ပျော်တော့ ပျော်တာပေါ့ ဒါပေမဲ့. Junior Win
စာမေးပွဲအောင်စာရင်းမှာ ကိုယ်က စာမေးပွဲကျပြီး သူများက အောင်နေကြလျှင်တော့ 'သူများပျော်လို့ မပျော်နိုင်'ဟု စာသားလေးကို သတိရသည်။ အကယ်၍ ကိုယ်ကအောင်ပြီး ကိုယ့်သူငယ်ချင်းတစ်ယောက်ကျနေလျှင် ကိုယ်စာမေးပွဲအောင်လို့ ပျော်တော့ပျော်ပါတယ်။ ဒါပေမဲ့ ကိုယ့်သူငယ်ချင်းကျနေလို့ ပျော်ရတာသိပ် အဓိပ္ပာယ်မရှိသလိုလို ကျတဲ့လူကို အားနာပြီး သိပ်ပျော်ပြမနေဖို့တော့ ကောင်းတာပေါ့ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးရသည်။ အဲဒီအကြောင်းကို ရေးချင်သည်။
ကျွန်မတို့ အဘိုးအဘွားများ ဖြတ်သန်းခဲ့ရသော ဂျပန်ခေတ် ၃ နှစ်တာကာလမှာ ဘယ်လောက်မွန်းကြပ်ခဲ့ရသည်ကို အဘွား မေမေကြီး ဒေါ်ခင်မိုျးချစ်က သူ့စာထဲထည့်ရေးခဲ့လို့ သိခဲ့ရပြီး တစ်ခါတစ်ရံ နှုတ်ကနေ ပြောဆိုတာတွေကို ကြားဖူးခဲ့ရသည်။ 'ငါ့မြေးတို့ အဲဒီလို ခေတ်ဆိုးကြီး မကြုံခဲ့ကြရတာ ကံကောင်းလေခြင်း'ဟု နောက်ဆုံးတွင် မှတ်ချက်ချက်တတ်ကြသည်။ ကျွန်မတို့ ငယ်စဉ်က ကြားခဲ့ရတာတွေမို့ သိပ်နားမလည်ပါ။ ဂျပန်ခေတ်တွင် ဘယ်လောက်တောင် ကြောက်ရွံ့ခဲ့ရခြင်းကို မေမေကြီးသည် Three Years Under The Japs 'ဂျပန် ခေတ်မှာ ၃ နှစ်တာ' တွင် ရေးပြခဲ့သည်။ ကျွန်မကလည်း မေမေကြီးရေးခဲ့တဲ့ စာအုပ်တွေထဲ ဘယ်စာအုပ်အပါးဆုံးလဲဆိုတာ ဘာသာပြန်ဖို့ ရွေးယူနေရာမှ ထိုစာအုပ်က လှည့်ရောက်လာတော့သည်။
သို့ပေမယ့်လည်းပေါ့လေ။ ဘာသာပြန်ရင်းနှင့် ကျွန်မရင်ထဲဖြစ်ပေါ်လာသော ခံစားမှုက တစ်မိုျးဖြစ်လို့နေသည်။ အင်း ... ထားပါတော့ လေ။ ဂျပန်ခေတ်မှာမို့ ဒီလောက်ဆိုးရွား အနှိပ်စက်ခံထားကြရသော မြန်မာပြည်သူပြည်သားတို့ကို နားလည်ပါသည်။ ဘဘကြီး ပြောပြောနေ သော ညညအချိန်မတော် ကြားနေရသည့် ဂျပန်စစ်ဖိနစ်သံကို ကြောက်ရွံ့နေရခြင်းကိုလည်း သဘောပေါက်ပါသည်။ တုန်လှုပ်ခြောက်ခြားစွာ ကျီးလန့်စာစားနေနေရသော ဂျပန်ခေတ်အောက်ကာလကိုလည်း မျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်ပါသည်။ သို့သော်...။
ဂျပန်ခေတ်ကြီးထဲမှာ မြန်မာလူမိုျးများသည် ကြောက်ရွံ့ခြင်းကို ဘေးချိတ်ကာ ၁၂ လရာသီ ပျော်ပွဲရွှင်ပွဲများကို အဘယ့်ကြောင့် ကျင်းပနိုင်ခဲ့ကြသနည်း။ အဲဒီလောက် ဆိုးဆိုးရွားရွား ထိတ်လန့်တုန်လှုပ်ခါနေနေရသော ကာလကြီးအတွင်းမှာ ပျော်နေနိုင်ကြသေးတာ ဘာကြောင့်ပါလဲ။ တခို့ျများ ဂျပန်တွေ နှိပ်စက်ခံရလို့ မျက်ရည်ပေါက်ကြီးငယ်ကျကာ ဒုက္ခဆင်းရဲခံနေကြရတာတွေရှိနေ၊ တွေ့မြင်၊ ကြားသိနေရဲ့သားနှင့်များ ပျော်ပွဲတွေ ကျင်းပနိုင်ခဲ့ကြတာ ဘာကြောင့်ပါလဲ။ ဒုက္ခပင်လယ်ဝေနေသူတွေကို နည်းနည်းတော့ အားနာဖို့ကောင်း သည်။ ကိုယ်က အဲဒီလို ဒုက္ခမရောက်တာနှင့်ပဲ ပျော်သင့်ပါရဲ့လား။
မေမေကြီး ရေးသားခဲ့သော 'အပျင်းဖြေနည်း' စာအုပ်တွင် ယခုလို ရေးထားတာတွေ့ရသည်။ 'ဂျပန်ခေတ်တွင် ကောင်းကင်မှ ဗုံးချ မြေပြင်ထက်၌လည်း ဂျပန်က နှိပ်စက်၊ သုံးစရာ၊ စားစရာပစ္စည်းများကလည်း ရှားပါးလှသည့် ခေတ်၌ပင်လျှင် စည်ဗျောသံမစဲ အလှူပွဲခံနိုင် သည့် မြန်မာလူမိုျးများကား ကမ္ဘာတွင် ရှားပေလိမ့်မည်။ ဂျပန်နှင့် အင်္ဂလိပ်၊ အမေရိကန်တို့စပ်ကြား၌ မြေစာပင် စစ်မြေပြင်ဖြစ်ခံရသော မြန်မာလူမိုျးတို့သည် ထိုပျော်တတ်သော စိတ်ကလေးကြောင့်သာ ရူးသွတ်မသွားသည်ဟု ဆိုရပေမည်'တဲ့။
ကျွန်မရင်ထဲမှာ သိပ်မရှင်းလင်းခဲ့သော ထိုကိစ္စနှင့် ပတ်သက်၍ ဘဘကြီး မေမေကြီးတို့နှင့် ဆွေးနွေးခဲ့ဖူးသည်ကို အမှတ်ရမိသည်။ ပျော်တတ်သော မြန်မာလူမိုျးတို့၏ စိတ်သဘာဝကိုလည်း မေမေကြီးရေးပြခဲ့သောကြောင့် နည်းလည်ခံစားလို့ရခဲ့ပါ၏။ သို့သော် ကျွန်မ စောဒကတက် မေးခွန်းများကို ယခုလို ခံစားတတ်သွားအောင် ရှင်းပြဖူးခဲ့သည်ကို ပြန်လည်တင်ပြရသည်ရှိသော်...
သြော် ဂျပန်ခေတ်တွင်း ကျရောက်သက်ဆင်းခဲ့ရရှာသော တို့မြန်မာပြည်သားများ ထိုစဉ်က ၁၂ လရာသီပွဲတော်များကို မိမိတို့၏ အမိုျး သားရေးစိတ်ဖြင့် မဖြစ်ဖြစ်အောင် လစဉ်မပျက်စိတ်ကျင်းပကာ ပျော်ရွှင်မှုကို ရယူခဲ့ကြရသော အဖြစ်သည် ဂျပန်ကို ဖားပြီး ပျော်ပြနေခြင်းမဟုတ်ပါ။ တိုင်းပြည်ကြီး အေးချမ်းသာယာ ပျော်ရွှင်နေပါသည်ဟူ၍ အဓိပ္ပာယ်မိုျးမရှိပါ။ ကျွနု်ပ်တို့၏ မိုျးချစ်စိတ်ဓာတ်ကို ရှင်သန်ထက်မြက်အောင်သွေးခဲ့ကြသော ဓားသွားများပေတည်း။ သူတို့၏ ရင်ထဲမှာ တောက်လောင်နေသောမီးကို အမိုျးသားရေးစိတ်ဓာတ် အဖြစ် အသွင်ပြောင်းပစ်ခြင်းသာတည်း။ ရင်ထဲမှာ မပျော်ရွှင် ပင်ပန်းဆင်းရဲလှပါသည်ဟု ၄င်းတို့၏ မျက်နှာများတွင် (ပျော်တော့ပျော်ပါ တယ်၊ ဒါပေမယ့်... )ဟူသော အဓိပ္ပာယ်များ စီးဝင်နေသည်ကို တွေ့မြင်ကြရပါသည်။
'မျက်နှာတွေကြည့်လိုက်တာနဲ့ သိပါတယ်။ ရင်ထဲဘယ်လောက်တောင် ပူလောင်ပြီး နေနေကြရတယ်ဆိုတာ စိတ်ထဲက အူလှိုက်သည်းလှိုက်ပျော်လွန်းလို့ ခုန်ပေါက်ကျင်းပနေတာမှ မဟုတ်ဘဲလေ။ ဘယ်နှယ့်ကွယ် ပျော်ပွဲရွှင်ပွဲ ဂျပန်ခေတ်ထဲ ရှိသလားဆို ရှိတာပေါ့။ ရှိအောင်ကို မဖြစ်ဖြစ်အောင်ကို လုပ်ပြကြရတာ။ အဲဒီလို လုပ်ပြပြီးတော့ကို တို့မြန်မာလူထု စိတ်ဓာတ်တွေ စုစည်းခဲ့ကြရတာ။ တို့ယဉ်ကျေးမှု ရိုးရာတွေ မပျောက်ပျက်အောင်၊ တို့ဗုဒ္ဓဘာသာမတိမ်ကောအောင်ဆိုတဲ့ စိတ်ဓာတ်နဲ့ပျော်ခဲ့ရတဲ့ အပျော်တွေပါ။ ပျော်တော့ ပျော်တာပေါ့။ ဒါပေမဲ့...'
(အမှတ် ၁၉ဝ၊ ၂ဝဝ၈၊ ဇန်နဝါရီလ)
No comments:
Post a Comment