Wednesday, February 5, 2014

ကလေးတို့၏အတွေးစိတ်ကူးများ - ဂျူ နီယာဝင်း

ကလေးတို့၏အတွေးစိတ်ကူးများ -  ဂျူ နီယာဝင်း

အတွေးအမြင် (၁၅၈)၊ ၂ဝဝ၂ ခုနှစ်

ကလေးတို့၏ အတွေးများ၊ စိတ်ကူးများကား စိတ်ဝင်စားစရာ ကောင်းပေသည်။ ကလေးတို့သည် ပွင့်လင်းရိုးသားသည်ဟု ဆိုကြသည် မဟုတ်ပါလား။ သည်တော့ သူတို့ကလေးတွေ၏ အတွေးတွေ၊ စိတ်ကူးစိတ်သန်းတွေကို ဆွဲထုတ်ကြည့်ဖို့ လိုပေသည်။
လွန်ခဲ့သော ရှေးခေတ် နှစ်ထောင်ပေါင်းများစွာက လူတွေသည် ယခု ခေတ်လောက် အချိန်ပြည့် အလုပ်မများကြချေ။ တစ်နေ့ တစ်နေ့ အချိန်သည် နှေးကွေးစွာ ကုန်လွန်လျက်ရှိနေသည် ထင်ပါသည်။ လူတိုင်း လူတိုင်းမှာ စဉ်းစား တွေးခေါ်ဖို့ အချိန်တွေ အများကြီး ရှိနေကြလေသည်။ ညအခါ ကောင်းကင်ယံက ကြယ်စုတွေကို ကြည့်ပြီး ပုံဖော်ကာ အမည်အမိုျးမိုျး ပေးခဲ့ကြ၏။ ပြက္ခဒိန် မရှိဘဲနှင့် ကောက်ပဲသီးနှံစိုက်ရမည့် အချိန်၊ ပိုျးနုတ်ရမည့်အချိန်တွေကို တွက် ချက်ထားကြ၏။ ခရီးဝေးသွားသည့်အခါတွင်လည်း မိုးကောင်းကင်က ကြယ်စု တွေ ကြည့်ပြီး နေရပ်ကို ပြန်တတ်ကြ၏။ ထိုခေတ်အခါက ကလေးငယ်များ သည်လည်း ထိုပညာများကို လက်ဆင့်ကမ်း သယ်ယူရင်း တွေးခေါ် စဉ်းစားတတ် လာကြပေသည်။
ကလေးတွေ၏ အတွေး စိတ်ကူးစိတ်သန်းတွေကို ၁၉ရဝ ခုနှစ်လောက်က ထုတ်ဝေခဲ့သောKnowledgeဟူသော စာစောင်များတွင် ဟိုတစ်စ၊ သည်တစ်စ တွေ့လိုက်ရပါသည်။ ထိုခေတ်အခါက ကလေးတွေ၏ အတွေးအခေါ်တွေ၊ ဝါသ နာတွေ၊ စိတ်ပါဝင်စားမှုတွေကို တွေ့မြင်လိုက်ရ၏။ ကလေးတွေ၏ စိတ်ကူးစိတ် သန်းတွေကို ကိုယ်စားပြုသော ကလေးတို့၏ စာများကို ထိုစာစောင်များတွင် ဖော်ပြထား၏။ ထိုအခါ ကလေးတွေ၏ ခံစားချက်များ၊ အတွေးများကို စိတ် ဝင်စားဖွယ် တွေ့မြင်လိုက်ရပါသည်။
''ကျွန်တော်ဟာ Nature Study ဆိုတဲ့ ဘာသာရပ်ကို စိတ်ဝင်စားပါ တယ်။ ကျွန်တော်နဲ့ ဝါသနာတူတဲ့ သူငယ်ချင်းတစ်လောက် လိုချင်ပါတယ်။ ကျွန်တော့်မှာ မောင်နှမသားချင်း မရှိလို့ ကိုယ်နဲ့ ဝါသနာတူ သူငယ်ချင်း တစ်ယောက်ကို အိပ်မက်ထဲမှာတောင် မက်နေမိပါတယ်''
(အသက် ၁၂နှစ်)
''ကျွန်တော် စာအုပ်ခုျပ်နည်းကို စိတ်ဝင်စားပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် စာရွက်အပိုင်းအစတွေကိုလည်း စာအုပ်ခုျပ်ပါတယ်။ စာအုပ်ခုျပ်နည်း လေးကို ဦးတို့စာစောင်မှာ ဖော်ပြပေးပါခင်ဗျား''     (အသက် ၁၄ နှစ်)
''ဦးလေးတို့ မဂ္ဂဇင်းမှာ ကွန်ပူျတာအကြောင်း ဖတ်လိုက်ရပါတယ်။ ကွန်ပူျတာက ပေါင်း၊ နုတ်၊ မြှောက်၊ စားတွေကို အမြန်ဆုံး တွက်ချက်နိုင်တယ် လို့ ဆိုပါတယ်။ ဒီနေ့ တီဗွီသတင်းမှာ ကွန်ပူျတာနဲ့အပြိုင် တွက်နိုင်တဲ့ ကမ္ဘာ့ အံ့ဖွယ် အမိုျးသမီးတစ်ယောက်အကြောင်း တွေ့လိုက်ရပါတယ်။ အဲဒီ အမိုျး သမီးက ကွန်ပူျတာကို နိုင်တယ်တဲ့။ ဒါဆိုရင် လူနဲ့ ကွန်ပူျတာမှာ ကွန်ပူျတာကို လူ့ထက်မြန်တယ်ဆိုတယ်ဆို့လိုတာ ဟုတ်ပါ့မလား။
(အသက် ၁၂နှစ်)
''ကျွန်တော့်သူငယ်ချင်းတွေက အကြွေပြားအခို့ျကို ဟိုးလွန်ခဲ့တဲ့ နှစ် ပေါင်းများစွာ အဟောင်းတွေလို့ ညာပြီး လုပ်ကြပါတယ်။ လုပ်ပုံကတော့ အဲဒီ အကြွေပြားပေါ်မှာ ၂ဝဝဝ BC လို့ ပြင်ရေးပြီး ပြတိုက်ကို သွားပေးကြပါတယ်။ ပြတိုက်က အရာရှိက ဒီအေြွကတွေကို အဲဒီခေတ်တုန်းကဟာတွေ မဟုတ်မှန်း သိပြီး ပြန်ပေးလိုက်ပါတယ်။ ဘယ့်နှယ်လုပ်သိသလဲဆိုတာကိုတော့ သူတို့က ပညာရှင်တွေမို့ သိတာ မဆန်းဘူးပေါ့။ ဒါပေမဲ့ ခရစ်မပေါ်မီက လူတွေက နောက်ကျရင် ခရစ်ပေါ်မယ်မှန်း ဘယ်လိုများ သိနေကြတာလဲ''(အသက် ၈နှစ်)
''ကျွန်တော်ဟာ ဂရိသင်္ချာပညာရှင်ကြီး အာခီးမီးဒီး Archimedes(၂၈၇-၂၁၂BC) ဘယ်လို သေသလဲဆိုတာ စိတ်ဝင်စားမိပါတယ်။ တစ်နေရာမှာ သူဟာ ရောမစစ်သားတစ်ယောက်က သတ်လို့ သေတယ်လို့ ဆိုပါတယ်။ သူ့ကို ဂရိသင်္ချာပညာရှင်မှန်း မသိလို့ သတ်ပစ်လိုက်တာလို့ ဆိုပါတယ်။ Plutach ရဲ့ Life of Marcellus ဆိုတဲ့ စာအုပ်ထဲမှာတော့ အာခီးမီးဟာ သူ့သင်္ချာ သီအိုရီတစ် ခု ထုတ်ဖော်နေရင်း အဲဒီထဲ စိတ်က နစ်ဝင်နေလိုက်တာဟာ ရောမတွေ ဝင်လာ တာတောင် မသိလိုက်ပါဘူး။ ရောမစစ်သားတစ်ယောက်က သူ့အခန်းထဲကို ဝင်လာပါတယ်။ ပြီးတော့ ရောမစစ်ခုျပ်ကြီး Marcellus ဆီကို သွားခိုင်းပါတယ်။
အာခီးမီးဒီးက သူ့သင်္ချာပုစ္ဆာပြီးမှ သွားနိုင်မယ်လို့ ဆိုတော့ ရောမစစ်သားက သူ့ဓားကို ထုတ်ပြီး သတ်ပစ်လိုက်ပါတယ်လို့ ရေးထားပါတယ်။
''နောက်တစ်နေရာမှာတော့ အာခီးမီးဟာ Marcellus ဆီကို သူ့ရဲ့ သင်္ချာဘာသာရပ်မှာ သုံးတဲ့ ကိရိယာတန်ဆာပလာတွေကို သေတ္တာတစ်လုံးထဲ ထည့်ပြီး ယူသွားပါတယ်။ ရောမစစ်သားက ဒါ ရွှေတွေဖြစ်မယ်လို့ ယူဆပြီး သူ့ကို သတ်ပစ်လိုက်ပါတယ်တဲ့။
''နောက် စာအုပ်တစ်အုပ်မှာတော့ အာခီးမီးဟာ ပင်လယ်ကမ်းစပ် တစ်နေရာမှာ ရှိနေပါတယ်။ အဲဒီအချိန်တုန်းက အာခီးမီးဟာ သဲသောင်မြေပေါ်မှာ ဂျီသြမေတြီ ပုစ္ဆာတစ်ပုဒ်ကို ရေးဆွဲပြီး စဉ်းစားနေပါတယ်။ သူ စဉ်းစားနေတဲ့ အဲဒီပုစ္ဆာရဲ့ အဖြေဟာ ယနေ့တိုင် ဘယ်သူမှ မဖြေရှင်းနိုင်ကြသေးပါဘူးတဲ့။ အဲဒီပြဿနာကတော့ ‘square the circle’ စက်ဝိုင်းတစ်ခုရဲ့ ဧရိယာနှင့် တူညီ သော စတုရန်းကို တည်ဆောက်ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရောမစစ်သားက သူ့ကို ဓားနဲ့ ထိုးသတ်ပစ်ခဲ့လို့ သူ သေဆုံးခဲ့ရပါတယ်လို့ ဆိုထားပါတယ်။
''အဲဒီအဖြစ်တွေထဲမှာ ဘယ်အဖြစ်က အမှန်လဲဆိုတာ သိချင်ပါတယ်''                                                          (အသက် ၁၂ နှစ်)
ယနေ့တိုင် သာမန်ဂျီသြမေတြီနည်းဖြင့် မဖြေရှင်းနိုင်သော ပုစ္ဆာ ၃ ခု ရှိနေပါသည်။ ၄င်းတို့မှာ ထောင့်တစ်ထောင့်ကို ၃ ပိုင်း အညီအမျှပိုင်းခြင်း၊ ညီမျှသော ထောင့် ၇ ထောင့်ပါသည့် သတ္တဂံတစ်ခု တည်ဆောက်ခြင်းနှင့် စက်ဝိုင်းတစ်ခု၏ ဧရိယာနှင့် တူညီသော စတုရန်းကို တည်ဆောက်ခြင်းတို့ ဖြစ်ပါသည်။ အာခီးမီးဒီး ဘယ်လိုသေသလဲဆိုသည့် ပဟေဠိမှာလည်း ယနေ့တိုင် သေချာ မပြောနိုင်သေးပါ။
အသက် ၁၁ နှစ်မှ အသက် ၁၅ နှစ်ကြား ကလေးငယ်တို့၏ အတွေး စိတ်ကူးများ၊ သိချင်သော အရာများက စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ သူတို့ လေးတွေ၏ အတွေးစိတ်ကူးများ၊ မေးခွန်းများကို အခုလို စာစောင်များတွင် ဖော်ပြပေးလိုက်ခြင်းဖြင့် သူတို့၏ သိချင် စူးစမ်းလိုစိတ်များကို ဖွင့်ပေးလိုက်ရာ ရောက်ပေသည်။ စာအုပ်စာပေများသည် ကလေးတို့အတွက် အကောင်းဆုံး အဖော် အဖြစ် တည်ရှိနေသည်မှာ ကျေနပ်စရာ ကောင်းပေတော့သည်။
ကျွန်မသည် ကလေးငယ်တို့၏ စိတ်ကူးအတွေးများကို ဖော်ထုတ်ပြသပေး သည့် ‘Okapi’ အိုကာပီ ဟူသော တစ်လ ၂ ကြိမ်ထုတ် ပြင်သစ် မဂ္ဂဇင်းများကို  ဖတ်ရှုခဲ့ရပါသည်။ ထိုမဂ္ဂဇင်းသည်လည်း အသက် ၁၁ နှစ်နှင့် အသက် ၁၅ နှစ်အရွယ် ကလေးငယ်များအတွက် အဓိကထားထုတ်ဝေပါသည်။ ကလေးငယ်တို့ ၏ ခံစားချက်များ၊ လူမှုရေးပြဿနာများကို ဂရုတစိုက်ဖြင့် ဖြေရှင်းပေးပါသည်။ တိမ်းစောင်းနေသော အတွေးအခေါ်များကိုလည်း ပြုပြင်ပေးပါသည်။
ထို့ပြင် 'ဆေးမင်ကြောင် ထိုးတာ ဘယ်လို သဘောရသလဲ'၊ 'အယူ သည်းတာဟာ ကောင်းသလား'၊ 'ခေတ်မီဖို့ လိုအပ်သလား၊ မလိုအပ်ဘူးလား'၊ 'လိမ်ပြောတာဟာ ကောင်းသလား' စသည့် ခေါင်းစဉ်တပ်ထားသော On se dit tout ဟူသည့် ''သူတို့ ဒီလို ပွင့်ပွင့်လင်းလင်း ပြောကြသည်'' ဟူသော ကဏ္ဍတွင် ကလေးတွေ၏ အမြင်များကို ဖော်ပြပေးထားပါသည်။ ဒီအဆိုကို လက်ခံ လက်မခံ စသည်ဖြင့် ကလေးတွေ၏ ရင်တွင်းခံယူချက်များ၊ အယူအဆ များ ပါဝင်ပါသည်။
ထို့ပြင် ထိုစာအုပ်တွင်ပင် 'ပထဝီဘာသာရပ်အကြောင်း၊' 'ဘောလုံး အသင်းတစ်သင်း၌ ရှိရမည့် အားကစားစိတ်ဓာတ်အကြောင်း'၊ ရုပ်မြင်သံကြား သတင်းတွေအကြောင်း' စသည်ဖြင့် သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ပညာရှင် များနှင့် ကလေးငယ်တို့၏ စကားဝိုင်းတွေလည်း ပါဝင်ပါသည်။ ထို့ပြင် အတွေး အခေါ် ပညာရှင်များက ကလေးငယ်တွေကို မေးခွန်းလေးတွေ မေးပြီး ဆွေးနွေး ခိုင်းသော ကဏ္ဍလည်း ပါပါသည်။ မေးခွန်းတွေက စိတ်ဝင်စားစရာ ဖြစ်ပါသည်။
Peut-on tout acheter?၊ 'အရာရာကို ဝယ်လို့ရသလား၊' La mort est-elle la fin de tout?၊ 'သေဆုံးခြင်းဟာ အားလုံး ပြီးဆုံးသွားခြင်းလား'၊Peut-on vivre seul?၊ 'တစ်ယောက်တည်း နေနိုင်သလား'၊ La science peut-ellt tout expliquer? 'သိပ္ပံပညာရပ်ဟာ အရာရာကို ဖြေရှင်းလို့ ရသလား' ဟူသော မေးခွန်းများ ဖြစ်ပါသည်။ ကလေးတွေရဲ့ ဆွေးနွေးချက်များကလည်း စိတ်ဝင်စားစရာပင်။
''သန်းကြွယ်သူဌေး ဖြစ်နေဦးတော့ ဒါကို ပျော်ရွှင်မှုတို့၊ ညဏ်ကောင်း တာတို့ ဖြစ်အောင် ပြောင်းပစ်လို့ မရနိုင်ပါဘူး''
''တစ်ယောက်ယောက်ဟာ သေဆုံးသွားခဲ့ရင် သူ့ကိုချစ်တဲ့ သူတွေရဲ့ ရင်ထဲမှာတော့ သူဟာ ဆက်လက် တည်ရှိနေမှာပါ။ ဒါကြောင့် ပြီးဆုံးသွားပြီလို့ မဆိုနိုင်ပါဘူး။ ကွယ်လွန်သွားပြီးဖြစ်တဲ့ အဘွားကို တစ်ခါတစ်ရံ သတိရမိပါ တယ်။ သူဟာ ကျွန်တော့်ရင်ထဲမှာ အမြဲပဲ တည်ရှိနေပါတယ်''
''ဘယ်သူနဲ့မှ မဆက်သွယ်ရဘဲ တစ်ယောက်တည်း ၁၆ နှစ်လောက် နေနေရလို့ ရူးသွပ်သွားတဲ့ လူတစ်ယောက်အကြောင်း စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ တစ်ယောက်တည်းသာ နေရမယ်ဆိုရင် ပျော်ရွှင်မှုဆိုတဲ့ အရ သာကို ဘယ်လိုမှ မသိနိုင်ပါဘူး''
''သိပ္ပံပညာနဲ့ အဏုမြူဗုံးတွေသာ ထုတ်လုပ်ကြမယ်ဆိုရင် ဘယ်ကောင်း ပါ့မလဲ''
ကလေးဆိုတာ ရိုးရိုးရှင်းရှင်းပဲ တွေးတတ်ကြလေသည်။ သူတို့၏ အတွေး တွေ၊ စိတ်ကူးတွေက တစ်ခါတစ်ရံမှာ လေးနက်တဲ့အသွင် ဆောင်လေသည်။ သူတို့သိချင်သော မေးခွန်းတွေကလည်း တစ်ခါတစ်ရံ လူကြီးတွေ မစဉ်းစားမိတာ တွေ ဖြစ်နေတတ်ကြလေသည်။ ကလေးတွေနှင့် ပတ်သက်သော မဂ္ဂဇင်းများတွင် ပါဝင် ဆွေးနွေးရေးသားနေကြသော ကလေးပရိသတ်ကို ကြည့်၍ မည်မျှ ကလေး တွေကို ဆွဲဆောင်လျက်ရှိကြောင်း သိနိုင်ပေမည်။
တွေးခေါ် ပညာရှင်တစ်ယောက်က ကလေးတွေနှင့် ပတ်သက်ပြီး အခုလို ဆိုပါသည်။
''ကျွန်တော် ကလေးဘဝတုန်းက ကလေးလိုပဲ ပြောပါတယ်။ ကလေးလို ပဲ နားလည်ပါတယ်။ ကလေးလိုပဲ တွေးပါတယ်။ ဒါပေမဲ့ ကျွန်တော် လူကြီး ဖြစ်လာတော့ ကလေးဆန်တဲ့ အရာတွေကို မလုပ်တော့ဘူး''
‘When I was a child, I speak as a child, I understood as a child, I thought as a child; but when I became a man, I put away childish things.’
ကျွန်မတို့ လူကြီးတွေ ဖြစ်လာသည့်အခါ ကလေးလို မတွေးကြ၊ ကလေး လို မပြောကြတော့ပါ။ သို့သော် ယင်းသည် ကလေးဆန်သော အရာများကို မကောင်းသောအရာများဟု ယူဆသောကြောင့်၊ ယင်းအရာများကို မနှစ်သက်သော ကြောင့် မဟုတ်ချေ။ အသက်အရွယ်အရ ရင့်ကျက်သော အရာများက အစားထိုး ဝင်ရောက်လာသောကြောင့် ဖြစ်နိုင်လေသည်။
ဖြူစင်သန့်ရှင်းသော ကလေးငယ်တို့၏ ဦးနှောက်ထဲက အတွေးအခေါ် တွေကို လူတိုင်း စိတ်ဝင်စားကြပါသည်။ သူတို့လူကြီးဖြစ်လာသောအခါ ဒီလို တွေးချင်မှ တွေးတော့မည် ဖြစ်သည်။ ဒီတော့ ကလေးတို့၏ အတွေးစိတ်ကူးတွေ ကို ဆွဲထုတ်ကြည့်ကြဖို့ လိုနေပေတော့သည်။

No comments: