Sunday, February 2, 2014

ကျွန်မ လျောက်ခဲ့ရသောပညာရေး လှေကားထစ်များ - Junior Win

ကျွန်မ လျောက်ခဲ့ရသောပညာရေး လှေကားထစ်များ - Junior Win

 (အတွေးအမြင် (၁၂၈)၊ ၁၉၉၇ စက်တင်ဘာ)

ကျွန်မ၏ ဖခင်သည် သင်္ချာဆရာတစ်ယောက် ဖြစ်ပါသည်။ ငယ်စဉ်က သင်္ချာ အလွန်ညံ့သော ကျွန်မကို မည်သူကမျှ ကျွန်မ တစ်ယောက်တည်းကို အပြစ်ပုံမချဘဲ သင်္ချာဆရာဖြစ်ပြီး ညံ့လိုက်တာဟု ကျွန်မ ဖခင်ကိုပါ ထည့်သွင်း ဝေဖန်လေ့ ရှိကြပါသည်။ ကျွန်မသည် သင်္ချာဆရာသမီးဖြစ်ပြီး သင်္ချာတော်သည် ဟူသော ပြောဆိုမှုမိုျးကို ပိုမို လုပ်ချင်ခဲ့မိပါသည်။ အဲဒီအတွက် M.Scအဆင့် အထိ ပေးဆပ်ခဲ့ရသော ကျွန်မ၏ ကြိုးစားအားထုတ်မှုကို မည်သူမျှ သတိ မထားမိကြပါ။
အမွေဆက်ခံသူ ဟူသည်မှာ သာမန်ကြိုးစားသူများထက် ပို၍ တာဝန်ကြီး သည်ဟု ထင်ပါသည်။ မိိမိ၏ ကြိုးစားမှု၊ အောင်မြင်မှု၊ ကျရှုံးမှုဟူသမျှသည် မိမိတစ်ဦးတစ်ယောက်တည်းအတွက်သာ ထိခိုက်သည် မဟုတ်ဘဲ မိမိ၏ မိဘမိုျး ရိုး ဂုဏ်သိက္ခာကိုပါ ထိခိုက်တတ်ပါသည်။ အင်္ဂလိပ်စာ အလွန်တော်သော ကျွန်မအဘိုးနှင့် အဘွား၏ အရိပ်အောက်သို့ မဝင်လိုသော ကျွန်မ ဖခင်သည် အင်္ဂလိပ်စာနှင့် အလှမ်းဝေးသော သင်္ချာဘာသာရပ်ကို ရွေးချယ်ကြိုးစားခဲ့သည်ဟု ဆိုပါသည်။ ကျွန်မ ၁ဝ တန်းအောင်စဉ်တုန်းက ထိုစိတ်ဓာတ်မိုျး မရှိခဲ့၍သာ သင်္ချာဘာသာရပ်ကို အေးအေးဆေးဆေး ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရိုးရိုးမေဂျာတစ်ခုသို့ သာမန် ရောက်ရှိလာသော ကျောင်းသားတစ်ယောက် ၏ ပြင်းပြသော ရည်မှန်းချက်ဆိုသည်မှာ ဂုဏ်ထူးတန်းဝင်အောင် လုပ်ရမည်ဆို တာပဲ ဖြစ်ပါတယ်။ ပညာရပ်အပေါ် စိတ်ဝင်စားမှုသည် ဒုတိယဖြစ်ပါလိမ့်မည်။ ကျွန်မသည် တက္ကသိုလ် ဒုတိယနှစ်တွင် ဂုဏ်ထူးတန်းဝင်ဖို့ သင်္ချာပုစ္ဆာများ ကြိုး စား တွက်ချက်ရင်း ကျွန်မ ဖခင်နှင့် သင်္ချာပုစ္ဆာတွေများ အမေးအဖြေ ဆွေးနွေး ကြရင်းနှင့် သင်္ချာဘာသာရပ်တို့အပေါ်တွင် သာမန်ထက်ပို၍ စိတ်ဝင်စားလာပြီး လေ့လာလိုက်စားလိုစိတ်များ ဖြစ်ပေါ်လာခဲ့ရပါသည်။ ကျွန်မ၏ ကြိုးစားအားထုတ် မှုကြောင့် ဂုဏ်ထူးတန်း ဝင်ခဲ့သောအခါ ဆက်လက်၍ မလျှော့သော ဝိရီယဖြင့် ထူးချွန်အောင် လုပ်မည်ဟု သန္နိဋ္ဌာန်ချခဲ့ပါသည်။
ကျွန်မနှင့် တက္ကသိုလ်အတူတူတက်ခဲ့ကြသော ကျွန်မ၏ သူငယ်ချင်းများ မှာ တစ်ခါတစ်ရံ အပေါ်ယံဝေဖန်တတ်သူ ကျောင်းသားအများစုကြောင့် မခံမရပ် နိုင် ဖြစ်ခဲ့ကြရပါသည်။ ထိုသူများက ကျွန်မနှင့်တွဲသော သူငယ်ချင်းများကို ကျွန်မကို ပေါင်းခြင်းမှာ သင်္ချာဆရာကြီးသမီး ဖြစ်သောကြောင့်ဟု တဲ့တိုးပင် ပြောဆိုကြကြောင်း ကျွန်မကို သူငယ်ချင်းများက ပြန်တိုင်ကြပါသည်။ စပေါ့ မလိုက်၊ ခိုးမချဘဲ၊ ရိုးသားဖြောင့်မတ်သောစိတ်ဖြင့် စာမေးပွဲအောင်ရန် ကြိုးစား ခဲ့သော ကျွန်မ၏ သိက္ခာကို ထိုစကားလုံးများက မည်သို့မျှ ထိခိုက်မည်မဟုတ် ကြောင်း ကျွန်မသာလျှင် အသိဆုံးဖြစ်ပါသည်။
၁၉၉၆-၉၇ ကျမ်းပြုကျောင်းသူဘဝတွင် တစ်ပတ်တစ်ရက် အတန်းတက် ခဲ့ရပါသည်။ အပတ်တိုင်း Assignmentတင်ရသည်။M.Sc(Thesis) Defend (မဟာသိပ္ပံကျမ်းပြု နှုတ်မေးစာမေးပွဲ) အတွက် ပြင်ဆင်မှုကို တစ်နှစ်ခွဲခန့် လေ့လာမှတ်သားခဲ့ရပါသည်။ libraryရှိ thesisများကို ရှာဖွေရင်း သင်္ချာဘာ သာရပ်နှင့် ပတ်သက်သော စာအုပ်များကို သူငယ်ချင်းများနှင့်အတူတူ ဖတ်ရှုခဲ့ရ သည်မှာ ဖတ်လို့ရှာလို့ပဲ မပြီးနိုင်အောင် ဖြစ်ရပါသည်။ ကျွန်မထက် thesisစောပြီးသွားသူ ကျောင်းသူတစ်ဦးက ကျွန်မကို သင်္ချာဆရာကြီးသမီးဖြစ်၍ အလွန် ကံကောင်းခြင်း၊ thesisအတွက် မပူရကြောင်း၊ စာအုပ်တွေရှာရမှာလည်း မပင်ပန်း ကြောင်း လွယ်လွယ်ကူပြီးမှာဖြစ်ကြောင်း ပြောဆိုကြောင်းကို ကျွန်မ၏ သူငယ်ချင်း  တစ်ဦးက ပြန်ပြောပါသည်။
Thesis defendထိုင်ရသည့် စာမေးပွဲ (သို့မဟုတ်) လူတွေ့စစ်ဆေးရမည့် အချိန်အတွင်းမှာ ကျွန်မ၏ ကြိုတင်ပြင်ဆင် ကြိုးစားရမှုများ အဖြေပေါ်မည် ဖြစ်သည့်အတွက် မည်သို့သော ဝေဖန်ပြောဆိုမှုများကိုမှ ကျွန်မ ဂရုမစိုက်ခဲ့ပါ။အကြောင်းမှာ ကျွန်မ ဖခင် သင်္ချာဆရာကြီးသည် ကျွန်မ defendထိုင်သည့်နေ့ တွင် မည်သူမဆို လေ့လာခွင့်ရရမည်ဟု ဆုံးဖြတ်ထားသောကြောင့် ဖြစ်ပါသည်။ ကျွန်မ သူငယ်ချင်းများ၊ သင်္ချာဌာနမှ ဆရာ ဆရာမများ၊ ပြင်ပမှ လေ့လာချင် သူများပါ ပါဝင်နားထောင်ကြမည်ဖြစ်ရာ စာစစ်အဖွဲ့၏ မေးခွန်းများကို ကျွန်မ ဖြေနိုင်လျှင် ကျွန်မ အရည်အချင်းကို အားလုံးသိရမည်။ မဖြေနိုင်လျှင်လည်း ပညာညဏ် အဆင့်မမီသေးဟု ကိုယ့်ကိုယ်ကိုယ် နားလည်လက်ခံရမည်။
ဂုဏ်ထူးတန်းတက်ခဲ့စဉ်၊ မဟာသိပ္ပံနောက်ဆုံးနှစ် တက်ခဲ့စဉ်တွေမှာ ဂုဏ်ထူးတွေ မရခဲ့ဖူးသော ကျွန်မသည် ကျွန်မပြုစုနေသော M.Sc(thesis) အတွက်များစွာ စိတ်ကူးယဉ်ခဲ့ပါသည်။ thesis defendတွင် မည်သည့်မေးခွန်း များကို ကောင်းမွန်စွာဖြေနိုင်လျှင် credit  (သို့မဟုတ်)Dပင် ရနိုင်မည်ဟုလည်း ကျိန်းသေတွက်ထားခဲ့ပါသည်။ ကျွန်မအတွက် ယခု M.Scဘွဲ့အတွက် defend ထိုင်ရမည့်အချိန်သည် creditတို့Dတို့ရရှိဖို့ ကျောင်းသားတစ်ယောက်၏ နောက်ဆုံးအခွင့်အရေး ဖြစ်ပါသည်။
ကျွန်မ ကျမ်းတင်ရမည့် နောက်ဆုံးအချိန်မှာ ၁၉၉၇ မေလဖြစ်ပါသည်။ ကျွန်မသည် ၁၉၉၇ မတ်လတွင် thesis ရေးသားမှုပြီးပြတ်ခဲ့၍  defendလုပ်ဖို့ ပြင်ဆင်ခဲ့ရပါသည်။ စာစစ်အဖွဲ့၏ မေးခွန်းများမမေးမီ နာရီဝက်နှင့်အပြီး ကျွန်မ၏ thesisအကြောင်းကို ပြောရမည်ဖြစ်ပါသည်။ သို့မှသာ မေးခွန်းများကို ဖြေဖို့ အတွက် အချိန်ရမည်ဟု ဆိုပါသည်။
ကျွန်မသည် ဤဆောင်းပါးကို thesisိန်နညိ ထိုင်ပြီး နှစ်ရက်ခန့်ကြာမှ ဆက်ရေးနိုင်ခဲ့ပါသည်။ ကျွန်မကို စာစစ်အဖွဲ့ဝင်များက မေးသောမေးခွန်းများကို မဖြေနိုင်သောကြောင့် မဟုတ်ပါ။ ကျွန်မ thesisအကြောင်းရှင်းပြပြီးသည့်နောက် ဘာမှမမေးဘဲ ပြန်လွှတ်လိုက်သောကြောင့် ဖြစ်ပါသည်။
ကျွန်မ နာရီဝက်ခန့်thesisအကြောင်းရှင်းပြပြီး၍ စာစစ်အဖွဲ့၏ မေးခွန်း များကို မျှော်လင့်ခဲ့မိသည်။ external examiner  က ကျွန်မတွက်ထားသော ပုစ္ဆာတစ်ပုဒ်၏ ပုံတစ်ပုံအကြောင်းကို စတင်ဆွေးနွေးပါသည်။ internal examinerက theorem (သီအိုရမ်) တစ်ခု၏ အဆိုတစ်ခုကို ကျွန်မဖခင်နှင့် ဆွေးနွေးပါသည်။ သင်္ချာပါမောက္ခက ကျွန်မဖခင်နှင့် ကျွန်မ၏ thesis အကြောင်း ပြောသောအခါ erternal  နှင့် internal exminer ဆရာများကပါ ဝင်ရောက် ပြောဆိုနေကြပါသည်။ ကျွန်မကို ဘာတစ်ခုမှ တိုက်ရိုက်မမေးကြသောအခါ လာလေ့လာကြသူ ဆရာ ဆရာမများ၊ သူငယ်ချင်းများ၊ သင်္ချာဆရာကြီး သမီးရဲ့ thesis defend မို့ပွဲကြီးပွဲကောင်းပဲဟု လာရောက် ကြည့်ရှုကြသောသူများနှင့် စာစစ်အဖွဲ့ဝင်များ၏ရှေ့တွင် ရပ်နေရသည်မှာ ကြောင်တက်တက်နိုင်လှပါသည်။ ကျွန်မ thesisအကြောင်း ရှင်းပြပြီးချိန်မှ စတွက်လျှင် ငါးမိနစ်ခန့်ရှိပါသည်။ ကျွန်မကိုယ်တိုင် အပင်ပန်းခံတွက်ချက် လေ့လာထားရသည့် ကျွန်မ၏ thesisကို ကျွန်မနှင့် တိုက်ရိုက်မမေးမမြန်း မဆွေးနွေးခြင်းမှာ ကျွန်မကို အသိအမှတ် မပြုသည့်သဘောပဲဟု ခံစားလိုက်ရသည်။ M.Scအဆင့်အထိ ပေးဆပ်ခဲ့ရသော ကျွန်မ၏ကြိုးစားမှု လုံ့လဝီရိယကို မည်သူမျှ သတိမထားမိကြပါလားဟုလည်း နားလည်လိုက်ရပါသည်။
တခြားကျောင်းသား ကျောင်းသူတွေ thesis defend ထိုင်ကြလျှင် မေးခွန်းတွေ အနည်းနှင့်အများ အမေးခံရသည်မှာ ဓမ္မတာဖြစ်ပါသည်။ နည်းနည်း အမေးခံ အစစ်ဆေးခံရသော ကျောင်းသားတစ်ယောက်၏ အဆင့်အတန်းလောက် ပင် ကျွန်မ မရှိပါလားဟု ခံစားရသည်။ ကျွန်မတစ်သက်လုံး စာမေးပွဲတွေမှာ ရိုးသားစွာ ကြိုးစားခဲ့ရသမျှသည် ဤthesisစာမေးပွဲကျမှ အလကား အအောင် ပေးလိုက်သည့် ပုံစံမိုျးဖြစ်သွားသည်မှာ သိပ်သဘာဝမကျသလို ကျွန်မကိုယ်တိုင် လည်း လုံးဝ လက်မခံနိုင်ပါ။
ထိုအတွက် ကျွန်မတစ်ခုခုတော့ လုပ်သင့်သည်ဟုစဉ်းစားမိသည်။ အနည်း ဆုံး ကျွန်မကိုယ် ကျွန်မ M.Scဟူသောအဆင့် ရှိသည်ဟု ခံယူနိုင်ဖို့ဖြစ်ပါသည်။ ယခုတော့ ကျွန်မ M.Sc thesis defend ပြီးပြီဟု လူရှေ့သူရှေ့ သတ္တိရှိရှိပြောဖို့ လိပ်ပြာမသန့်နိုင်ပါ။
ကျွန်မသည်external examiner (ပြင်ပစာစစ်ဆရာ)ထံသွားရောက်၍ ကျွန်မ၏ ခံစားချက်ကိုတင်ပြ၍ thesis defend ပြန်စစ်ပေးရန်၊ စာမေးပွဲပြန် စစ်ပေးရန် ပြောကြားခဲ့ပါသည်။ external examiner ၏ သဘောတူညီချက်ဖြင့် ပါမောက္ခထံ ခွင့်တောင်းခဲ့ပြန်ပါသည်။ ပါမောက္ခက thesis defend ထပ်ထိုင် သည်ဆိုခြင်းမှာ ထုံးစံမရှိကြောင်း၊ အကယ်၍ ထပ်လုပ်ချင်လျှင် seminor (စာတမ်းဖတ်ပွဲ) လုပ်ခွင့်ရှိကြောင်း ပြောပါသည်။ ပါမောက္ခ၏ ခွင့်ပြုချက်ဖြင့် ျနာငညမေ အတွက် ပြင်ဆင်ခဲ့ပါသည်။
ကျွန်မdefendထိုင်ပြီးသည့်နေ့မှ နှစ်ပတ်အကြာတွင် ကျင်းပခဲ့သော seminor နေ့တွင် ပါမောက္ခ၊ external examiner, internal examiner တို့မှအပ လုပ်သားကောလိပ်၊ ဒေသ-၂၊ ဒေသ-၁၊ ရန်ကုန်တက္ကသိုလ် (ပင်မ)၊ ဒဂုံတက္က သိုလ်မှ ဆရာ ဆရာမများ၊ ကျွန်မ၏ သူငယ်ချင်းများ စုံစုံညီညီ တက်ရောက်ခဲ့ ကြပါသည်။ မနက် ၁ဝးဝဝ နာရီမှ စတင်ခဲ့သည့် ကျွန်မ၏ thesis seminorမှာ နေ့လယ် ၁၂ နာရီခွဲမှ ပြီးပါသည်။ ကျွန်မတို့ အများဆုံး စာမေးသူမှာ ဂုဏ်ထူး ဆောင် ပါမောက္ခ ချီးမြှင့်ခံရသူ အငြိမ်းစား ပါမောက္ခဟောင်းတစ်ဦး ဖြစ်ပါသည်။ ကျွန်မအတွက် ပညာလည်း တိုးပါသည်။ လေ့လာသူများလည်း ကျေနပ်အားရစွာ နားထောင်လေ့လာရပါသည်။ seminor ပြီးသောအခါ တက်ရောက်လာကြသူ ဆရာအခို့ျက ထူးထူးချွန်ချွန် အောင်မှာပါဟု အားပေးစကားများ ပြောကြပါသည်။ မေးသော မေးခွန်းများအားလုံးကို ကျွန်မ မဖြေနိုင်သော်လည်း ကျွန်မ ကြိုး စားအားထုတ်ရသမျှတို့ကို အများရှေ့တွင် ပြောကြားခွင့်၊ ဖြေကြားခွင့် ရခဲ့၍ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ခဲ့မိပါသည်။ ယနေ့ ကျွန်မ M.Scအဆင့်အတန်း နှင့် ထိုက်တန်ပြီဟု နားလည်ခံယူလိုက်မိပါတော့သည်။
အတန်းတစ်တန်း အောင်မြင်ခံပြီးလျှင် ထိုစာကျက်ရသည့် အတွေ့အကြုံ၊ စာမေးပွဲ ဖြေရသည့် အကြောင်းတွေကို ပြန်လည်ဖော်သည်ချရသည်မှာ ပျော်စရာ ကောင်းသလို ဂုဏ်ယူစရာလည်း ဖြစ်ပါသည်။ ရိုးသားဖြောင့်မတ်စွာ ကြိုးစား ခြင်း၏ ရလဒ်ကို အားကျစေချင်ပါသည်။ မည်သူမဆို မိမိ၏ မှန်ကန်သော ကြိုးစားမှုကို ဖြန့်ဝေပေးမှသာလျှင် အနာဂတ်အတွက် စစ်မှန်သော လမ်းကြောင်း တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။   

No comments: