နေ့သစ် တစ်နေ့ - ဂျူနီယာဝင်း
(အမှတ် ၁၈၂၊ ၂ဝဝရ၊ မေလ အတွေးအမြင်)
'ယင်းသည် နေ့သစ်တစ်နေ့၏အစ ဖြစ်ပါသည်။ ဘုရားသခင်က ကျွနု်ပ်ကို ကျွနု်ပ်လိုသလို အသုံးပြုဖို့ ဒီနေ့ကိုပေးပါသည်။ ကျွနု်ပ်ဟာ ထို့နေ့ကို ဖြုန်းပစ်နိုင်သည် (သို့မဟုတ်) ကောင်းတာတွေ လုပ်ပြီး အသုံးချနိုင်သည်။ ဒီနေ့ကျွနု်ပ်တို့ ဘာလုပ်တယ်ဆိုတာ အရေး ကြီးလှသည်။ အကြောင်းမှာ နေ့တစ်နေ့ကို ကျွနု်ပ်၏ဘဝနှင့် အလဲအလှယ် ပြုရမှာမို့ဖြစ်ပါသည်။ မနက်ဖြန်ဆိုတာ ရောက်လာရင် ဒီနေ့ဆိုတာ ဘယ်တော့မှ ပြန်မရတော့ပါ။ ဒီနေ့က ပျောက်ဆုံးသွားတော့မှာ၊ ဒီတော့ထားပစ်ခဲ့ရသည့် ထိုနေ့ တစ်နေ့ကို ကျွနု်ပ်က တစ်ခုခုဖြင့် လဲလှယ်ရ မည်။ ဒီတော့ကျွနု်ပ်က အနိုင်ရတာကို လိုချင်သည်။ မရူးချင်ပါ။ ကောင်းတာကိုပဲလုပ်ချင်သည်။ မကောင်းတာကို မလုပ်ချင်ပါ။ အောင်မြင် ချင်ပါသည်။ မဆုံးရှုံးချင်ပါ။ ဒါကြောင့် အဲဒီအတွက် ကျွနု်ပ်ပေးဆပ်ခဲ့ရသောတန်ဖိုးကို ကျွနု်ပ်ဘယ်တော့မှ နောင်တမရစေရ။'
ဤစာတမ်းကို ရေးသူက အမည်မသိ စာရေးဆရာ ဖြစ်ပါသည်။ ၁၈ ရာစုကာလတုန်းက စာတိုစာစဟု ဆိုရမည်။ နေ့တွေ များစွာသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေသည်။ နေ့တစ်နေ့ကို ဘယ်လိုကုန်လွန်ခဲ့ပါသလဲဟု စဉ်းစားကြည့်လျှင် တစ်ခါတစ်ရံ အချိန်ဖြုန်းခဲ့မိသော နေ့တွေကို နှမျောတသဖြစ်ရသည်။ Benjamin Franklin (၁ရဝ၆-၁၇၉ဝ) ကဆိုပါလျှင် ‘Never put off till tomorrow that which you can do today.’ 'ဒီနေ့လုပ်နိုင်တဲ့အရာကို နောက်တစ်နေ့ ဘယ်တော့မှ မရွှေ့လေနဲ့ဟုဆိုသည်။
Aaron Burr ၏ အဆိုကို လေ့လာကြည့်ပါက ‘Never do today what yu can put off till tomorrow, delay may give clear light as to what is best to be done.’ 'မနက်ဖြန်ကို ရွှေ့လို့ရတဲ့အလုပ်ကို ဒီနေ့ဘယ်တော့မှ မလုပ်လေနှင့်။ ဆိုင်းငံ့ခြင်းဟာ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ရှင်းလင်းစွာသိမြင်စေနိုင်တယ်'ဟု ဆိုထားလေသည်။
နေ့သစ်တစ်နေ့ကို ရောက်လာတဲ့အခါ ကိုယ့်မှာလုပ်စရာတွေက ရှိနေသည်။ တာဝန်ဝတ္တရားတွေကတော့ ကြိုဆိုနေမှာ ဖြစ်သည်။ ဘာမှ လုပ်စရာမရှိဘဲ ပြီးချင်ပြီးသွားနိုင်သည်။ ကျောင်းသားသည် ကျောင်းတာဝန်ရှိသည်။ ဆရာသည် ဆရာအလုပ်ရှိသည်။ ဆရာဝန်သည်လည်း သူ့မှာ အလုပ်ရှိသည်။ လူတိုင်းမှာ သူ့အလုပ်နှင့်သူတော့ရှိနေကြသည်။ ထိုအခါ ပျောက်ဆုံးသွားသော နေ့ရက်တွေ၊ ပြန်မရတော့သော နေ့ရက် တွေအတွက် နောင်တတော့ မရချင်ပါ။ ဒီတော့ ကောင်းတာတွေကို လုပ်ပါမည်။ ကိုယ့်ဘဝအတွက် အကိုျးရှိချင်ပါသည်။
William Oslerသည် ကနေဒါလူမိုျးဆရာဝန် ပညာတတ်တစ်ဦးဖြစ်ပါသည်။ သူ၏ သုတေသနလုပ်ငန်း၊ စာရေးသမားများဖြင့် အလေးစားခံရသူဖြစ်ပါသည်။ သူ၏သုတေသနလုပ်ငန်း၊ စာရေးသမားများဖြင့် အလေးစားခံရသူဖြစ်ပါသည်။ Willia Osler (၁၈၄၉-၁၉၁၉) ၏ သူ့တပည့်ဆေးကျောင်းသားများအပေါ် ပညာရပ်နှင့်ပတ်သက်၍ လည်းကောင်း၊ ဆေးကုသမှုနှင့် ပတ်သက်၍လည်းကောင်း၊ သြဇာ သက်ရောက်သူဖြစ်လေသည်။ သူက သူ့တပည့်တွေကို အကြံပေးစကားတွေက ဤသို့ဖြစ်လေသည်။
ရှေ့ကို ရောက်ဖို့ဆိုပါလျှင် အနာဂတ်ကို လုံးဝမစဉ်းစားလေနှင့်။ ယခုလက်ငင်းလုပ်ရမည့် အလုပ်ကို မနေ့က အလုပ်နှင့် မနက်ဖြန် ဘာလုပ်ရမည်ဆိုတာကို စိတ်မပူဘဲနှင့် လုပ်ပါဟုဆိုသည်။ သူ့အကြံညဏ်သည် အလွန်ကောင်းသည်ဟု ဆိုရမည်။ အထူးသဖြင့် ကျွန်မတို့အတွက် ကောင်းသည်။ ကျွန်မတို့ လူတော်တော်များသည် မနက်ဖြန်ဘာလုပ်မလဲဆိုတဲ့ အိပ်မက်ကမ္ဘာထဲမှာ အချိန်ဖြုန်းလျက်ရှိကာ ရရှိခဲ့သော အောင်မြင်မှုရလဒ်တွေကို စေ့စေ့တွေးတောနေသူများဖြစ်သည်ဟု ထောက်ပြထားသည်။
Osler က ‘Banish the future.’ 'အနာဂတ်ကို ထုတ်ပစ်လိုက်'တဲ့။ 'ယနေ့ လက်ထဲမှာရှိနေသော အချိန်များအတွက် အသက်ရှင်ပါ။ သူ့မှာ အလုပ်တွေကို ခွဲဝေ ပေးရဦးမည်။ အလုပ်ဘယ်လောက် ပြီးသွားပြီလဲဆိုတာကို မစဉ်းစားပါနဲ့။ အခက်အခဲတွေက တပုံတပင်နှင့် ဝင် လာတော့မည်။ ဒါမှမဟုတ် လုပ်နေသောအလုပ်က ပြီးချင်ပြီးတော့မည်။ ဒါပေမဲ့ မင်းရဲ့ မျက်ခုံးတွေ တွန့်သွားစေမည့် တာဝန်တွေက စောင့် နေသည်။ ဒီနေ့အဖို့ ဒီလောက်ပဲလို့ ထားချင်ထားလိမ့်မည်... ဒါပေမဲ့ သေချာတာတစ်ခုကတော့ မမြင်ရတဲ့ အကွာအဝေးလောက်မှာ မှုန်ဝါးဝါး ရှိနေတဲ့အရာတွေကို မကြည့်ပါနှင့်။ သို့သော်လက်ထဲမှာ သေချာရှိနေတာကို လုပ်ပါ... လို့မှာချင်ပါသည်' ဟု ဆိုလေသည်။ လူတော်တော် များများက ထိုဥပဒေသကို လက်ကိုင်ပြုရာမှာ ရရှိလာမယ့် ရလဒ်တွေကို ကြိုပြီးတွေးယူထားကြသည်။ ရက်ရွှေ့တာနှင့် အလုပ်ကို နောက်ဆုတ်ခြင်းသည် အကျင့်ဆိုးတစ်ခုဖြစ်နေဆဲ ဖြစ်လေသည်။
နေ့သစ်တစ်နေ့ကို ကုန်လွန်ဖို့ ပြောတာဆိုတာတွေကို မှတ်သားရင်းနှင့် နေ့သစ် တစ်နေ့တာကို အကိုျးရှိရှိကုန်သွားဖို့၊ ကောင်းတာတွေ လုပ်ရင်းကုန်သွားဖို့ တာဝန်ကြီးလှပါလားဟု တွေးမိပါသည်။ ဆုံးမစကားတွေကတော့ တကယ့်လိုက်နာသင့်လှပေမည်။ ထို့ကြောင့် နေ့သစ် တစ်နေ့ကို အခုလိုကြိုမည်။
မနက်ဖြန်သည် ဒီနေ့မဟုတ်တော့သော နေ့သစ်တစ်နေ့ ဖြစ်မည်။ ဒီနေ့လုပ်စရာရှိတာတွေကို ဒီနေ့အပြီးလုပ်ရမည်ဟု ဆုံးမထားသည်။ ဒီဆောင်းပါးကို မနက်ဖြန်မှ ရေးလျှင်လည်းရသည်။ သို့သော် ဒီနေ့အပြီးရေးရမည်။ မပြီးနိုင်သေးလျှင် မနက်ဖြန် ကျရင်ဒီထက်ပိုကောင်းသော အကြံညဏ်တွေ ရနိုင်သေးသည်မဟုတ်လော။ ဒီတော့ပိုကောင်းသော အကြံညဏ်တွေရလာဖို့ မနက်ဖြန်အထိ ရွှေ့ထားမည်။ ယင်းသည် နေ့သစ်တစ်နေ့ကို ကြိုဆိုလိုက်မည့် အလုပ်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မည်။ ရောက်ရှိလာတော့မည့် နေ့သစ်တစ်နေ့ကို စိတ်ကူးဖြင့် မှန်းကြည့် မည်။ အဲဒီအတွက် ကောင်းကောင်းအိပ်စက်ဖို့လိုသည်။
ကျွန်မကျောင်းသားဘဝမှာ အိမ်စာတွေ၊ စာဖတ်စရာတွေနှင့်သာ နေ့စဉ်အချိန်တွေကုန်ခဲ့ရသည်။ စာမေးပွဲကို အလွန်ကြောက်ရွံ့စွာဖြင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရသည်။ နေ့တစ်နေ့ပြီးတစ်နေ့ ဘယ်လိုကုန်သွားမှန်းပင်မသိပါ။ အကိုျးရှိရှိ အချိန်တွေကုန်ခဲ့သလား၊ ဖြုန်းပစ်ခဲ့ သလားဆိုတာ မမှတ်မိလောက်အောင် ဖြစ်ရသည်။ ဒါပေမဲ့ ကျွန်မတို့ အဘိုးအဘွားတွေရှိစဉ်က သင်ကြားခဲ့ရသော စာအုပ်များ၊ ရှိတ်စပီးယား ပြဇာတ်များ၊ ကဗျာများ၊ များစွာအတွက်သင်ခဲ့ရသော အချိန်သည် တစ်နေ့ကို တစ်နာရီပင် မရှိခဲ့ပါ။ သို့သော် ယခုတိုင် ထိုတန်ဖိုးကို နားလည်နေရသည်။ အဘိုးအဘွားမိဘတွေကို ကြောက်လို့ပဲ ဒီလိုစာကြီးပေကြီးတွေ သင်ကြားဖတ်ရှုခဲ့ရသည်ဟုပဲ ဆိုဆို၊ လွန်ခဲ့ပြီးသော အချိန်ကာလများကို ပြန်ပြောင်းစဉ်းစားပြီး ချင့်ချိန်ကြည့်လျှင် ထိုအချိန်များကား တစ်နေ့ကို တစ်နာရီပင် မပြည့်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်စာ ပဲရှိရှိ ကျေနပ်စရာကောင်းခဲ့ကြောင်းကို ဝန်ခံရပေမည်။
တစ်နေ့ကို ၂၄ နာရီတော့ စာမဖတ်နိုင်ပါ။ ၁ဝ နာရီကလည်းများနေသေးသည်။ တစ်နာရီဆိုရင်တော့စဉ်းစားရမည်။ ကိုယ်ဖတ်နေသည့် စာတွေက နောင်တစ်ချိန် ပြန်စဉ်းစားကြည့်လျှင် အကိုျးပြုသည်၊ မပြုသည်ဆိုတာထက် စိတ်ကျေနပ်စရာကောင်းလှပါသည်။ စာအုပ်စာပေတွေ ထဲမှာ ပညာဆိုတဲ့အလင်းရောင်ရှိတယ်။ အဲဒီအလင်းရောင်ကလေးက ကိုယ့်ဘဝကိုလင်းလက်စေပါတယ်။ ဂရိဒဏ္ဍာရီထဲမှာ ပရိုမီးသီးရက်စ်က လူတွေကို မီးဆိုတဲ့ အလင်းရောင်ကိုပေးခဲ့လို့ ဇီးယုဇ်နတ်မင်းကြီးက ပြစ်ဒဏ်ခတ်ခဲ့တဲ့အကြောင်းကို ဖတ်ဖူးတယ်။ ကောင်းကင်ဘုံက သိကြား မင်းကဲ့သို့ တန်ဆိုးရှိတဲ့ ဇီးယုဇ်နတ်မင်းကြီးက လူတွေပညာတတ်မှာ အလွန်ကြောက်တယ်လို့ဆိုတယ်။ ဒီတော့နေ့သစ်တွေတိုင်းမှာ စာတွေ ဖတ်ရင်း ပညာတတ်တွေဖြစ်အောင်ကြိုးစားကြရင်းနှင့် အချိန်တွေကို ကုန်လွန်သွားကြရင်ကောင်းမှာပဲ... ဟု တွေးလိုက်မိပါသည်။
No comments:
Post a Comment