နာမည်ကျော် ဂီတပညာရှင်ကြီးများ၏ဘဝတစ်စိတ်တစ်ပိုင်း - Junior Win
အတွေးအမြင် (၁၅၁)၊ ၂ဝဝ၁ အောက်တိုဘာ
Mozart, Beethoven, Svhubert နဲ့ Johannes ဆိုတဲ့ ဂီတပညာရှင်တွေ အကြောင်းကို ကျွန်မ လေ့လာခဲ့မိပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး ကျွန်မ စိတ်ဝင်တစား ရှိခဲတာက သူတို့ ဖန်တီးလိုက်တဲ့ ဂီတ တေးသီချင်းသွားတွေရဲ့ နောက်ကွယ်က သူတို့ရဲ့ ဘဝတွေ ဖြစ်ပါတယ်။
Mozart ရဲ့ အမည်ရင်းက Wolfgand Anadeus Mozart (၁၇၅၆-၁၇၉၁) ဖြစ်ပါတယ်။ သူ့ကိုAustriaနိုင်ငံ Salzburg မြို့မှာ ၁၇၅၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းက တယောပညာ ရှင် ဖြစ်ပါတယ်။ ဒီတော့ သူဟာ အသက်လေးနှစ်အရွယ်လောက်က စလို့ တယောနဲ့ ထိတွေ့ခဲ့တယ်၊ လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ Mozartဟာ ကလေးပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူ့ အသက် ၆ နှစ် အရွယ် လောက်ကစပြီး သူ့မိသားစုနဲ့ လိုက်ပြီးMunich, Vienna, Paris, London, Holland, Switzerland မြို့တွေအနှံ့ ဂီတပညာ ပြသရာမှာ ပါဝင်ခဲ့သူဖြစ်ပါ တယ်။ ဘုရင်တွေ ရှေ့မှာ၊ ဘုရင်မတွေရှေ့မှာ၊ ဥရောပက မင်းသားမင်းသမီး တွေ ရှေ့မှာ သူ့ပညာစွမ်းကို အဲဒီအရွယ်ကစလို့ ပြခွင့်ရခဲ့ပါတယ်။
ဒီလို ပြသရာမှာ သူ့မိသားစုရဲ့အလယ်မှာ ထူးခြားနေသူကတော့ Mozart ဖြစ်ပါတယ်။ သူ့ရဲ့ ဂီတပညာဟာ လှသလောက် သူ့ကိုယ်ပိုင် တီးလုံးများကလည်း ဆန်းသစ်လှပါတယ်။ သူဟာ အသက် ၉ နှစ်အရွယ်မှာ လေးနက်တဲ့ အော်ပရာ ဇာတ်တွေကိုတောင် ရေးနေပါပြီ။ လူတွေကတောင် သူ့ကို အဖေထက် ခေါင်းတစ် လုံး ပိုမြင့်တဲ့သားလို့ ကင်ပွန်းတပ်ခဲ့ကြတယ်။ Mozart အခုလို ဖခင်ရဲ့ အကူအညီမပါဘဲ တီးနိုင်တာဟာ သူ့မှာ ထူူးခြားတဲ့ 'နား' ရှိနေလို့ ဖြစ်တယ်လို့ ပညာရှင် ပုဂ္ဂိုလ်များက ဆိုကြပါတယ်။
သူ့ရဲ့ ထူးခြားတဲ့ 'နား' အစွမ်းအကြောင်းကို ဥပမာတစ်ခုနဲ့ ရှင်းပြပါ မယ်။ ရောမမြို့က ပုပ်ရဟန်းမင်းကြီးတစ်ပါးဟာ သူ့ရဲ့ ဝတ်ရွတ်တေးသွားကို သူကလွဲပြီး ဘယ်သူကမှ မီအောင် လိုက်မတီးနိုင်ကြဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ သူ့ရဲ့ တီးကွက်တွေကို Vertican ဘုရားရှိခိုးကျောင်းမှာ သော့ခတ်သိမ်းထားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တီးသံကို တစ်ခါသာ ကြားလိုက်ရတဲ့ Mozart ဟာ အဲဒီတီးကွက်ကို တစ်လုံးမကျန် ပြန်ရေးပြ လိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ 'နား' အစွမ်းကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် ပုပ်ရဟန်မင်းက Mozartကို Order of Golden Spur ဂီတအဖွဲ့အစည်းမှာ အဖွဲ့ဝင်အဖြစ် ပေးအပ်ခဲ့ပါတယ်။
သူ့ရဲ့ ဦးနှောက်ထဲမှာ ဂီတအပိုင်းအစတွေ သိမ်းထားတယ်လို့ ဆိုရမှာ ပါ။ Mozart ဟာ ဂီတသီချင်းပေါင်း ၆ဝဝ ကျော် ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ဂီတပညာ ပြောင်မြောက်သလောက် သူ့မှာ ငွေကြေး မချောင်လည်ရှာပါဘူး။ သူဟာ ဆင်းဆင်းရဲရဲနဲ့ပဲ အသက် ၃၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ကို ဆင်းရဲသားတို့ မြှုပ်နှံရာ နေရာတစ်ခုမှာ မြှုပ်နှံခဲ့တယ်ဆိုတာက လွဲပြီး ဘယ်နေရာမှာ သူလဲလျောင်းနေသလဲဆိုတာ ဘယ်သူမှ မသိကြဘူးလို့ ဆိုပါတယ်။ ကျန်ရစ်ခဲ့တာကတော့ Mozart ရဲ့ အမည်ရယ်၊ သူ ဖန်တီး တည်ဆောက်ခဲ့တဲ့ ဂီတတွေရယ်ပဲ ဖြစ်တယ်။
Beethoven ရဲ့ အမည်ရင်းကတော့ Ludwig Van Beethoven (၁ရရဝ-၁၈၂၇) ဖြစ်ပါတယ်။ Germanyနိုင်ငံBonn မြို့မှာ၁ရရဝ ခုနှစ်မှာ မွေးဖွား ခဲ့ပါတယ်။ 'နာမည်ကျော် ဂီတတီလုံးများကို ကိုယ်တိုင်မကြားနိုင်တဲ့ ဂီတပညာ ရှင်' လို့ သူ့ကို ကင်းပွန်းတပ်ကြပါတယ်။ 'ကိုယ်တိုင်မကြားနိုင်တဲ့' ဆိုတော့ ဟုတ်မှဟုတ်ပါလေစ။ နာမည်ကျော် စန္ဒရားပညာရှင်ကြီး Beethoven ဟာ သူ့သီချင်းတွေကို သူကိုယ်တိုင် မကြားရဘဲနဲ့ ဘယ်လိုများ ရေးစပ်သီးကုံးခဲ့ပါ သလဲ။
Beethoven ရဲ့ ဖခင်နဲ့ အဘိုးဟာ ဂီတပညာရှင်တွေ ဖြစ်ကြပါတယ်။ သူ့အသက် ၅ နှစ်အရွယ်မှာ တယောဂီတပညာကို သင်ယူခဲ့ပါတယ်။ အသက် ၉ နှစ်အရွယ်မှာ စန္ဒရားနဲ့ အော်ဂင်တီးတွေ သင်ခဲ့ပါတယ်။ အသက် ၂ဝ အရွယ်မှာ Bonn ပြဇာတ်ရုံမှာ တီးပြရင်း အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။
အသက် ၃ဝ အရွယ်မှာ နားလေးစပြုလာပေမယ့် Beethoven ဟာ ဒီ အကြောင်း သူ့မိတ်ဆွေများကို အသိမပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အခြေ အနေတွေ ဆိုးလာတဲ့အခါမှာတော့ သူချစ်မြတ်နိုးတဲ့ ဂီတဖျော်ဖြေပွဲများကို ကျော ခိုင်းခဲ့ရပါတယ်။
သူ့ရဲ့ ကိုယ်ပိုင်ဂီတပညာကို မတီးနိုင်တော့ သူ ဘယ်လိုဖြစ်သွားမလဲ။ နားမကြားတော့တဲ့ စန္ဒရားအတီးပညာရှင်၊ ဂီတကို ဖန်တီးသူဟာ ဘယ်လိုများ ဆက်လက်ရပ်တည်တော့မလဲ။ သူဟာ လပေါင်းများစွာ စိတ်မချမ်းသာ ဖြစ်နေခဲ့ရ ပါတယ်။ ဂီတကို မွေးကတည်းက ဝါသနာပါလာတဲ့ ပါရမီရှင်ဟာ အဖြေတစ်ခု ကို ရှာတွေ့ခဲ့ပါတယ်။ သူ့နားက ဂီတကို မကြားနိုင်တော့ပေမယ့် သူ့ဦးနှောက် က ခံစားနိုင်ပါတယ်တဲ့။ သူ သီချင်းမဆိုနိုင်တော့ပေမယ့် ဂီတတေးသွားတွေကို သူ ရေးနိုင်ပါသတဲ့။ ဂီတသံကို နားနဲ့ မကြားဘဲ ဦးနှောက်နဲ့ ကြားပြီး ဂီတ အလုပ်ကို သူ ဆက်လုပ်ပါတော့တယ်။
Beethoven သီချင်း သီကုံးရာမှာ လပေါင်းများစွာကြာမှ သူ့စိတ်ကြိုက် တစ်ပုဒ် ရတတ်ပါတယ်။ ရေးပြီးမကြိုက်၊ ပြန်ပြင်နဲ့ ရက်တွေ လတွေ ကြာမှ တစ်ပုဒ်ရတယ်ဆိုတာ သူ့ရဲ့နဂိုကတည်းက ဝသီဖြစ်ပါတယ်။ သူ နားလေးပြီး ရေးတော့ ဒီထက်ကြာမလားဆိုတာ မသိပေမယ့် နားလေးပြီးနောက်မှ စပ်သော တေးဂီတများဟာ ဘယ်သူမှ လိုက်မမီလောက်အောင် လှပပေတယ်လို့ ဆိုပါ တယ်။
Beethoven ဟာ ဂီတမြို့တော်လို့ တင်စား ခေါ်ဝေါ်ထားတဲ့ Austria နိုင်ငံ Vienna မြို့မှာ အသက် ၂၂ အရွယ်မှာ အတတ်ပညာကို သင်ကြားခဲ့သူ ဖြစ်ပါတယ်။ သူဟာ အပြောအဆို မယဉ်ကျေး၊ ညစ်ပတ်ပေရေစွာ ဝတ်စား ဆင်ယင်တတ်သူဖြစ်ပါတယ်။ သူ့ကို အိမ်ခြေ၊ ရာခြေ မရှိသူအမှတ်နဲ့ မှားယွင်းပြီး အဖမ်းခံခဲ့ရဖူးတယ်လို့လည်း ဆိုပါတယ်။ နားလေးပြီးမှကို ၂၅ နှစ်ကျော်မျှ ဂီတနဲ့ ပျော်မွေ့ခဲ့သူဖြစ်ပါတယ်။ အသက် ၅၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး လူပေါင်း နှစ်သောင်းလောက် လိုက်ပါပို့ဆောင်ခဲ့တဲ့ သူ့ရဲ့ ဈာပနကို Vienna မြို့မှာ ဂုဏ်ယူစွာ မြှုပ်နှံခဲ့ကြပါတယ်။
'ဂီတအတွက် အသက်ရှင်နေသူ' လို့ ကင်ပွန်းအတပ်ခံရသူကတော့ Franz Schubert (၁၇၉၇--၁၈၂၈) ဖြစ်ပါတယ်။ စားသောက်ဆိုင် menu (မီနူး) ကျောဘက် အလွတ်မှာတောင် နာမည်ကျော်သီချင်း Hark, hark the larkကို ရေးခဲ့ပါသတဲ့။ သူ့ကို ၁၇၉၇ ခုနှစ်မှာ Austria နိုင်ငံ Vienna မြို့မှာ မွေးခဲ့ပါ တယ်။
သူ့ဖခင်ဟာ ကျောင်းဆရာတစ်ဦးဖြစ်တာမို့ အဖေ့ခြေရာ နင်းစေချင်ပါ တယ်။ ဒါပေမဲ့ သူက ကျောင်းဆရာအလုပ်ကို ဝါသနာမပါဘဲ Royal Schoolမှာ ပညာသင်ခဲ့တဲ့ ကာလတွေမှာ၊ အားနေတဲ့အချိန်တွေမှာ ဂီတကိုသာ လိုက် စားခဲ့ပါတယ်။ ဖခင် စိတ်ထိခိုက်မှုမှာကို မကြည့်ရက်လို့ ပညာရေးကိုတော့ ဦးစားပေးခဲ့ပါတယ်။ ဒါကြောင့် အသက် ၁၇ နှစ် အရွယ်မှာ ကျောင်းဆရာ ဖြစ်လာပါတယ်။ ဒါပေမဲ့ အသက် ၂ဝ အရွယ်မှာတော့ အားသန်ရာ ဂီတကိုပဲ အခြေချ လုပ်ကိုင်ခဲ့ပါတော့တယ်။
Schubert က ကဗျာချစ်သူ ဖြစ်ပါတယ်။ ကဗျာတွေကို ဖတ်ပြီး သူ နှစ်သက်ရာတွေ့ရင် လိုက်ဖက်တဲ့ တေးသွားက သူ့ဦးနှောက်ထဲ ရောက်လာပါ တော့တယ်။ သူ မကွယ်လွန်မီအထိ တေးသီချင်းပေါင်း ၆ဝဝ ကျော် ရေးသားခဲ့ပါ တယ်။ သူ သီချင်းရေးတာ မြန်လိုက်ပုံကတော့ ရေးပြီး မကြာမီမှာပဲ ခုနက သူ ဘာရေးခဲ့တာလဲဆိုတာတောင် မေ့သွားတတ်ပါတယ်။ သူဟာ ၁၈၂၈ ခုနှစ် အသက် ၃၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
နာမည်ကျော် တေးသီချင်းသံတွေ သီကုံးပြီး သူဖန်တီးတဲ့ တေးသီချင်း တွေကို ဒေါသတကြီး ဆွဲဖြဲ ဖျက်ဆီးပစ်သူလို့ နာမည်တွင်သူကတော့ Johannes Brahms ဖြစ်ပါတယ်။ သူ့အကြောင်းကတော့ ဒီလိုပါ။
တစ်နေ့မှာ တေးဂီတပညာရှင်နှစ်ဦးဟာ ဂျာမနီမြောက်ပိုင်းဘက်ကို ခရီး ထွက်လာကြပါတယ်။ တစ်ယောက်က တယောသမားဖြစ်ပြီး နောက်တစ်ယောက် က တေးသီချင်းတွေ တစ်ပုံတစ်ပင်နဲ့ ဖြစ်ပါတယ်။ သူတို့ကို အစားအသောက်နဲ့ နေစရာသာပေးရင် တေးဂီတဖျော်ဖြေပွဲလုပ်ဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ တယောပညာရှင်က Hugarian လူမိုျး Remenyi ဖြစ်ပြီး တေးဂီတ သီကုံးသူ စန္ဒရား ပညာရှင်ကတော့ နာမည်ကျော် ဂျာမန်တေးဂီတပညာရှင် Johannes Brahms(၁၈၃၃-၁၈၉၇) ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုအချိန် ခရီးဆန့်ခဲ့စဉ် ဆင်းရဲ လိုက်သည်မှာလည်း ဆိုဖွယ်မရှိပေ။ Johannesဟာ သင်္ဘောသားများကို ညဘက် စန္ဒရားတီး ဖျော်ဖြေရင်း အသက်မွေးနေရသူ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက် ကတော့ သူ့ ရေးဖွဲ့သော တေးဂီတများဟာ အလွန်လေးနက်သော အဓိပ္ပာယ်ကို ဆောင်ပါသတဲ့။ ထိုအချက်ကပင် သူ့ကို အောင်မြင်မှုတွေ ရစေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
Remenyi နဲ့ Johannesတို့နှစ်ဦးဟာ လှည့်လည်ကျက်စားရင်း ပျော် မွေ့တတ်ကြတဲ့ ဂျက်ပစီတွေလိုပဲ ဖြစ်ကြပါတယ်။ နောက်ဆုံးတော့ သူတို့ဟာ Hanover မြို့ကို ရောက်ခဲ့ကြပါတော့တယ်။ အဲဒီမြို့မှာ Remenyi ရဲ့ မိတ်ဆွေ တယောပညာရှင် Joachimနဲ့ တွေ့ခဲ့ကြပါတယ်။ Joahim ကို Johannesက သူ့ရဲ့စန္ဒရားလက်သံကို တီးပြခွင့်ရခဲ့ပါတယ်။
အဲဒီ တဒင်္ဂအချိန်လေးဟာ Johannesရဲ့ ဘဝစ်ခုလုံးကို ပြောင်းပစ်လိုက် ပါတော့တယ်။ နာမည်ကျော် တယောပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ ဲသခေ့ငာ ဟာ Johannesရဲ့ စန္ဒရားလက်သံကို ကြားလိုက်ရတဲ့ ခဏမှာ တုန်လှုပ်ခြောက် ခြားသွားခဲ့တယ်ဆိုတဲ့ အဖြစ်ကမှ Johannesရဲ့ ဘဝကို မထူူးခြားစေဘူးဆိုရင် ဖြစ်နိုင်ပါတော့မလား။ Joachim ဟာ ဂျာမနီက အရေးပါတဲ့ ဂီတပညာရှင်တွေ နဲ့ Johannesကို မိတ်ဆက်ပေးခဲ့ပါတော့တယ်။
ပထမဦးဆုံး Johannesတွေ့ခဲ့ရသူက စန္ဒရားပညာရှင်၊ တေးသီချင်း သီကုံးသူ Franz Liszt ဖြစ်ပါတယ်။ Liszt က ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့ရဲ့ ဆံပင်ရှည်ကြီးက ခံ့ညားတဲ့ သူ့မျက်နှာနဲ့ ထည်ဝါစွာ ရှိနေပြီး ပခုံးထိ ဝဲကျနေပါတယ်။ သူ့ကို လေးစားသူတွေ၊ မြှောက်စားကြသူတွေ အလယ်မှာ တကယ့် အရှင်သခင်ကြီးအလား နေသူ ဖြစ်ပါတယ်။ လူတော်တော်များများဟာ သူ့ဂီတ နားဆင်ဖို့ထက် သူ့ကို ကြည့်ချင်လို့ သူ့ဂီတပွဲကို သွားကြည့်ကြတယ်လို့ ဆိုပါတယ်။
Johannesနဲ့ Liszt တို့ တွေ့ကြစဉ်ကတော့ Johannesဟာ အလွန်ရှက်တတ် သူ ဖြစ်နေပါသတဲ့။ Johannesအတွက် ပါတီပွဲတစ်ခုမှာ Johannesက စန္ဒရားကို ကိုယ်တိုင်တီးဖို့ ငြင်းဆိုခဲ့တာကြောင့် အရှင်သခင်ကြီး Liszt က Johannesရဲ့ တေးဂီတကို တီးပြခဲ့ရပါတော့တယ်။ အဲဒီအခိုက်အတန့်ဟာ အအောင်မြင်တကာ့ အအောင်မြင်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ Liszt ကတော့ Johannesရဲ့မျက်နှာကို ပွဲပြီးလို့ လိုက်ရှာကြည့်လိုက်တော့ အိပ်မောကျနေတဲ့ Johannesကို တွေ့လိုက်ရပါတော့တယ်။
သူဟာ သူ့ရဲ့ ရိုင်းပျမှုတွေနဲ့ အတူတွဲပြီး အောင်မြင်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူ့သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လိုက်၊ နားလည်မှုတွေ လွဲလိုက်နှင့် ဖြစ်ပါတယ်။ Liszt နဲ့ပင် တစ်ခါတစ်ရံ မသင့်မြတ်ကြပါဘူး။
Johannesသူ့ဘဝရဲ့ အချိန်တော်တော်များများမှာ ဘယ်သူမှ အားမကိုးဘဲ သူ့ဘာသာ ရုန်းကန်ရပ်တည်ခဲ့ပါတယ်။ အသက် ၂၉ နှစ်မှာ Vienna မှာ အခြေချ နေထိုင်ခဲ့ပြီး သူ့ဘဝရဲ့ အပျော်ဆုံးအချိန်ကာလများ ဖြစ်ခဲ့ပါတယ်။ Vienna မြို့သူမြို့သားတွေဟာ သူ့ဂီတကို ချစ်သလို တေးသီချင်း သီကုံးသူအဖြစ် လည်း လက်ခံခဲ့ကြပါတယ်။ ဘယ်သူကမှလည်း သူ့ရဲ့ ရိုင်းပျတဲ့ အပြုအမူတွေ ကို စကားလုပ်ပြီး ပြောမနေကြဘူးလို့ ဆိုပါတယ်။ တစ်ကြိမ်မှာတော့ အဆိုတော် တစ်ယောက်ကို သူက အားရပါးရ တီးလုံးလိုက်တီးပေးနေချိန်မှာ သူ့တီးသံကျယ် လွန်းလို့ အဆိုတော်က 'ကျွန်တော့်အသံတောင် ကျွန်တော် မကြားရတော့ဘူးလို့ပြောပါတော့တယ်။ ဒီတော့ Johannesက 'ဒါ မင်းကံကောင်းတာပဲ' လို့ ပြန်ပြောလိုက်ပါတယ်။
Mozart, Schubert တို့ရဲ့ လှပတဲ့ တေးသီချင်းများဟာ သူတို့ ငယ်ရွယ် စဉ်တွေမှာ ရေးစပ်ခဲ့ကြတယ်ဆိုတာ စာဖတ်သူတို့ မှတ်မိကြပါလိမ့်မယ်။ Johannesဟာလည်း အသက် ၁၉ နှစ် မတိုင်မီကစလို့ တေးဂီတတွေ သီကုံးခဲ့ သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အားလုံးကို မနှစ်သက်ဘဲ ဒေါသတကြီးနဲ့ သူ့ဘာသာ ဆုတ်ဖြဲပစ်ခဲ့ပါတယ်။
သူ့ရဲ့ တေးသီချင်းများဟာ လေးနက်ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် တော်တော်များများက နားမလည်ကြပါဘူး။ သူ့ရဲ့တေးသွားထဲမှာ လိုက်ပါနေ တာက သူရဲ့လှပတဲ့ ဖွဲ့နွဲ့မှုတွေ ဖြစ်ပါတယ်။ သူဟာ တကယ့်ပညာသည် တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ပြဿနာဆိုလို့ သူရေးတဲ တေးသီချင်းများကို သဘောမတွေ့ဘဲ ဆုတ်ဖြဲတတ်ခြင်းသာ ရှိပါတယ်။
Johannesဟာ ဘဝတစ်လျှောက် အအောင်မြင်ဆုံး နေထိုင်သွားခဲ့ပြီး အရိုးရှင်းဆုံးဘဝကို တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အလေ့အထကတော့ မနက်စောစော ကော်ဖီခါးခါးသောက်၊ ဆေးတံခဲရင်း မြို့ရိုးတစ်လျှောက် လျှောက် ရင်း သူ့ဘဝသူ ပြောင်းလဲနေသည်ဟု ယူဆနေသူ ဖြစ်ပါတယ်။ Johannesဟာ ၁၈၉၇ ခုနှစ် သူ့အသက် ၆၄ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
လူတစ်ကိုယ် အသွင်တစ်မိုျး စရိုက်တစ်မိုျး ဆိုသလိုပါပဲ။ လူတွေမှာ မတူတဲ့အကျင့်တွေ၊ အပြုအမူတွေ၊ အရည်အချင်းတွေ ရှိနေကြပါတယ်။ ကိုယ် ဝါသနာပါရာကို လိုက်စားတတ်သူတွေ၊ မလျှော့ဘဲ စိတ်ဓာတ်နဲ့ အကောင်အထည် ဖော်တတ်ကြသူတွေ၊ ကိုယ်ဝါသနာပါတာကို လုပ်ရင်း စိတ်ချမ်းသာနေကြသူတွေ လည်း ရှိပါတယ်။ လူအမိုျးမိုျးတွေထဲက ဂီတပညာရှင်တွေအကြောင်းနဲ့ သူတို့ရဲ့ ထူးခြားတဲ့ ဘဝတွေကို
ရှာဖွေတင်ပြလိုက်ရပါတယ်။
No comments:
Post a Comment