ကမ္ဘာကျော် စကားများ - ဂျူနီယာဝင်း
(အမှတ် ၁၇၇၊ ၂ဝဝ၆၊ မတ်အတွေးအမြင်)
အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေကို အရင်းခံပြီး သင်ခန်းစာတွေ ရကြသည်။ မှတ်ချက်တွေ ချကြသည်။ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ နှုတ်က ရေရွှတ်လိုက်သောအခါ ထိုစကားများက ကမ္ဘာကျော်သွားသည်။ ထိုစကားများကို ကျက်မှတ်နေရ၏။ ဒါ ဘယ်ပုဂ္ဂိုုလ် က ပြောတာဟုပင် မှတ်မိအောင် ကြိုးစားရ၏။ ထို့အပြင် သူတို့ရေးတဲ့ စာပေတွေထဲမှာက ဇာတ်ကောင်တွေရဲ့ စကားလုံးတွေကိုပင် သူတို့၏ အာဘော်တွေအဖြစ် ခံစားနေကြရပါသည်။
‘Genius is one percent inspiration and ninety nine percent perspiration.’
အမေရိကန် တီထွင်ပညာရှင် Thomas Alva Edison (၁၈၄၇-၁၉၃၁) ၏ စကားဖြစ်သည်။ ထိုစကားလုံးများကို သတင်းစာဆရာ တစ်ဦးအား ပြောကြားခဲ့ခြင်း ဖြစ်သည်။ သူ့အဆိုစကား အခြေခံအားဖြင့် မှန်၏။ ညဏ်ကြီးရှင်တွေဖြစ်သည့် အနုပညာသမားတွေ၊ ပန်းချီဆရာ တွေ၊ တေးသီချင်းသီကုံးမှုတွေ၊ စာရေးဆရာတွေ၊ သိပ္ပံပညာရှင်တွေ အစရှိသည်တို့သည် inspiration ဟူသည့် စိတ်ဝင်စားမှု၊ စဉ်းစားမှု ကလေး ဝင်လာအောင် အချိန်အခါတစ်ခုကို စောင့်ကြရ၏။ ထိုစိတ်ကူးကလေး အကောင်အထည်ပေါ် လာစေဖို့အတွက် အားထုတ်ကြိုးပမ်းမှု၊ ဝီရိယစိုက်မှု perspiration ဟာ ၉၉ ရာခိုင်နှုန်းဖြစ်၏။ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ လူတစ်ဦးတစ်ယောက်သည် ညဏ်ကြီးရှင်တွေ အဖြစ် မွေးဖွားလာသော်ငြားလည်း ရလာသော စိတ်ကူးကို အကောင်အထည်ဖော်လာဖို့ကား သူတို့ကိုယ်တိုင်၏ လုံ့လဝီရိယ အားထုတ်မှုပေါ် လုံးလုံးလျားလျား တည်နေလေသည်။ ဥပမာ- လေယာဉ်ပျံ စိတ်ကူးကလေးရလာတာက တစ်ရာခိုင်နှုန်းမျှသာ ရှိ၏။ ယင်းကို ရုပ်လုံးပေါ် အောင် ကိုယ်ရောစိတ်ပါ ကြိုးပမ်းအားထုတ်ခဲ့ရသော Wright brothers ၏ perspiration က ၉၉% ဖြစ်လေသည်။
‘Was this face that launched a thousand ships, And burnt the topless of Ilium’.
Christopher Marlowe (၁၅၆၄-၁၅၉၃) သာ သည်ထက်အသက် ပိုရှည်ရှည်နေရမည်ဆိုပါလျှင် ကမ္ဘာကျော်ပြဇာတ်ရေးဆရာကြီး William Shakespeare (၁၅၆၄-၁၆၁၆) ထက်ပင် သာပေလိမ့်မည်ဟု ပြောစမှတ်ပြုကြလေသည်။ ဒီလိုလှပသော စာကြောင်းမိုျး ှ့Shakespeare ပင် မရေးနိုင်ဟု ဆိုကြပါသည်။
၁၅၈၈ ခုနှစ်က ရေးသားခဲ့သော Doctor Faustus ပြဇာတ်ထဲက ဖြစ်ပါသည်။ ဂျာမန်ဒဏ္ဍာရီဟောင်း တစ်ပုဒ်ကို အခြေခံထား သည်။ မိမိ၏ဝိညာဉ်ကို မကောင်းဆိုးဝါးလက်သို့ ၂၄ နှစ်တိတိ ရောင်းချလိုက်သော Fausus ဟူသော လူတစ်ယောက်အကြောင်းဖြစ်သည်။
Faustusသည် မကောင်းဆိုးဝါး Mephistophelesအား သူ့ဝိညာဉ် ရောင်းချခဲ့သော ၂၄ နှစ်ကာလအတွင်း သူ့အလိုဆန္ဒရှိသမျှ ပြည့်စေရ မည် ဟူသော သဘောတူညီချက်နှင့် ဖြစ်၏။ ပြဇာတ်၏ ဇာတ်ရှိန်အမြင့်ဆုံးအခန်းကား အလှဘုရင်မဟု တင်စားခဲ့ကြသည့် Trojan စစ်ပွဲဖြစ် ရသည်မှာ သူ့အလှကြောင့်ဟု ပြောစမှတ်ပြုကြရသည့် Helen ၏ အလှကို တွေ့မြင်ချင်သောဆန္ဒတောင်းဆိုခြင်းပင် ဖြစ်သည်။ Troy မင်းသမီး Helen သည် ပါရီမင်းသားနှင့် ဂရိမှ ထွက်ပြေးလာခိုက် Helen ကို တွေ့မြင်ခွင့်ရလိုက်သော Faustus နှုတ်မှ ရေရွတ်လိုက်သော စကားတစ်ခွန်းဖြစ်ပြီး ယင်းအချိန်သည် မကောင်းဆိုးဝါးနှင့် ကန်ထရိုက်သက်တမ်းကျော်သွားသည့် ကာလဖြစ်ကာ သူလည်း ငရဲသို့ လားရ လေသတည်းဟု အဆုံးသတ်ထားပါသည်။ ယင်းစာကြောင်းကို ကျွန်မအဘွား၏မိတ်ဆွေကဗျာဆရာ မောင်သော်က ယခုကဲ့သို့ မြန်မာမှု ပြုထား သည်ကို တွေ့ဖူးပါသည်။
'ဒီရွှေမျက်နှာလေလား စစ်လှေငါးရာနှစ်ဆ ရေချစေခဲ့တာ အီလီယာပြည်ရဲ့ ခေါင်းထီးမဲ့လင့်စင်များ မီသင့်ပြာကျသွားစေခဲ့တာ။
Helen လှလိုက်ပုံများ သူ့အလှကို တွေ့မြင်ရပြီး ငရဲသို့လားရမည်ကိုပင် မမှုပါ။ သူ့အလှကို မြင်ခွင့်ရတာနှင့်ပင် တန်လှချေပြီဟု Doctor Faustus ၏ နှုတ်မှ ရေရွတ်ခဲ့သော အရှေ့ပိုင်းစကားမျှသာ ဖြစ်ပါသည်။
‘To see him act, is like reading Shakespeareby flashes of lightening.’
'သူ သရုပ်ဆောင်နေတာကို ကြည့်နေရတာဟာ ရှိတ်စပီးယား ပြဇာတ်ကြီး အသက်ဝင်နေသလိုပါလား'
ပြဇာတ်သရုပ်ဆောင် Edmund Kean (၁၇၈၇-၁၈၃၃) အား စာရေးဆရာကြီး Samuel Taylor Coleridge (၁၇၇၂-၁၈၃၄) က ရည်ညွှန်းပြောဆိုလိုက်သော ချီးကူျးစကားဖြစ်ပါသည်။ Edmund Keanသည် ထူးချွန်ထက်မြက်သော အင်္ဂလိပ်သရုပ်ဆောင်တစ်ဦးဖြစ် သည်။ သူ့ငယ်စဉ်ဘဝတွင်ကား သူ့မိခင်၏ စွန့်ပစ်မှုကြောင့် ကြင်နာတတ်သော အဒေါ်လက်ထဲမှာ ကြီးပြင်းခဲ့ရ၏။ တေးဂီတ၊ အက၊ သရုပ် ဆောင် ပညာတို့ကို သင်ယူခဲ့ရပြီး ပြဇာတ်သရုပ်ဆောင်ကောင်းဖြစ်လိုခဲ့သည်။
အရပ် ၅ ပေ ၃ လက်မ၊ ရုပ်ရည်အားဖြင့် ဘာမှထူးထူးခြားခြား မရှိသော်လည်း စူးရှတောက်ပသည့် မျက်လုံးအစုံသည် သူ့အား အသက် ၁၆ နှစ်အရွယ်မှာပင် အဓိကဇာတ်ကောင်နေရာတွေမှာ နေရာရလာစေခဲ့သည်။ London တွင် သူသရုပ်ဆောင်ခဲ့သည့် ှ့Shakespeare ပြဇာတ်တွင် ‘The merchant of Venice’ ထဲကအလိုလောဘကြီးလှသည့်Shylock နေရာသရုပ်ဆောင်မှုသည် သူ့အား ညတွင်းချင်းပင် နာမည်ကျော်သွားစေခဲ့လေသည်။
ရှိတ်စပီးယား၏Hamlet, Othelo, Richard III တို့တွင် အဓိကဇာတ်ဆောင်ဘဝမှာ နာမည်ကျော်ခဲ့ပြီး အရက်၏ ကျေးကျွန်ဖြစ်ကာ အသက် ၄၆ နှစ်မှာ ကွယ်လွန်ခဲ့လေသည်။ Kean ရဲ့ ပရိသတ်တွေအပေါ် သြဇာသက်ရောက်မှုကတော့ ဘာနှင့်မှ မတူပါဘူး။ သူ့ရဲ့သရုပ် ဆောင်စွမ်းပကားဟာ တခြားသော ဇာတ်ကောင်တွေ၊ ဇာတ်ဆောင်တွေကိုပင် ဆွဲယူသွားလိုက်နိုင်ပါပေသည်။ သူ့ရဲ့သွက်လက်တောက်ပသည့် သရုပ်ဆောင်ချက်တွေဟာ ရှိတ်စပီးယား ပြဇာတ်ကြီးဖတ်နေရသလိုပါပဲဟု စာရေးဆရာကြီး Coleridye က ဆိုခဲ့ပါလေသည်။
Kean သည် သူ့သားဖြစ်သူ Charles နှင့် Orthello ပြဇာတ်အခန်း (၃) ကို အတူတကွ သရုပ်ဆောင်နေရင်း Charles ၏ လက်မောင်းကို ဆုပ်ကိုင်ကာ 'အဖေမနေရတော့ဘူးကွယ် အဖေ့ကိုယ်စား သူတို့ကို ပြောပေးပါ' ပြောရင်း ကွယ်လွန်ခဲ့လေသည်။ ထိုအချိန်မှာ ပင် ကားလိပ်ကိုချ၊ နောက်သရုပ်ဆောင်တစ်ဦးက သူ့အစားဝင်ကာ ပြဇာတ်ကို အပြီးကပြခဲ့ရလေသည်။ သို့ပါသော်လည်း ပရိသတ်ကြီးမှာ တော့ သူနှင့်အတူ ဝမ်းနည်းကြေကွဲခဲ့ကြရပါလေသည်။
‘Veni, Vidi, Vici.’
‘I came, I saw, I conquered.’
သမိုင်းမှာ ပြောစမှတ်ပြုကြရသည့် နိုင်ငံရေးသမား၊ စစ်ဗိုလ်ခုျပ် စကားပြောအဟောသမား၊ စာရေးဆရာ Caius JuliusCaesar (102? – 44 BC) က သူ၏ Pontus စစ်မြေပြင်အောင်ပွဲ (၄၇ BC) တစ်ခုကို ရည်ညွှန်းလိုက်သော စကားဖြစ်ပါသည်။ Julius Caesar ၏ စာရေးသော စတိုင်သည် အလိုအပိုမရှိ၊ တိကျသော စကားလုံးများဖြင့် တည်ဆောက်ခြင်းဖြစ်၏။ သူသုံးသော စကားလုံးတိုင်းတွင် အပိုတစ် လုံးမှ မပါ။ သူ့မိတ်ဆွေ Amanitusသို့ ပေးပို့သော စာလွှာတွင် ပထမဦးဆုံး အသုံးပြုခဲ့သော စာဖြစ်သည်။
JuliusCaesar ၏ အထင်ကရအောင်ပွဲလေးပွဲဖြစ်သော The Gallic, The Alexandrian, The Pontic, The African တို့သည် လူထုကြား ပြောစမှတ်ပြုခဲ့ကြသည်။ ထိုအထဲ The Pontic အောင်ပွဲကို ဖော်ညွှန်းသော အမှတ်တရအဖြစ် သမိုင်းပညာရှင်တစ်ဦးက မြင်း လှည်းတစ်စင်းပေါ်တွင် VENI, VIDI, VIVI ဟူသော ရောမစာလုံးသုံးလုံးကို စစ်ပွဲမြင်းကွင်းတစ်ခုအဖြစ်ဖြင့် ရေးဆွဲ ပုံဖော်ခဲ့သည်ဟူ၏။ 'ငါလာခဲ့သည်၊ ငါမြင်ခဲ့သည်၊ ငါအောင်နိုင်ခဲ့သည်'ဟူသော စကားလုံးများသည် Julius Caesar ၏ အသွင်သဏ္ဌာန်ကိုပင် ဖော်ညွှန်းပေးပြီး သား ဖြစ်နေလေတော့သည်။
No comments:
Post a Comment