ ကြပေသည်။
ရွှေတိဂုံဘုရားကြီးကို ဖူးမြော်ရင်း အစီအရီ ပေါ်လာသော ရုပ်ပုံကားချပ် များသည် သတိရစရာ အောက်မေ့ဖွယ်ရာများနှင့် အပြည့် ဖြစ်ပေတော့သည်။ ရွှေတိဂုံဘုရားတည်ရာ တောင်ကုန်းသည် သိင်္ဂုတ္တဂာတောင်ကုန်းဟု ဆိုသောအခါ   ပွင့်ခဲ့လေပြီးသော ဘုရားလေးဆူတို့၏ တောင်ဝှေးတော်၊ သင်းပိုင်တော်၊ ရေစစ် တော်နှင့် ဆံတော်တို့ တည်ရာမြေအဖြစ် ကျွန်မတို့ အမှတ်ရမိပြန်လေသည်။
ကကုဿန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကောနဂဏ္ဏမြတ်စွာဘုရား ၏ သင်းပိုင်တော်၊ ကဿပ္ဖမြတ်စွာဘုရား၏ ရေစစ်တော်တို့ကို လက်ဝယ်သိမ်း ဆည်းခွင့် ရခဲ့သော ဆူးလေးနတ်၊ ရောဟိနိနတ်၊ ဒေခိနတ်တို့သည် ဘုရာဖူးသူတို့ ၏ အတွေးဝယ် ထင်ဟပ်လာကြသည်။ ထိုနတ်သုံးပါးတို့သည် ထိုအမွေတော်တို့ ကို ဟ္မိဘိနတ်ကို ပေးအပ်ခဲ့ကြရာ ဟ္မိဘိနတ်က သိင်္ဂုတ္တရတောင်ကုန်းဝယ် မြှုပ်နှံထားခဲ့လေသည်။
ဥက္ကလာပမင်းကြီးသည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ကို လက်ဝယ် ရရှိပြီး ရှေးဘုရား သုံးဆူတို့၏ မွေတော်တို့တည်ရာ သိင်္ဂုတ္တရ တောင်ကုန်းကို ရှာပုံတော် ဖွင့်ခဲ့ရပြန်လေသည်။ ထိုအခါ ယနေ့ ရန်ကုန်မြို့လယ်မှာ တည်ထား သော ဆူးလေဘုရားတို့ကို ကိုယ်စားပြုသည့် ဆူးလေနတ် အပါအဝင် နတ်သုံးပါး တို့၏ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေက သက်ဝင်လှုပ်ရှားလာကြရပြန်လေသည်။ ဤသို့ဖြင့် တစ်ချိန်တည်း တစ်နေရာတည်းမှာပင် ဗုဒ္ဓမြတ်စွာဘုရား လေးဆူတို့ ၏ မွေတော်တို့ကို ဖူးမြော်ခွင့်ရသည့် အခွင့်အရေးကို ရခဲ့ကြသည်မှာ အလွန်ကြီး မြတ်လှပေတော့သည်။
မေမေကြီးက ဆက်လက်၍ နိုင်ငံခြားတိုင်းပြည် ဒဏ္ဍာရီတွေနှင့် ကိုယ့်မြို့ ကိုယ့်ရွာက ဒဏ္ဍာရီတွေ ကွာခြားပုံကိုလည်း ရှင်းပြခဲ့လေသည်။ ရှေးဒဏ္ဍာရီ ဆိုတာ တိုင်းပြည်တိုင်းမှာ ရှိနေပါသတဲ့။ မြန်မာဒဏ္ဍာရီ ပုံပြင်တွေထဲမှာ ကံ၏ အကိုျး၊ ဘဝ၊ ကုသိုလ်၊ အကုသိုလ်တွေ အမြဲပါဝင်နေလေသည်။ ကောင်းမှုလုပ် လျှင် ကုသိုလ်ရ၍ မကောင်းမှုလုပ်ရင် အကုသိုလ် ခံစားကြရပေသည်။ သိကြား မင်းသည် သူ့ဘုံဌာန တည်မြဲစေဖို့ ကုသိုလ်ကောင်းမှုတွေ လုပ်နေရ၏။ သူ ခုနှစ်ဘဝ ဆက်နေပြီးလျှင် ပရိနိဗ္ဗာန်ပြုရပေမည်။ ရှင်မွေ့နွန်း၊ မင်းနန္ဒ ဘယ်မှာ လဲဆိုလျှင် ရှိတယ်၊ သူတို့ဟာ နတ်ဖြစ်ချင် ဖြစ်နေမယ်၊ နိဗ္ဗာန်မရောက်သေးတဲ့ တစ်ဘဝမှာ ရှိတယ်ဟု ဖြေရပေမည်။ ဗုဒ္ဓဘာသာကို ယုံကြည်တဲ့အတွက် ကံ ကံ၏အကိုျးတရားကို ယုံကြည်ပါသည်။ ဘဝဆိုတာကိုလည်း ယုံကြည်ပါသည် ဆိုတာတွေသည် မြန်မာဒဏ္ဍာရီထဲမှာ အမြဲပါနေလေသည်။ ယင်းအချက်သည် အနောက်တိုင်း ဒဏ္ဍာရီနှင့် ကွာခြားချက်ဖြစ်ပေသည်။
ရွှေတိဂုံဘုရားသမိုင်းသည် မြန်မာဒဏ္ဍာရီပုံပြင်ဟု ဆိုထား၏။ သို့သော် ငမိုးရိပ်မိကျောင်းရုပ်တု၊ မယ်လမုဘုရား၊ ဆူးလေဘုရား အစရှိသော ဒဏ္ဍာရီထဲက ဇာတ်ကောင်တွေသည် ကျွန်မတို့ လက်ညှိုးထိုးပြ၍ရသော အရာများဖြစ်ချေ၏။ ဘုရားပွဲတော်ဆိုတာ လပြည့်နေ့မှာပဲ ပြုလုပ်ကြသော်ငြားလည်း ငမိုးရိပ်ဘုရားပွဲ တော်ကို ထူးထူးခြားခြား လကွယ်နေ့မှ ပြုလုပ်နေကြခြင်းသည် တကယ်ပင် ဖြစ်၏။ သို့သော် အနောက်တိုင်းပုံပြင်တစ်ပုဒ်ဖြစ်သော Snow White and the seven dwarfs ထဲက လူပုကလေး ခုနှစ်ယောက်၏ အိမ်ကလေး၊ Sleeping Beauty ထဲက အိပ်ပျော်နေသော မင်းသမီးလေး၏ နန်းတော်တည်ရှိရာ တောအုပ် ကလေး ဘယ်မှာလဲဟုမေးလျှင် ဖြေစရာ မရှိပါချေ။ ထို့ကြောင့်ပင် ကျွန်မတို့၏ မြန်မာပြည်သည် ထူးခြားဆန်းကြယ်လှသည့် မြန်မာဒဏ္ဍာရီတွေ တမေ့တမော နားဆင်ရှုမဆုံးတော့သည့် နတ်ပြည် နတ်ရွာကြီးပင် ဖြစ်နေပေတော့သည်။ ဒါ ကြောင့်လည်း မေမေကြီးက A Wonderland of Burmese Legends ဟူသော ကမ္ဘာ့အလယ်မှာ ဝင့်ြွကားစေလောက်သည့် စာအုပ်တစ်အုပ်ကို ဂုဏ်ယူ စွာ ပြုစုရေးသားခဲ့ခြင်း ဖြစ်ပေတော့သည်။
ကျွန်မသည် မြန်ပြည်တစ်ခွင် အရပ်ရပ်က ဘုရားစေတီပုထိုးများကို ဖူးရဖို့ အခွင့်အရေးတွေ ကြုံလာတိုင်း မေမေကြီး ပြောပြခဲ့သော မြန်မာဒဏ္ဍာရီတွေ တရေးရေး မြင်ယောင်လာရသည်မှာ မေမေကြီး မွေးမြူပေးလိုက်သော စိတ်ဓာတ် အမွေကြောင့်ပင် ဖြစ်ပေတော့သည်။ ဒါကြောင့်လည်း မြန်မာ့အမွေအနှစ် အဖိုး တန် မြန်မာဒဏ္ဍာရီတွေနှင့် တွဲ၍ မေမေကြီးကို လွမ်းရသည်မှာ ထူးခြားနေပါတော့ သည်။

No comments: