Friday, February 7, 2014

ရိုးရိုး လွယ်လွယ်နှင့် အဓိပ္ပာယ် လေးနက်ခြင်း - ဂျူနီယာဝင်း

ရိုးရိုး လွယ်လွယ်နှင့် အဓိပ္ပာယ် လေးနက်ခြင်း - ဂျူနီယာဝင်း

(အမှတ် ၁ရဝ၊ ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာ အတွေးအမြင်)
          ရိုးသည်၊ လွယ်သည်။ သို့သော် အဓိပ္ပာယ်က လေးနက်ပါသည်။ ရိုးရိုးလေး လွယ်လွယ်လေး ရေးဖို့မှာ အပြောလွယ်သလောက် လိုက် နာဖို့ ခက်ပါသည်။ စကားလုံးကို ခပ်ရိုးရိုးလွယ်လွယ်ပဲ စဉ်းစားရေးဖို့ ကျွန်မ ဘိုးဘွားတွေက ဆုံးမပါသည်။ ဆင်လောက်ကြီးသော စကား လုံးတွေ ရွေးချယ်မည့်အစား စာကြောင်းကို ရိုးရိုးရှင်းရှင်း တည်ဆောက်ပါဟု ဆိုသည်။ ကမ္ဘာကျော်စာကြောင်းတွေကြည့်လိုက်လျှင် သိသာလှ ပါသည်။ ထို့ကြောင့် ထိုအချက်ကို ထောက်ခံမိပါသည်။
          Alexandre Pope (၁၆၈၈-၁၇၄၄) က ‘To err is human, to forgive is Divine.’ ဟု ဆိုပါသည်။ To err သည် error အမှား ၏ verb ဖြစ်ပါသည်။ 'အမှားလုပ်တယ်ဆိုတာ လူပဲ။ လူဆိုတာ မှားမှာပဲ'ဟု အဓိပ္ပာယ်ဖြစ်သည်။ ဆက်၍ ဆိုထားသည်က 'ခွင့်လွှတ်တယ် ဆိုတာ ဘုရားသခင်ဖြစ်တယ်။ ဘုရားသခင်ကတော့ ခွင့်လွှတ်မှာပဲ' ဖြစ်ပါသည်။ ယင်းတွင် အမှားနှင့် မကင်းနိုင်သော လူ့စရိုက်နှင့် အရာရာ သည်းခံခွင့်လွှတ်တတ်သော ဘုရားသခင်၏ ကရုဏာတွေ စီးဝင်နေပါသည်။
          ကဗျာဆရာကြီး Omar Khayyam (၁ဝ၄၄-၁၁၂၃) က သူ့ကဗျာရှည် တစ်ခုတွင် အောက်ပါစာကြောင်းကို ရေးစပ်ထားပါသည်။
          Fill the cup up to the brim
          Goodness out an devil in!
          အရက်သေစာ သောက်စားခြင်းဟာ မကောင်းပါဟု ဆိုချင်ပါသည်။ 'အရက်ခွက်ကို နှုတ်ခမ်းအပြည့် ရောက်အောင် ဖြည့်လိုက်ပါ။ ကောင်းမှုတွေ ထွက်၍ မကောင်းမှုတွေ ဝင်လာသည်'ဟု ဆိုပါသည်။
          ကျွန်မအဘိုး အင်္ဂလိပ်စာ သင်စဉ်အခါက ‘An Idle brain is the devil’s worksop.’ ဟူသော စာကြောင်းကို ရေးပြဖူးပါသည်။ 'ကိုယ့်ဦးနှောက်ကို အလကားမထားနဲ့။ တစ်ခုခု အမြဲစဉ်းစားနေ၊ မဟုတ်ရင် မဟုတ်တာတွေ ခေါင်းထဲ ဝင်လာမယ်။ မဟုတ်တာတွေ မကောင်းတာတွေကြီးပဲ လုပ်တဲ့မကောင်းဆိုးရွား (devil) ရဲ့ လက်ထဲရောက်သွားမယ်'ဟု ရှင်းပြပါသည်။
          William Shakespeare (၁၅၆၄-၁၆၁၆) ရေးသော ‘As you like it’ ပြဇာတ်ထဲက မြို့စားကြီး ပြောသောစကားမှာ စိတ်ဝင်စားစရာ ဖြစ်ပါသည်။ သူသည် သူ့အပေါ် သစ္စာရှိသော နောက်လိုက်အေြွခအရံ အနည်းငယ်မျှနှင့် တောနယ်ထဲမှာ သူဆင်းရဲလို နေခဲ့ရ၏။ မြို့စားကြီး သည် ရှေးက သူရရှိခဲ့ဖူးသည့် စည်းစိမ် အေြွခအရံတွေကို ပြန်ပြီး တ,သမနေဘဲ ယခုလို စိတ်အေးချမ်းစွာ တောအရိပ်မှာ ခိုလှုံနေရသည့် ဘဝကို မြတ်နိုးစွာဖြင့် ဥဒါန်း ကူျးရင့်လိုက်သံ ဖြစ်ပါသည်။
          ‘Sweet are the uses of adversity.’
          ထိုစာကြောင်းတွင် (adversity) ဟူသော စကားလုံးခက်ခက် တစ်လုံးပါသည်။ သူ့ကို အဘိဓာန်တွင် ကြည့်လျှင် (misfortune) ကံဆိုးခြင်း၊ (trouble) ဒုက္ခစသည်ဖြင့် အဓိပ္ပာယ် သတ်မှတ်ထားသည်။ ထိုစာကြောင်းကို အခုလို ပြင်ရေးပါမည်။
          ‘The uses of adversity are sweet.’
           (use) ကို လူတိုင်းသိပါသည်။ အသုံးပြုခြင်း၊ သုံးပုံသုံးနည်း စသည်ဖြင့် ဖြစ်ပါသည်။ (sweet) မှာ ခိုျမြိန်သည်။ မြို့စားကြီး နယ်နှင်ခံရ၍ တောထဲရောက်ရသည့် အဖြစ်သည် သူ့ဘဝ၏ ကံဆိုးမှုဖြစ်ပါသည်။ သို့သော် သူက အဲဒီလို မမြင်ပါ။ 'ဒုက္ခလောကဓံဆိုတာ ကောင်းကိုျးပေးစေပါသည်။ ဒုက္ခတွေ့တော့ အသိညဏ်ရသည်၊ ခံနိုင်ရည် သတ္တိလည်းပေါ်လာပါသည်။ ဒါကြောင့် ဒုက္ခလောကဓံ၏ တန်ဖိုး (ယင်းနေရာတွင် use ကို တန်ဖိုးဟု အစားထိုး ဘာသာပြန်သော်) သည် ကောင်းကိုျးပေးပါသည်'ဟု သူက ယုံကြည်ပါသည်။
          (Tempest) ဟူသော ပြဇာတ် ဇာတ်လမ်းအဆုံးတွင် ရေးသော စာကြောင်းတစ်ခုရှိပါသည်။ ဇာတ်လမ်းအရ မတရာမှု၊ မဖွယ်မရာမှု တွေ အမိုျးမိုျးဖြစ်ခဲ့ကာ ဇာတ်သိမ်းခန်းမှာ တရားနတ်စောင့်ဆိုသည့် စကားအတိုင်း တရားမျှတမှုက မတရားမှုတွေကို ချေမှုန်းနိုင်ခဲ့လေသည်။ လူတွေဟာ တရားစောင့်ကြ၏။ ရန်သူကို သော်မှ မေတ္တာရှေ့ထား၍ ခွင့်လွှတ်ကြ၏။ သာယာငြိမ့်ချမ်းသော လောကကြီး (beauteous mankind) ဟု ဆိုသောအခါ (beauteous) ဟူသော စကားလုံးသည် သာမန်လှပခြင်းသာ မဟုတ်ဘဲ အဓိပ္ပာယ် ပို၍နက်ရှိုင်းသွားရလေ သည်။ ကိုယ်ကျင့်တရားရှိမှု၊ မြင့်မြတ်သော စိတ်သဘော ထားကြီးသည့် စိတ်များအားလုံးကို အကုံျးဝင်သွားသည့် brave new world ဟု ဆိုလိုက်သောအခါ (brave) သည် သာမန်ရဲရင့်ခြင်းသာမကဘဲ လူ့၏ သီလ သမာဓိ ဂုဏ်သိက္ခာ အပြည့်အဝရှိမှု အနက်ကို ဆောင်သွားလေ တော့သည်။
          ‘How beauteous mankind is?
O brave new world.’
(Walt Disney) မှ ရိုက်ကူးတင်ဆက်သော ‘The emperor’s New Groove’ ကာတွန်းကား တစ်ခုကို ကြည့်ခဲ့ဖူးပါသည်။ (Kuzco) အမည်တွင်သော ဘုရင်ဧကရာဇ်၏ အင်ပါယာ အရှင်သခင်အကြောင်းဖြစ်သည်။ အသက်ငယ်ငယ်နှင့် သူ့စိတ်တိုင်းကျ အင်ပါယာ တည်ထောင်သူဖြစ်သည်။ သူက တောင်ထိပ် တစ်ခုပေါ်တွင် သူ့အတွက် ရေကူးကန် ဆောက်လိုသဖြင့် ထိုတောင်ထိပ်ပေါ်တွင် နေထိုင်သော တောသားကြီး မိသားစုကို နေရာဖယ်ခိုင်းပါသည်။ ကံကြမ္မာ အလှည့်အပြောင်းဖြင့် (Kuzco) ကို မကျေနပ်သော စုန်းမကြီးက သူ့ကို မြည်း အဖြစ်ပြောင်းပစ်လိုက်ရာ မြည်းဘဝဖြင့် တောသားကြီးနှင့် ပြန်လည် တွေ့ဆုံကြကာ မိတ်ဆွေဖြစ်သွားကြပါသည်။
          ဤတွင် စိတ်ထားမပြင်သော (Kuzco) နှင့် စိတ်ထားကောင်းသော တောသားကြီးတို့ တစ်ယောက်နှင့် တစ်ယောက် စကားနိုင်လုကြ၊ မကျေမနပ် ဖြစ်လိုက်ကြနှင့် တော်တော်ကြည့်လို့ ကောင်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ (Kuzco) သည် လူ့ဘဝတွင် သာမက မြည်းဘဝတွင်ပါ တော်တော်အမြင်ကတ်စရာကောင်းသော စရိုက်ပုံဖော်ထားပါသည်။ အစကတည်းက စိတ်ကောင်းမရှိသူ၊ ကိုယ်ချင်းစာတရား မရှိသူဖြစ်၍ စိတ်ထားကောင်းသူတို့၏ အပြုအမူ စရိုက်တို့ကို သူဘယ်လိုမှ နားမလည်သူ ဖြစ်ပါသည်။ သူတို့နှစ်ဦးသား တောထဲတွင် သွားလာရင်း တောင်အောက်သို့ ကျလုကျခင် အန္တရာယ်နှင့် ကြုံရာ တစ်ဦးကိုတစ်ဦး အားကိုး၍ အသက်လုကာ ပြန်တက်ကြရသည့် အခန်း တွင် တောသားကြီး ရုတ်တရက် ပြန်အပြုတ်ကျမှာ (Kuzco) က လက်မတင်လေး ကယ်တင်လိုက်ပါသည်။ တောသားကြီးမှာ ဒီလိုစိတ် ယုတ်မာရှိသူက သူ့အသက်ကို ကယ်တင်လိုက်သည့်အဖြစ်ကို အထူးအဆန်းသဖွယ် ခံစားမိလေသည်။
          'မင်းငါ့အသက်ကို ကယ်လိုက်တယ်။ အခု မင်းလူ့အသက်တစ်ချောင်းကို ကယ်လိုက်တယ်။ ဒါကို မင်းသိရဲ့လား။ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိလိုက်ရဲ့လား'
          ဟု တောသားကြီးက အံ့သြတကြီး ပြောပါသည်။ (Kuzco) က ထိုအဖြစ်ကို ဝန်မခံချင်ပါ။ စိတ်ထဲမှာတော့ အသက် ကယ်လိုက်ရသည့် အလုပ်ကို အလွန်ဂုဏ်ယူပြီး ကျေနပ်နေပါသည်။ သူများက ကိုယ့်ကိုဒီလို ထောက်ပြောတာကိုလည်း သိပ်မကြိုက်ပါ။ သူက ဒါဘာဆန်းသလဲဟူသော ပုံစံဖြင့် အခုလို ပြောလိုက်ပါသည်။
          ‘Nothing’s that heartness.’
          အသည်းနှလုံး မရှိတဲ့သူဆိုတာ မရှိပါဘူးတဲ့။ မည်သူမှာမဆို ကြင်နာတတ်ကြပါသည်တဲ့။  အကြင်နာ ကင်းမဲ့သော (Kuzco) သည် ရုတ်တရက် လူ့အသက်တစ်ချောင်းကယ်တင်ရမည့် အရေးတွင် လုံးဝ လက်မနှေးပါ။ (Kuzco) သည် တောသားကြီးနှင့်အတူ လက်တွဲရင်း လူ့လောကကြီး အကြောင်းကို နားလည်လာပါသည်။ တောသားကြီး၏ မိသားစုနှင့် ခင်မင်သွားပြီး သနားကြင်နာ တတ်ခြင်း၏ အရသာကို သူကောင်းကောင်း သဘောပေါက်သွားခဲ့ပါသည်။
          စာကြီးပေကြီးထဲတွင်လည်း ရိုးရိုးရှင်းရှင်း စကားလုံးတွေကို လှပစွာ တွေ့မြင်ရပါသည်။ ကလေးကြိုက် ကာတွန်းဇာတ်လမ်းလေးတွေ ထဲမှာလည်း ထိုအတွေးအခေါ် လေးလေးနက်နက်တွေ ပေးသည့် စကားလုံးတွေကို တွေ့မြင်ရသည်မှာ ကျေနပ်စရာကောင်းလှပါသည်။
        

No comments: