ဘာသာပြန်ခြင်း - ဂျူ နီယာဝင်း
အတွေးအမြင် (၁၅၅)၊ ၂ဝဝ၂ ခုနှစ်
''ဘာသာပြန်တဲ့သူဟာ ဖိနပ်ပြင်တဲ့သူလည်း မကျ၊ ဖိနပ်လုပ်တဲ့ သူလည်း မကျတဲ့ အဲဒီနှစ်ခုကြားက ဖိနပ်ဟောင်းပြင်ရောင်းနေသူ ဖြစ်ပါတယ်''တဲ့။
‘Translators: sellers of old mended shoes and boots, between cobblers and shoe makers.’
Francis Grose(၁၇၃၁-၁၇၉၁)
မေမေကြီး ဒေါ်ခင်မိုျးချစ်က''ဘာသာပြန်ထားတဲ့စာဟာ ပန်းထိုးထားတဲ့ အဝတ်စကို ပြောင်းပြန်ဘက်က ခံစားရသလိုပဲ''ဟု ပြောလေ့ရှိပါသည်။ မေမေ ကြီးက Dennis Wheatley ရေးသော Strange Conflict လှို့ျဝှက်သည်းဖို ဝတ္တုကြီးကို ဘာသာပြန်ဖြစ်ခဲ့ခြင်းမှာ ''စုံထောက်၊ သူလှိုျ၊ စစ်၊ စွန့်စားခန်း၊ လှို့ျဝှက်သည်းဖိုဝတ္တုများ ကိုယ်တိုင်တစ်ခါမှ စိတ်ကူး၍ မရေးဖူးချေ၊ ရေးလည်း မရေးတတ်ပါ။ သို့ပေမယ့် သူတစ်ပါးရေးသည်ကို ဘာသာပြန်ရသည်မှာ အရသာ တွေ့လှသည်''ဟုဆိုခဲ့လေသည်။
ဘာသာပြန်ဆိုထားတဲ့ ဘာသာပြန်စာတွေနဲ့ ပတ်သက်၍ အမည်မသိ ပြင်သစ်တွေးခေါ်ပညာရှင်တစ်ဦး (before ၁၄၆ဝ) က အခုလိုဆိုထားလေသည်။''ဘာသာပြန်ထားတဲ့ စာတွေဟာ လှပြီး သစ္စာမရှိတဲ့မိန်းမတွေနဲ့ တူပါတယ်။ ဒါမှမဟုတ်ရင်တော့ သစ္စာရှိပြီး မလှတဲ့ မိန်းမတွေနဲ့ တူမှာဖြစ်ပါတယ်''
''သစ္စာရှိခြင်း''ဟူသည် မူရင်းစကားလုံး၊ စာသားများကို တိတိကျကျ၊ သစ္စာရှိရှိ ဘာသာပြန်ထားခြင်းကို ဆိုလိုလေသည်။ 'လှပခြင်း'ဟူသည် မူရင်း စကားလုံး စာသားများကို တိတိကျကျမဟုတ်ဘဲ လှလှပပဖြစ်အောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ကိုယ့်စိတ်တိုင်းကျ ဘာသာပြန်ဆိုထားခြင်းကိုဆိုလိုပေသည်။ လှပခြင်းနှင့် သစ္စာရှိ ခြင်းကို အတူတကွတွဲ၍မရနိုင်။ သိပ်ဖတ်လို့ကောင်းပါတယ်ဟူသော ဘာသာပြန် ထားသည့် စာသည် သစ္စာရှိခြင်း ခို့ျတဲ့နေပါသည်။ ဖတ်ရတာ ထောင့်နေသလိုပဲ ဆိုသည့် ဘာသာပြန်ထားသော စာသည် လှပမှုမရှိနိုင်ပေ။ မေမေကြီးကတော့ ''ဘာသာပြန်တယ်ဆိုတာဟာ သူများစာ ကိုယ့်စာလုပ်ပစ်လိုက်တာပဲ'' ဟုဆိုပါ သည်။ ယင်းမှာလှပမှုကို ဦးစားပေးတာဖြစ်ပေသည်။
Christopher Marlowe ရေးသားသော Helen of Troy ၏ အလှဖွဲ့ဆိုပုံ ကို ကြည့်ပါမည်။
Was this face that launched a thousand ships,
And burnt the topless towers of Ilium.
Sweet Helen, make me immortal with a kiss.
ယင်းကို ယခုလို ဘာသာပြန်ဆိုထားသည်ကို တွေ့ခဲ့ဖူးပါသည်။
''ဒီရွှေမျက်နှာလေလား၊ စစ်လှေငါးရာ နှစ်ဆရေချစေခဲ့တာ
အီလီယာ နေပြည်ရဲ့ခေါင်ထီးမဲ့ လင့်စင်များမီးသင့်ပြာကျသွားစေခဲ့တာ
ချောလှတဲ့ ဟယ်လင်ငဲ့... အနမ်းတစ်ချက်နဲ့ ကိုယ့်အသက်အစဉ်ရှင်နေဖို့
ခွင့်ပြုပါလားကွယ့်''
ဆရာမောင်သော်က ဘာသာပြန်ဆိုထားသော စာသည် လှပသောကြောင့် စာဖတ်သူသည် မူရင်းစာကိုပင် မေ့သွားရလေသည်။ ယင်းမှာ ဘာသာပြန်သူ၏ လက်စွမ်းကြောင့် ဖြစ်ပေသည်။ မူရင်းလည်းမပျက်၊ အနှစ်သာရလည်း ပြည့်စုံတဲ့ လှပသော ပြန်ဆိုမှု ဖြစ်လေသည်။
နိုင်ငံခြားဘာသာစကားမှ ကိုယ့်မိခင်ဘာသာစကားသို့ ပြန်ဆိုခြင်းနှင့် မူရင်းဘာသာစကားမှ နိုင်ငံခြားဘာသာစကားသို့ ပြန်ဆိုခြင်းဟူ၍ အကြမ်းအား ဖြင့် ရှိပေသည်။ ဘာသာပြန်ဆိုပြီးသားကို ထပ်မံ၍ပြန်ဆိုသော ဘာသာပြန်ဆိုမှု ကိုလည်း ကျွန်မတွေ့ခဲ့ဖူးလေသည်။ ကျွန်မတွေ့ခဲ့သည်က ခရစ်နှစ်၂ဝဝဝ၊ ဒီဇင် ဘာလထုတ်၊ အမှတ်စဉ် ၃၉၃၊ Magazine Literature ပြင်သစ်မဂ္ဂဇင်းမှာ ဖြစ်လေသည်။ ထိုမဂ္ဂဇင်း၏ စတိုင်မှာ အဖုံးတွင် poem ဟု ဆိုလျှင် တစ်အုပ်လုံး နီးပါး poem တွေ အကြောင်းဖြစ်၏။ ယခု ဒီဇင်ဘာလတွင် တပ်ထားသော အဖုံးက Shakespeare ဖြစ်လေသည်။ ဒီတော့ တစ်အုပ်နီးပါး Shakespeare အကြောင်း၊ သူရေးခဲ့သော ပြဇာတ်တွေအကြောင်းနှင့် ဘာသာပြန်ခြင်းအပေါ် ဆွေးနွေးချက်များ အပါအဝင် တွေ့ကြရပေသည်။
ထိုမဂ္ဂဇင်းထဲက ဆောင်းပါးများမှာ Shakespeare ရေးခဲ့သော ပြဇာတ် များကို ပြင်သစ်လို ဘာသာပြန်ပုံ၊ စကားလုံးများကို မည်သို့မည်ပုံ ရွေးချယ်ခဲ့ကြရ ပုံများ ဖြစ်လေသည်။ ထိုအထဲတွင် ပြင်သစ်စာရေးဆရာ၊ ကဗျာဆရာကြီး Victor Hugo(၁၈ဝ၂-၁၈၈၅) အကြောင်းလည်း ပါလေသည်။ သူသည် ၁၈၅၂ ခုနှစ်တွင် Napoleon III ၏ နယ်နှင်ဒဏ်ပေးမှုကြောင့် Channel ကျွန်းသို့ အပို့ခံရလေ သည်။ ဤနေရာတွင် သားဖြစ်သူက ဖခင် Victor Hugo ကို ''အဖေ ဘယ်လို များ အချိန်တွေ ဖြုန်းဖို့ စဉ်းစားထားသလဲ'' ဟု မေးသော် Victor Hugoက ''အဖေတော့ ပင်လယ်သမုဒ္ဒရာကြီးကိုပဲ ကြည့်နေတော့မယ်ကွယ်'' ဟု ပြန်ဖြေ လိုက်လေသည်။ ''ဒါနဲ့ သားကရောကွာ'' ဟု သူ့သားကို ပြန်မေးတော့ ''ကျွန် တော်ကတော့ Shakespeare ရဲ့ ပြဇာတ်တွေကို ပြင်သစ်လို ဘာသာပြန်မှာ''ဟု ပြန်ဖြေလေသည်။ ဟုတ်ပေသည်။ သူကား Victor Hugo ၏ သား Francois Victor Hugo ဖြစ်ပြီး Shakespeare ပြဇာတ်များကို ပြင်သစ်လို ဘာသာပြန်သူ ဖြစ်ပေသည်။ သူ ဘာသာပြန်ထားသော Shakespeare ပြဇာတ် စာအုပ်တခို့ျကို တစ်ခါတစ်ရံ စာကြည့်တိုက်မှာ၊ တစ်ခါတစ်ရံ စာအုပ်ဆိုင်အခို့ျမှာ ရှားရှားပါးပါး တွေ့ဖူးပါသည်။ Shakespeare ၏ ပြဇာတ်တစ်ပုဒ်ဖြစ်သော King Learကို စာရေးဆရာကြီး မင်းသုဝဏ်က ''လီယာမင်းကြီး'' ဟု မြန်မာလို ပြန်ထားသည် ကို ဖတ်ရစဉ်က မြန်မာအရသာ ခံစားရသလိုမိုျး သူတို့ ဘာသာစကားတွေ မှာလည်း ဒီလို ခံစားမှုတော့ ရှိမှာပဲဟု တွေးမိရပါသည်။
အဲဒီ မဂ္ဂဇင်းထဲမှာ ဘာသာပြန်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Jean-Michael Departs နှင့် အင်တာဗူျးဆောင်းပါးတစ်ခု ပါဝင်ပါသည်။ သူသည် Shakespeare ပြဇာတ်များကို စွဲလန်းနှစ်သက်ခဲ့ပြီး ှ့Shakespeare ဇာတ်ကောင်များသည် သူ့ကို တော်တော်လွှမ်းမိုးခဲ့သည်ဟု ဆိုပါသည်။ တက္ကသိုုလ်မှာ ှ့Shakespeare ပြဇာတ်တွေ ကပြခဲ့စဉ်က Lost Labour Lost(Peines d’amour perdues) ပြဇာတ်တိုက်ဖို့ ကြုံလာပါသည်။ ပြဇာတ်တာဝန်ယူရသော သူ့သူငယ်ချင်း တစ်ယောက်က အခုလို သူ့ကို ပြောပါသည်။ ''ငါတော့ Froncois Victr Hugo ဘာသာ ပြန်ထားတာတွေ နားမလည်ဘူးကွာ၊ ဒီတော့ မင်းပဲ ဒါကို ထပ်ပြီး ဘာသာပြန်ပေးစမ်းပါ''တဲ့။ ဤသည်ကား သူ့ကို ဘာသာပြန်သူ တစ်ယောက် ဖြစ်လာအောင် တွန်းပို့ခဲ့သော အစပိုျးမှုပင် ဖြစ်ပေတော့သည်။ ယခုဆိုလျှင် သူတို့အဖွဲ့သည် ကမ္ဘာကျော်ပြဇာတ်ဆရာကြီး Willam Shakespeare(၁၅၆၄-၁၆၁၆) ၏ ပြဇာတ်များကို ဘာသာထပ်ပြန်သူတွေ ဖြစ်လာခဲ့ကြ ပြီး ခရစ်နှစ် ၂ဝဝ၂ ဧပြီလတွင် Shakespeare ရေးခဲ့သော ပြဇာတ်များအားလုံးကိုပန်လည် ဆန်းသစ်ခြင်း La Pleiadeဟူ၍ စာအုပ်အတွဲများ ထုတ်ဖို့ ပြင်ဆင်နေ ကြပြီ ဖြစ်လေသည်။
''ကျွန်တော်တို့ဟာ ပြဇာတ်သရုပ်ဆောင်တွေရဲ့ ဟန်အမူအရာတွေ၊ နှုတ်က ရေရွှတ်လိုက်သော စကားသံတွေ အားလုံးမှာ အသက်ဝင်သွားအောင် ဘာသာပြန်ကြပါတယ်'' သွားနေတဲ့ ပြဇာတ်ခန်းတွေကို လျစ်လူျရှုလိုက်ရတဲ့ ဘာသာပြန်ဆိုမှုတွေလည်း ရှိနေပါတယ်။ ှ့Shakespeare ပြဇာတ်တွေကို ဘာသာ ပြန်ကြရာမှာ သစ္စာရှိရှိ ပြန်ဆိုမှုတွေရော၊ အဲဒီကနေ သွေဖည်ပြီး ပြန်ဆိုလိုက်ရတာ တွေရော ပါဝင်နေပါတယ်။ ဒါပေမဲ့ အကုန်လုံးဟာ လှပတဲ့ပြန်ဆိုမှုတွေ ဖြစ် ပါတယ်''
ဟု Jean-Michael က သူ့အင်တာဗူျးတွင် ဘာသာပြန်ဆိုမှုနှင့် ပတ်သက် ၍ သူ့ယူဆချက်များကို ပြောပြခဲ့လေသည်။ ပြဇာတ်သရုပ်ဆောင်များအတွက် ဖြစ်၍ မူလ အင်္ဂလိပ်မှ ပြင်သစ်သို့ ပြန်ဆိုခဲ့သူ Froncois Victor Hugo ၏ စကားလုံးများကို အဆင်ပြေအောင် ပြန်လည် ဆန်းစစ်ပြင်ဆင်ကာ ပြန်ဆိုခဲ့ကြရ ခြင်း ဖြစ်ပေသည်။ ဤသို့ ဘာသာပြန်ဆိုခြင်းသည် သူတို့ တိုင်းပြည်များအတွက် အဆန်းတကြယ် မဟုတ်ပါပေ။ အကြောင်းမှာ ဤသို့ဖြစ်၏။
ကျွန်မသည် Victor Hugo ၏ သားဖြစ်သူ Froncois Victor Hugo ၏ အကြောင်းကို သိချင်သောကြောင့် Encyclopedia စာအုပ်တွဲများတွင် ရှာဖွေ ခဲ့ပါသည်။ သို့သော် အံ့သြစရာကောင်းသည်မှာ ှ့Shakespeare ပြဇာတ်များကို ဘာသာပြန်ဆိုခဲ့သူတစ်ယောက် အနေနှင့်ရော၊ စာရေးဆရာကြီး Victor Hugo ၏ သားအနေနှင့်ရော အလွယ်တကူ ရှာတွေ့လိမ့်မည်ဟု ထင်ထားသည်မှာ လုံးဝ လွဲနေခြင်းပင် ဖြစ်လေသည်။ Victor Hugo၏ အောက်တွင် သားတစ် ယောက်အနေဖြင့် Froncois Victor Hugo(၁၈၂၈-၁၈၇၃) ဟူ၍ သာမန်ပုဂ္ဂိုလ် တစ်ယောက်အဖြစ်ဖြင့်သာ တွေ့လိုက်ရပါသည်။ ဒါ အကြောင်းတစ်ခုခုတော့ ရှိရမည်ဟု ကျွန်မ၏ဖခင်နှင့် မေးမြန်းဖြစ်ခဲ့ပါသည်။
''ဖေဖေ ၁၉၆၈ ပြင်သစ်ကို ရောက်ခဲ့စဉ်က အင်္ဂလိပ်literature တွေ၊ Dennis Wheatley တို့၊ Agatha Christie တို့ ရေးတဲ့ ဝတ္ထုတွေအစုံလိုက် ကို ပြင်သစ်လို ဘာသာပြန်ပြီးသားတွေ တွေ့ခဲ့ရတယ်။ ဘာသာပြန်သူတွေဟာ စာရေးဆရာတွေ မဟုတ်ဘူး။ ပြင်သစ် Sholar တွေပဲ။ သူတို့ ဘာသာပြန်ထား တဲ့ စာအုပ်အဖုံးမှာဆိုရင် စာရေးဆရာအမည်ပဲပါတယ်။ ဘယ်တက္ကသိုလ်က ပါမောက္ခ စသည်ဖြင့်ပေါ့။ စာအုပ်တစ်အုပ်ထွက်ပြီဆိုရင် တစ်လအတွင်း ဘာသာ ပြန်ပြီးသား ဖတ်ကြရတယ်။ ဘာသာပြန်သူတွေက တစ်ယောက်တည်း မဟုတ် ဘူး၊ အများကြီး။ ဒီတော့ Victor Hugo ရဲ့ သားကလည်း အဲဒီလို ဘာသာပြန်တဲ့ Scholar တွေထဲက တစ်ယောက်ဖြစ်တဲ့အတွက် Encyclopedia တွေထဲမှာ သူ့ နာမည်ကို အထူးတလည် ဖော်ပြထားမှာ မဟုတ်ဘူး။ သူ့လိုလူတွေက တစ်ပုံကြီး ပဲ။ အကယ်၍ သူက စာအုပ်တစ်အုပ် သူ့ဘာသာရေးပြီး ထုတ်ခဲ့ရင်တော့ တစ်မိုျးဖြစ်ချင်ဖြစ်မှာပေါ့''
ဟု ကျွန်မ၏ဖခင်က ရှင်းပြခဲ့ပါသည်။ ယခု ကျွန်မ လေ့လာမိသလောက် ဆိုလျှင် ှ့Shakespeare ၏ ပြဇာတ်တစ်ခုတည်းကိုပင် ဘာသာပြန်ပုဂ္ဂိုလ် sholar တစ်ယောက်မက ရှိနေသည်ကို တွေ့ရပါသည်။ သူတို့၏ ရည်ရွယ်ချက်အရ ရွတ်ဖတ်လို့ ကောင်းရမည်၊ စကားလုံးများ လှပခံ့ညားရမည်။ Francis Grose ဆိုခဲ့သလို ''ဘာသာပြန်သူ သည် ဖိနပ်ပြင်သူလည်း မကျ၊ ဖိနပ်လုပ်သူလည်း မကျသည့် ဖိနပ်ဟောင်း ပြင်ရောင်းနေသူ'' ဆိုလျှင် ဤပညာကလည်း မလွယ် လှပေ။ ထွက်သမျှ ဝတ္ထုတွေ ကဗျာတွေကို တစ်လလောက်အတွင်း မိမိဘာသာ စကားဖြင့် ပြန်ဆိုပေးသော ပညာရှင်များ ရှိနေသည်မှာ ဂုဏ်ယူစရာပင် ဖြစ်ပါ တော့သည်။ ှ့Shakespeare ၏ sonnet များ၊ Shelly ၏ ကဗျာများကို ပြင်သစ်လို ပြန်ထားသည်မှာ စကားလုံးများက ကာရန်မိမိ၊ အရသာမပျက် အနှစ်သာရ မပျောက်သော ဘာသာပြန်ဆိုထားမှုများ အဖြစ်နှင့် ဖြစ်ပေသည်။ Sir Arthur Connan Doyle (၁၈၅၉-၁၉၃ဝ) ၏ Sherlock Holmes ဇာတ်လမ်းတွဲများကို ပြင်သစ်လို ဖတ်နိုင် ခံစားနိုင်ပါသည်။ ယင်းဇာတ်လမ်းတွဲများကို ဆရာကြီး ရွှေဥဒေါင်းက စုံထောက်ကြီး ဦးစံရှားအဖြစ် မြန်မာမှုပြုထားသည်ကို ကျွန်မတို့ ငယ်ငယ်က နှစ်သက်စွဲလမ်းစွာ ဖတ်ရှုခဲ့ကြရပါသည်။ အင်္ဂလိပ်လို ဖတ်နိုင်လာ သောအခါ မူရင်း Sherlock Holmes များကို ဖတ်ကြည့်ခဲ့ကြပါသည်။ ထိုအခါ ဆရာကြီးရွှေဥဒေါင်း၏ မြန်မာမှုပြုနိုင်သော ပညာကို ဘယ်လိုမှ မလေး စားဘဲ အားမကျဘဲ မနေနိုင်အောင် ဖြစ်ရပါတော့သည်။
No comments:
Post a Comment