ကိုးရပ်စ်အကြောင်း - Junor Win
အတွေးအမြင် (၁၃၂)၊ ၁၉၉၈ ဧပြီ
၁။ ဇာတ်ပို့တွေကို chorus (ကိုးရပ််စ်) လို့ ခေါ်တယ်။
၂။ chorus လို့ ခေါ်တဲ့ ဇာတ်ပို့တွေရဲ့ အလုပ်က ဇာတ်ကို ပို့ရုံတင် မကပါဘူး။ ဇာတ်ထွက်လာတာနဲ့ ကိုးရပ်စ်တစ်ယောက် သို့မဟုတ် နှစ်ယောက် သုံးယောက် ထွက်လာမယ်။
၃။ ဇာတ်မကမီ ကပြမယ့် ဇာတ်အကြောင်းကို ပရိသတ်ကို ပြောပြမယ်။
၄။ ကိုးရပ်စ်တွေဟာ ဇာတ်ကွက်ထဲမှာ တစ်ခန်းနှင့် တစ်ခန်း အခြေအနေများကို ပါ ပရိသတ် နားလည်အောင် ဝေဖန် ပြောကြတယ်။
၅။ ကိုးရပ်စ်များဟာ ဇာတ်ကောင်များ မဟုတ်ကြပါဘူး။ ဇာတ်လမ်းထဲ လုံးဝ ပါဝင် သရုပ်မဆောင်ကြပါဘူး။
၆။ သူတို့ဟာ ဘာကိုမှ အထောက်အကူ မပြုကြသလို သူူတို့ကြောင့်လည်း ဇာတ်လမ်းက ရွေ့မသွားပါဘူး။ chorus များဟာ ဇာတ်လမ်းထဲမှာ ဘာမှ လုပ်ပေးကြသူတွေ မဟုတ်ပါဘူး။
၇။ ဇာတ်လမ်းထဲက ဖြစ်ပျက်နေတာတွေကို အပြင်လူလိုပဲ ရပ်ကြည့်ပြီး သူ့ အမြင်ကို ပရိသတ်ကို ပြောပြကြတယ်။
၈။ ဇာတ်လမ်းထဲမှာ ချာလည်နေတဲ့ ဇာတ်ဆောင်တွေဟာ အခြေအနေမှန်ကို ယထာဘူတကျကျ မသိနိုင် မမြင်နိုင်ကြပါဘူး။ ကိုးရပ်စ်တွေကသာ ကမ်းပေါ်က ကြည့်ပြီး အဖြစ်မှန်ကို မြင်နိုင်ပါတယ်။
အထက်ပါ အချက်များသည် ကိုးရပ်စ်နှင့် ပတ်သက်၍ ပြဇာတ်ဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များ ဖြစ်ပါသည်။ (ဒေါ်) ခင်မိုျးချစ် ရေးသားသော ဥရောပစာပေနှင့် လောကဇာတ်ခုံ၊ ဇာတ်ခုံလောက အမည်ရှိစာအုပ်များမှ ကိုးရပ်စ် နှင့်ဆိုင်သော အကြောင်းအရာများကို ကျွန်မ ထုတ်နုတ်၍ တင်ပြထားခြင်းဖြစ်ပါ သည်။ ပြဇာတ်ထဲမှာ ကိုးရပ်စ်တွေ ဘာတာဝန် ယူကြသလဲ၊ ကိုးရပ်စ်တွေရဲ့ အလုပ်က ဘာလဲ၊ ကိုးရပ်စ်တွေ ဘာတွေ ပြောကြသလဲဟူသော မေးခွန်းများကို ကျွန်မ စိတ်ဝင်စားမိရာမှ ဆောင်းပါးတစ်ပုဒ် ဖြစ်ပေါ်လာခဲ့ရပါသည်။
ဂရိပြဇာတ်ဆရာကြီးများဖြစ်သည့် Sophocles ဆော့ဖ်ကလိစ် (ဘီစီ-၄၉၆-၄ဝ၆)နှင့် Aechylus အစ္စစိလိ (ဘီစီ ၅၂၅-၄၅၆) တို့ ရေးသားသော Oedipus the King, Oedipus at Colorus, Seven Against Thebes, Antogone, Prometheus ပြဇာတ်များထဲတွင် ကိုးရပ်စ်များ၏ နေရာ၊ ကိုးရပ်စ် များ၏ အခန်းကဏ္ဍ၊ ကိုးရပ်စ်များ၏ ရပ်တည်မှုသည် ဇာတ်ဆောင်များလို လှုပ်ရှားမနေဘဲ ကျောက်စိုင်ကျောက်သားများလို ဘာမှလည်း အကူအညီမပေး၊ ဘာမှလည်း ဝင်မလုပ်ပေးဘဲနှင့် သက်ဝင်လှုပ်ရှားနေပါသည်။
ကိုးရပ်စ်များကြောင့် ပရိသတ်များ တစ်ခုခုကို နားလည်သွားကြသည်။ ကိုးရပ်စ်များ အပြောကောင်းလွန်း၍ ဇာတ်ဆောင်များပင် သူတို့ကို တော်ပါတော့၊ သင်တို့၏ ပါးစပ်များ ပိတ်ထားကြပါတော့ဟု ပြောယူကြရသည်။ သူတို့ကို သရုပ်ဆောင် ဇာတ်လိုက်တွေလည်း မနိုင်။ ကိုးရပ်စ်များကား သူ့တာဝန်အတိုင်း သူ့ပရိသတ်များအား လှည့်ပြောလိုက်၊ ကိုးရပ်စ်တွေ အချင်းချင်းပြောလိုက်၊ ဇာတ်လိုက်တွေကို ဝေဖန်လိုက်နှင့် အေးအေးဆေးဆေး ရှိလှပေသည်။
ဂရိပြဇာတ်တွေမှာ ကိုးရပ်စ်နေရာ ယူထားတာ ဘယ်သူလဲ၊ ကိုးရပ်စ် တွေ ဘယ်အခန်းမှာ ထွက်လာလေမလဲဟူသော မေးခွန်းများက ဇာတ်လိုက်သရုပ် ဆောင်များထက် စိတ်ဝင်တစား ရှာဖွေမိအောင် ကျွန်မကို ဆွဲဆောင်လွန်းပါတယ်။
''ဂရိပြဇာတ်တစ်ခုကို ကြည့်နေသော ပရိသတ်များသည် ဇာတ်စင်၏ နံဘေးတွင် ခုံကလေးတစ်လုံးချ၊ ဆေးလိပ်လေးဖွာလိုက်နှင့် ကိုးရပ်စ်တစ်ယောက် နှစ်ယောက်ကို တွေ့ရလိမ့်မည်။ သူတို့သည် ပရိသတ်နှင့် အတူ ဇာတ်စင်ပေါ်က သရုပ်ဆောင်တွေ၏ လှုပ်ရှားမှု၊ သရုပ်ဆောင်မှုများကို ကြည့်ကြပေလိမ့်မည်။ ပရိသတ်များကို သူတို့က ဇာတ်လမ်းဇာတ်ကွက် အကြောင်းတွေ ရှင်းပြကြလိမ့် မည်။ သရုပ်ဆောင် တစ်ယောက်တည်း ဇာတ်ခုံပေါ်ရှိနေလျှင်လည်း ပျင်းမနေ အောင် စကားလှမ်းပြောချင် ပြောနေကြပေလိမ့်မည်။''
ကျွန်မ၏အဘွား ဒေါ်ခင်မိုျးချစ်သည် ကျွန်မ မသိ မမီလိုက်ရသော ကိုးရပ်စ်တွေ၏ ဇာတ်ခုံပေါ်က မြင်းကွင်းကို အထက်ပါအတိုင်း ရှင်းပြခဲ့ပါသည်။ ကျွန်မ လေ့လာဖတ်ရှုခဲ့သော ပြဇာတ်တစ်ပုဒ်ဖြစ်သည့် Aechylus ရေးသားသော Seven Agains Thebes ပြဇာတ်ထဲတွင် ကိုးရပ်စ်၏ နေရာမှာ (သီဘိစ်ပြည်) အမိုျးသမီးများ ဖြစ်ပါသည်။ ရန်သူတော်တွေ အဝိုင်းခံနေရသော Thebes ပြည်ကို-
''ငါတို့ မြို့ထဲသို့ ရန်သူတွေ ဝင်လာကြပြီ။ သူတို့ ဝင်လာပုံကား ရေတံခွန်မှ ရေများ အတားအဆီးမဲ့ ကျလာပုံမိုျးတည်း''
ဟု အစချီလျက် ရန်သူတွေ ဝင်လာပြီး တိုက်ခိုက်ကြပုံ၊ မြင်းတွေဝင်လာ ကြပုံကို ဘောလုံးပွဲတွင် ဘောလုံးကို ဘယ်လိုကန်လို့၊ ဘယ်သူက ထောက်ပေး၍ ဘောလုံးက မည်သို့မည်ပုံ ဂိုးတိုင်ထဲ ဝင်သွားပါသည်ဟု ဘောလုံးပွဲ ကြေညာ သူကဲ့သို့ တစ်စမကျန် ပြောနေကြသဖြင့် ပြဇာတ်ဖတ်သူသည် မျက်စိထဲတွင် တိုက်ပွဲ၏ ပြင်းထန်ပုံကို ကွက်ကွက်ကွင်းကွင်း မြင်နေကြရပါသည်။ ဇာတ်ခုံပေါ် တွင် ပြရခက်ခဲသော တိုက်ပွဲပြကွက်များကို ကိုးရပ်စ်များ၏ ပြောဆိုကြပုံနှင့် ကြောက်ရွံ့စဖွယ် လက်တွေ့ ရှုမြင်ရသလို ပြဇာတ်ကြည့်သူများ ခံစားကြရပေ လိမ့်မည်။
နောက်ဆုံးတွင် ကိုးရပ်စ်များက သူတို့ ကိုးကွယ်သည့် နတ်များကို တိုင်တည် ေြွကးကြော်ကြလေသည်။
'ငါတို့၏ နတ်မင်းများ...ငါတို့၏ တိုင်းပြည်ကို ကယ်တင်ကြပါ။ ငါတို့ တိုင်းပြည်ကို သင်တို့ ဘယ်လောက် ချစ်မြတ်နိုးကြတယ်ဆိုတာ ပြသကြပါဦး။ သင်တို့တွေအတွက် ငါတို့ ဘယ်လို ယဇ်ပူဇော်ပေးခဲ့ကြတယ်ဆိုတာတွေကို ပြန်စဉ်းစားကြပါဦး'
ထိုအခါ ဘုရင် Etoclesက-
'မင်းတို့ဟာ ဘာမှ အသုံးမကျ၊ ဘာမှ အကူအညီ မပေးတဲ့ သတ္တဝါတွေ၊ ဒါ အဝိုင်းခံနေရတဲ့ ငါတို့ စစ်တပ်ကို မင်းတို့တိုင်းပြည်ရဲ့ လုံခြုံမှုအတွက် အကောင်းဆုံး အားပေးနေတာလားလို့ ငါမေးလိုက်ချင်ပါရဲ့'
ဟု ကိုးရပ်စ်များကို အပြစ်တင်ရင် တစ်ဖက်တစ်ခွန်း စကားပြောကြရင်း-
'အို...Zeus ဇီးယုဇ် နတ်မင်းကြီး ပေးထားတာ ဘယ်လို မိန်းမတွေနဲ့ ဖွဲ့စည်းထားတဲ့ အမိုျးအနွယ်တွေပါလိမ့်' ဟု ညည်းညူပြောဆိုလေသည်။
Sophocles ရေးသားသော Oedipus at Colorus ပြဇာတ်ထဲတွင်လည်း နယ်နှင်ခံရသူ Oedipus (အိဒိပ) ကို ကိုးရပ်စ်များက-
'သင် ဘယ်သူလဲ၊ သင့်မျက်လုံးတွေ ဘာကြောင့် ကန်းနေရသလဲ၊ သင် ဘာကိစ္စ ဒီနယ်ထဲ နယ်ကျွံလာရတာလဲ။ ကဲ...အပန်းဖြေပြီးရင် သင့်အမည်၊ သင့်ရဲ့ အမိုျးအနွယ်တွေအကြောင်း ပြောပေတော့။ ဘာကိစ္စဖြေရမှာ ကြောက်ရွံ့ နေရတာလဲ။ မရဘူး ပြော၊ ပြော။ သင့်ရဲလူမိုျး၊ သင့်ရဲ့အဖေ ဘယ်သူလဲ။ မြန်မြန်ပြော၊ သင်က သိပ်နှေးကွေးလွန်းတာပဲ'
ဟု အဖကို သတ်၊ အမိကို မိဖုရား မြှောက်မိ၍ နယ်နှင်ခံထားရသည့် အကြောင်းကို Oedipus ဘုရင် မပြော ပြောအောင်၊ ပရိသတ်များလည်း သိသွား အောင် မရအရ ပြောခိုင်းလေသည်။ ကံကြမ္မာ၏ လှည့်စားမှုကြောင့် အဖရင်းကို မသိဘဲနှင့် သတ်မိခြင်း၊ မိခင်အရင်းကိုလည်း မသိဘဲနှင့် မိဖုရားမြှောက်မိ ခြင်းတို့ကို Oedipus the Kingပြဇာတ် ကြည့်ဖူးပြီးသော ပရိသတ်တွေ သိပြီး သား ဖြစ်ချင် ဖြစ်နေပေလိမ့်မည်။ သို့သော် ကိုးရပ်စ်များကြောင့် ပွဲကြည့် ပရိသတ်အားလုံး သိသွားကြပေမည်။
ဂရိပြဇာတ်တွေထဲတွင် ကိုးရပ်စ်ပါမှ ပြည့်စုံသည်ဟု ပြောစမှတ် ပြုရ လောက်အောင် ကိုးရပ်စ်၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဟု ကျွန်မ ထင် ပါသည်။ ဂရိပြဇာတ်ဟု ဆိုလိုက်သည်နှင့် ကိုးရပ်စ် မလွဲမသွေ ပါဝင်နေခြင်း ကြောင့် 'ဂရိဖက်ရှင်' Greek Fashon ဟူသော အသုံးအနှုန်းသည် ကိုးရပ်စ်များ ကို အဓိက ရည်ညွှန်းကြောင်း သိသာပါသည်။ ထို့ကြောင့်ပင် William Shakespeare (၁၅၆၄-၁၆၁၆) ရေးသားသော Antony and Cleopatra ပြဇာတ် ထဲမှ ဇာတ်ကောင် Enobarbus ကို ‘Enobarbus ဟာ ဂရိဖက်ရှင်၏ နောက်ပိုင်း ကိုးရပ်စ်များ၏ အခန်းကဏ္ဍအဖြစ် ဝေဖန်ပိုင်းခြားသူ၊ ဆွေးနွေးတိုင်ပင်သူ ဇာတ် ကောင်တစ်ဦးအဖြစ် Shakespeare ဖန်တီးထားသော ဇာတ်ရုပ်တစ်ရုပ် ဖြစ်ပေ သည်'' ဟု မှတ်ချက်ချခံရခြင်း ဖြစ်ပေသည်။
ထို့ပြင် Hudsonဆိုသူ ပုဂ္ဂိုလ်တစ်ဦးကလည်း-
Enobarbus ဟာ ဒီပြဇာတ်ထဲမှာ ကိုးရပ်စ်များ၏ အခန်းကဏ္ဍအနေနှင့် စာရေးဆရာနှင့် ပရိသတ်များအကြားမှာ ရှင်းလင်းတင်ပြရတဲ့ အပိုင်းကို ယူထား ပါတယ်။ ကဗျာဆရာကြီး Shakespeareဟာ သူပြောချင်တဲ့ လှို့ျဝှက်ချက်ကို ကျွန်တော်တို့ ပရိသတ်ကြီး နားလည်သွားအောင် ပြောကြားပေးဖို့ Enobarbus ကို တာဝန်ပေးထားပါတယ်။ Enobarbus ဟာ တစ်ချိန်တည်းမှာပဲ သရုပ်ဆောင် တစ်ဦး ဖြစ်နေသလို တစ်ချိန်တည်းမှာပဲ သရုပ်ဆောင်ဇာတ်ရုပ်တွေကို ရယ်သွမ်း သွေးနေပါတယ်။ အဲဒီစတိုင်ဟာ Enobarbus ရဲ့ အထူးခြားဆုံးသော လိမ္မာ ပါးနပ်မှု စတိုင်လ်ပဲ ဖြစ်ပါတယ်' ဟု ကောက်ချက်ချထားပါသည်။ Mark Antony၏ သူငယ်ချင်းဖြစ်သော Enobarbus သည် Antony and Cleopatraပြဇာတ်ထဲတွင် လှုပ်ရှားနေသော ဇာတ်ကောင် ဇာတ်ရုပ်များကြားတွင် အတူတူရှိနေ သော်လည်း တစ်ပြိုင်နက်တည်းမှာပင် ကိုးရပ်စ်၏ အရည်အချင်းများနှင့် ပြည့်မီသော ကိုးရပ်စ်တစ်ယောက် ဖြစ်နေခဲ့ပါသည်။
ထို့ကြောင့် Enobarbus သည် လောကဇာတ်ခုံပေါ်က ချာလည်နေသော ဇာတ်ဆောင်များကြားထဲတွင် တစ်ဦးတည်းသော ပညာရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေ သည်ဟု မှတ်ချက်ချထားကြခြင်း ဖြစ်ပါသည်။ Enobarbus ၏ အမည် အရှည် မှာ Domitius Enobarbus ဖြစ်ပါသည်။
Enobarbus ကဲ့သို့ ကိုးရပ်စ်သရုပ်ဆောင်တစ်ဦးမှာ George Bernard Shaw(၁၈၅၆-၁၉၅ဝ) ရေးသားသော Caesar and Cleopatraအမည်ရှိ နာမည်ကျော် ပြဇာတ်တစ်ပုဒ်ထဲမှ Apollodorus ဖြစ်သည်။ Apollodorus သည် ဆစ်စလီလူမိုျး (Sicilian) အသက် ၂၄-၂၅ နှစ်အရွယ်၊ တက်ြွကနိုးကြားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူသည် မင်းမှူးမတ်မိုျး ဖြစ်ခြင်းကို ဂုဏ်ယူစွာ ပြောကြားတတ်လေ့ရှိပြီး ''အနုပညာသည် အနုပညာ အတွက်'' ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသူ ကဗျာအနုပညာသည် တစ်ဦးလည်းဖြစ်သည်။ ဲJulius Caesar ကပင်လျှင် Apollodorus ဟာ နာမည် ကျော် မင်းမှူးမတ်မိုျးနွယ် အနုပညာသည် တစ်ယောက်ပေပဲ ဟု မှတ်ချက်ချ ထားပေသည်။ ပြဇာတ်တစ်ခုလုံးတွင်Apollodorus ၏ ကဗျာဆန်သော စကား လုံးများ၊ ပါဝင်သရုပ်ဆောင်မှုများကို ဝေဖန်မှတ်ချက်ချသော ကောက်ချက်များ စာဖတ်ပရိသတ်ကို အတော်ကြီး ဖမ်းစားလျက် ရှိသည်။ ထိုပြဇာတ်ကို ဖတ်ရင်း ဖတ်ရင်းနှင့်ပင် Apollodorus ဟာ တကယ့်ကို ကိုးရပ်စ်တစ်ယောက်၏ တာဝန် ကို ကျေပွန်သူပေပဲဟု မချီးမွမ်းဘဲ မနေနိုင်အောင် ဖြစ်ရပေသည်။
တစ်ခါတစ်ရံ ကျွန်မ လုပ်ပုံကိုင်ပုံတွေကို ကျွန်မ၏ သူငယ်ချင်းတွေက ဝေဖန်ပြောဆိုကြတတ်ပါသည်။ ကျွန်မက မကျေမနပ်နှင့် ပြန်ပြောလျှင်လည်း သည်းညဉ်းခံတတ်သူတွေ ဖြစ်ပါသည်။ သူတို့ပြောတာဆိုတာတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ရှုမြင် သုံးသပ်နိုင်ခဲ့ရပါသည်။ ကိုးရပ်စ်လို အားမနာတမ်း ဝေဖန်တတ်သူ ကျွန်မ ပတ်ဝန်းကျင်မှ အပေါင်းအသင်း သူငယ်ချင်းများကို ''ကိုးရပ်စ်အကြောင်း'' ဆောင်းပါးရေးရင်း သတိရလိုက်မိပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့၏ ပတ်ဝန်းကျင်မှာလည်း ကိုးရပ်စ်တွေ ရှိနေသည်ကို သတိပြုလိုက်ရပါ သည်။
စာညွှန်း-
Antony and Cleopatra (Shakespeare) Edited with An introduction and full notes, by Prof T.N. Jagadisan, M.A
No comments:
Post a Comment