Friday, February 7, 2014

အသက်ဝင်နေသောရုပ်တုများ၏ဖန်တီးရှင် မိုက်ကယ်အိန်ဂျယ်လို - ဂျူနီယာဝင်း

အသက်ဝင်နေသောရုပ်တုများ၏ဖန်တီးရှင်  မိုက်ကယ်အိန်ဂျယ်လို - ဂျူနီယာဝင်း
  (အမှတ် ၁၆၄ အတွေးအမြင်)
          ''ကျွနု်ပ် ထုထွင်းသော ရုပ်တုတွေဟာ ကျောက်တုံးထဲမှာ အစောကတည်းက ရှိနှင့်နေပြီး၊ ကျွနု်ပ်ရဲ့ အလုပ်က အဲဒီရုပ်တုတွေကို အဲဒီ ကျောက်တုံးထဲကနေ လွတ်မြောက်အောင် ဆွဲထုတ်လိုက်တာပဲ ဖြစ်ပါတယ်''
          ဤစကားလုံးများကို ပြောခဲ့သူကား မိုက်ကယ်အိန်ဂျယ်လို သို့မဟုတ်Michael Di Lodovico Buonarroti Sinoni (၁၄၇၅-၁၅၆၄)  ဖြစ်လေသည်။ မိုက်ကယ်အိန်ဂျယ်လိုသည် ပန်းပုပညာရှင်၊ နံရံဆေးရေး ပန်းချီပညာရှင်တစ်ဦးဖြစ်၏။ သူ့ခေတ်သူ့အခါက သူ့ကို The Divine  မြင့်မြတ်သူဟု ခေါ်ကြသည်။
          မိုက်ကယ်အိန်ဂျယ်လို ထုထွင်းသော ရုပ်တုများကား များပြားလှ၏။ မရေတွက်နိုင်အောင်ရှိ၏။ ထင်ရှားသော ရုပ်တုများမှာ David, Virgin Mary Moses ရုပ်တုများနှင့် အပြီးမသပ်ခဲ့သော The Prisoners အမည်ရှိ ရုပ်တုများဖြစ်သည်။ ထင်ရှားသော နံရံဆေးရေး ပန်းချီကားမှာ Vartican  ရှိSisten Chapel ခေါင်မိုးနံရံပြည့်ရှိသော The Last Judgement 'နောက် ဆုံးစီရင်ချက်'ဖြစ်သည်။
          မိုက်ကယ်သည် ရုပ်တုများကို ထုလုပ်ရာတွင် ပီပီပြင်ပြင် ထုလုပ်တတ်၏။ သူ့အရည်အသွေးကို သူသည် ပို၍အသက်ဝင်လာအောင် ဖန်တီးတတ်၏။ သူ၏ ကြိုးစားမှု၊ အားသွန်ခွန်စိုက် အလုပ်လုပ်တတ်မှုတို့သည် သူ့ရုပ်တုများကို ကြည့်ရုံနှင့် ပေါ်လွင်သိသာလှ၏။
          ထိုရုပ်တုများကို လေ့လာရင်း မိုက်ကယ် ဆိုလိုချင်သော အဓိပ္ပာယ်တို့ကို ခံစားနားလည်ဖို့ ကြိုးစားကြည့်မိ၏။ သူထုမလုပ်မီ သူ့ရင်ထဲက ခံစားချက်များ၊ သူထုလိုသော ရုပ်တု၏ အသက်ဝင်မှုကို သူမည်ကဲ့သို့ ဖန်တီးခဲ့သည်။ သူ မည်သို့ စဉ်းစားတွေးခေါ်ခဲ့သည်။ သူ၏ ပေးဆပ်ခဲ့ရမှုများကို ရှာဖွေလေ့လာရင်းနှင့် သူ့ကို လေးစားချစ်ခင်လာ၏။ မိတ်ဆွေဟောင်းတစ်ဦးလို ရင်းနှီးကျွမ်းဝင်လာ၏။ သူ၏ အသိပညာအတွေးများ စီးဝင်လာသလို ခံစားလိုက်ရ၏။ သူ ထုလုပ်သော ရုပ်တုများသည် အသက်ဝင်လာသကဲ့သို့ ဖြစ်လာရ၏။
          သူ၏ ပန်းချီကားများ၊ ပန်းပုရုပ်တုများမှာ လူပုံသဏ္ဌာန်များဖြစ်ပြီး စိတ်ပျက်ခြင်း၊ မျှော်လင့်ခြင်းဟူသော လူ့သဘောသဘာဝများကို ဖော်ပြထားသည်။ သူထုထွင်းသော ရုပ်တုများသည် စိတ်ကူးစိတ်သန်းရှိသော ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော အမိုျးအစားများဖြစ်ကြသည်။ သူထုလုပ်ဖို့ ရွေးချယ်ခဲ့သော သူ့စိတ်ကြိုက် လူပုဂ္ဂိုလ်တို့သည် ခွန်အားရှိ၏။ အင်အားနှင့် ပြည့်စုံ၏။ လူသတ္တဝါတို့ထက် ပိုသာသော အရည် အချင်းတို့ရှိ၏။
          မိုက်ကယ် အိန်ဂျယ်လိုကို အသက်ဝင်နေသော ရုပ်တုများ၏ ဖန်တီးရှင်ဟု တင်စားမိ၏။ ထိုထက်မကသော အဓိပ္ပာယ်များစွာရှိနေပါ သေးသည်ဟု ဆိုရပေမည်။ သူ ဖန်တီးခဲ့သော အနုပညာ များစွာထဲက အစိတ်အပိုင်း အနည်းငယ်ကို ခံစားမိရင်း ရုပ်တုများ မထုလုပ်မီ သူ့ ရင်ထဲက ခံစားချက်များကို အဓိကထား၍ ရေးဖွဲ့လိုက်ရပါသည်။
          ရှေးဟောင်းဂရိဒဏ္ဍာရီထဲက ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူ သူရဲကောင်း Herclesကို ရုပ်တု ထုလုပ်ဖို့ မိုက်ကယ်ရွေးချယ်ခဲ့သည်။ Hercules သည် Zeus နတ်မင်းကြီးနှင့် Hera တို့၏ သားဖြစ်သည်။ ပုံပြင်အရ Hercules သည် မဖြစ်နိုင်သော လုပ်ငန်း ၁၂ ခုကို ဆောင်ရွက်ခဲ့သည်။ ထိုအလုပ်ထဲက အလုပ်နှစ်ခုမှာ Erythea ကျွန်းက ဦးခေါင်းသုံးခုရှိသော Geyon  ကျွဲရိုင်းကြီးကို ဖမ်းဆီးရသောအလုပ်၊ ဘုရင် ဗကါနေျ ၏ မြင်းစောင်းမှ မြင်းချေးများကို တစ်ရက်တည်းနှင့် Alpheus နှင့် Peneus မြစ်နှစ်သွယ်ဆီသို့ စီးဆင်းအောင် ရှင်းလင်း ပေးရသော အလုပ်စသဖြင့် ပါဝင်ပါသည်။ သူ့မိခင် Heraသည် သူ့အပေါ် မနာလိုဝန်တိုဖြစ်ကာ သူကလေးဘဝကတည်းက ပုခက်ထဲ ရှိနေစဉ် အဆိပ်ပြင်းသော မြွေနှစ်ကောင်လွှတ်ပြီး ပေါက်စေခဲ့၏။ ဟာကူျလီက သူ့လက်နှစ်ဖက်ဖြင့် ေြွမတစ်ကောင်စီကို ကိုင်ကာ သတ်ပစ်ခဲ့ ၏။ သူအရွယ်ရောက်လာပြီးနောက် Hera ၏ သူ့ကို မကြာခဏ လုပ်ကြံနေမှုကြောင့် အမေ Hera ကို သတ်ပစ်ခဲ့ရလေသည်။ ထိုအပြစ်ကို ဆေးကြောဖို့ရန် ရှေးဖြစ်ဟောဆရာ Delphic ၏ ဟောကြားချက်အရ Tirusသို့သွား၍ Eurystheus ဘုရင်ထံတွင် ၁၂ နှစ် အမှုထမ်းခဲ့ ရ၏။ ဤကား မဖြစ်နိုင်သော အလုပ် ၁၂ ခုကို Eurystheus ဘုရင်က Hercules ကို ခိုင်းစေခဲ့ခြင်းအကြောင်းဖြစ်၏။ ထိုအလုပ်များအပြင် အခြားခက်ခဲသော အလုပ်ပေါင်းများစွာကိုလည်း လုပ်ခဲ့ရ၏။
          မိုက်ကယ်သည် ခွန်အားနှင့် ပြည့်စုံသော ဟာကူျလီရုပ်တုကို ထုလုပ်ရန် အခက်ကြုံခဲ့ရ၏။ မိုက်ကယ် လိုချင်သည်မှာ ဟာကူျလီ၏ အပေါ်ယံပုံသဏ္ဌာန်မဟုတ်၊ လူ၏အတွင်းက ကြွက်သားတွေ၊ အကြောအရွတ်တွေ ဘယ်လိုတည်ဆောက်ထားသည်ကို လေ့လာရန် ဖြစ်သည်။ ထိုအခါ မိုက်ကယ်သည် Florence မြို့က ခရစ်ယာန် ဘုန်းတော်ကြီး Nicholasထံ အကူအညီတောင်းခဲ့၏။ စွန့်ပစ်ထားသော လူသေ ကောင်များကို ခွဲစိတ် ခွင့်ရခဲ့ပြီး လူ့အတွင်းသားများကို အသေးစိတ်လေ့လာ၍ ဟာကူျလီရုပ်တုကို ထုလုပ်ခဲ့လေသည်။
          ထို့ကြောင့် မိုက်ကယ် ထုလုပ်ခဲ့သော ရုပ်တုများကို လေ့လာကြည့်လျှင် ကိုယ်န္ဓာ တည်ဆောက်ပုံ ဖွဲ့စည်းပုံများမှာ တကယ့် သက်ရှိလူတစ်ယောက်ကဲ့သို့ပီပြင်လှကြောင်း တွေ့ရပေမည်။
          မိုက်ကယ် ထုလုပ်ခဲ့သော ရုပ်တုထဲတွင်David ရုပ်တုသည်လည်း နာမည်ကျော် ရုပ်တုဖြစ်၏။ David သည် ရှေးဟောင်း Israel၏ Hebrew ဘုရင် ဖြစ်သည်။ သူ့ဘဝသည် လွမ်းစရာ ဆွေးစရာဖြစ်၏။
          David သည် BC ၁ဝဝဝ ခန့်က Palestine တွင် နေထိုင်သော သိုးကျောင်းသားတစ်ယောက်ဖြစ်၏။ သိုးကျောင်းနေသော ပျင်းရိ ဖွယ်ကောင်းသော အချိန်များကို စောင်းတီးရင်း ကုန်လွန်ခဲ့၏။
          Israelဘုရင် Saul က သဘောကျ၍ သူ့နားတွင်ထားစေပြီး ဖျော်ဖြေစေခဲ့လေသည်။ တစ်နေ့ Hebrewတပ်များက Palestine ကို ဝင်တိုက်လေသည်။ Hebrew က စစ်ဘီလူးကြီး Goliahကို တစ်ယောက်ချင်းချဖို့ Palestine  ကို စိန်ခေါ်လေသည်။ David သည် လောက်လေး လက်နက်တစ်ခုသာ ယူဆောင်၍ ဘီလူးကြီးကို ရင်ဆိုင်ခဲ့သည်။ သူ ပစ်လွှတ်လိုက်သော ကျောက်ခဲသည် Goliah ၏ နဖူးကို မှန်၍ သေဆုံးလေသည်ဟု ဒဏ္ဍာရီက ဆိုလေသည်။
          နောက်ပိုင်း ဇာတ်လမ်းမှာ David နာမည်ကြီးလာမှုကို မနာလိုဖြစ်သော Salဘုရင်က Davidကို သတ်ရန် ကြိုးပမ်း၍ Davidက Hebrewသို့ ပူးပေါင်းကာ ဘုရင်ဖြစ်လာသည် စသည်ဖြင့် ဖြစ်ပါသည်။
          မိုက်ကယ်သည် David ပုံကို ပုံဖော်ဖို့ စဉ်းစားရာတွင် David ၏ ဘဝတစ်လျှောက်လုံးထဲက အစိတ်အပိုင်းတစ်ခုကို ရွေးချယ်ခဲ့လေ သည်။ ''စစ်ဘီလူးကြီးကိုတော့ဖြင့် သတ်မှ ဖြစ်တော့မည်။ ငါပင် သတ်ဖို့ကြိုးစားရမည်ဟု စိတ်ဆုံးဖြတ်သည့်အချိန် တိုင်းပြည်ရန်သူ ဘီလူး ကြီးကို နိုင်အောင်သတ်မှ ဖြစ်တော့မည်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည့်အချိန်တွင် တွေ့မြင်ရသည့် David ၏ ပုံပန်းကို ဖမ်းယူထုဆစ်ရမည်''ဟူသည်ကား မိုက်ကယ် ရွေးချယ်ခဲ့သော အစိတ်အပိုင်းဖြစ်လေသည်။
          ၁၇ ပေ မြင့်သော မြင့်မားသည့် ကျောက်တုံးကြီးကို ထုထွင်းထားသော မိုက်ကယ်၏ လက်ရာ David ပုံတူကိုကြည့်ရင်း မိုက်ကယ် ဆိုလိုချင်သော အဓိပ္ပာယ်ကို သိရှိထား၍ ပို၍ပင် အသက်ဝင်လာသလို ခံစားရပေသည်။
          ထိုရုပ်ထုသည် ယနေ့တိုင် တစ်ကမ္ဘာလုံးရှိ အနုပညာကျောင်းသားများအတွက် စံပြအဖြစ် အသုံးပြုနေကြလေသည်။
          မိုက်ကယ် ထုလုပ်ခဲ့သော ရုပ်တုများထဲတွင် ထင်ရှားသော ရုပ်တုတစ်ခုမှာ Piete ဖြစ်၏။ ထိုစကားလုံးသည် အီတလီစကားလုံးဖြစ်၍ 'ဘုရားတရား ကြည်ညိုခြင်း' ဟု အဓိပ္ပာယ်သက်ရောက်သည်။ Jesus က လက်ဝါးကပ်တိုင်တွင် အသတ်ခံရပြီးနောက် သေဆုံးသွားသော သူ့ကိုယ်ခန္ဓာကို မိခင်ဖြစ်သူ မာရီက ထွေးပွေ့ထားသော ပုံသဏ္ဌာန်ကို မိုက်ကယ်က ထုလုပ်ခဲ့၏။
          မိုက်ကယ်က ''မာရီ၏ ပုံနှင့် ယေရှုပုံကို ပူးပေါင်းကြည့်၏။ မယ်တော်မာရီ၏ ပုံမှာ ငယ်ရွယ်ရမည်၊ နုနယ်ရမည်။ သို့သော် ယေရှုကို သူ့ပေါင်ပေါ်မှာ တင်ထားနိုင်လောက်အောင် အင်အားရှိရဦးမည်။ ယေရှုသည် အသက်မဲ့ကင်းသည့် အခါပင်ခွန်အားမဆုတ်ယုတ်ဘဲ သန်မာသော အသွင်ကို ဆောင်ရမည်''ဟု စဉ်းစားခဲ့ပြီး မယ်တော်မာရီ၏ မျက်နှာပေါ်တွင် ''ဝမ်းနည်းကြေကွဲခြင်း၊ သနားခြင်း အရိပ် အရောင်များ'ကို ထင်ဟပ်စေအောင် ကြိုးစား ထုလုပ်ထားပေသည်။
          မိုက်ကယ်သည် St.Peterဘုရားရှိခိုးကျောင်းတွင် ထားရှိသော မယ်တော်မာရီနှင့် ယေရှုရုပ်တုကို နေ့စဉ်လိုလို သွားကြည့်၏။ လာရောက်ဖူးကြသော ဘုရားဖူးများက ထိုရုပ်တုကို ကျကျနန ဖယောင်းတိုင်များဖြင့် ထွန်းညှိပူဇော်ကြ၏။ သို့သော် ဒီအရုပ် ဘယ်သူထုတာလဲဟူသော မေးခွန်း၏ အဖြေ ထင်မြင်ချင်များထဲတွင် မိုက်ကယ့်အမည် အပါချေ။
          ''ထိုညတွင် မိုက်ကယ်သည် St.Peter ဘုရား ရှိခိုးကျောင်းတွင် သူ့စက္ကူ ဦးထုပ်ပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး မယ်တော်မာရီ၏ ရင်ဘတ်အဝတ်နားတွင် ဤသို့ စာတမ်းထိုးလိုက်သည်။
          ''ဤအရုပ်ကို Florence မြို့တော်မှ မိုက်ကယ်အိန်ဂျယ်လိုဗြူနာရိုတီထုလုပ်သည်''
          ထိုနေ့တွင်ပင် Florence မြို့သို့ ပြန်လာလေသည်။ ထိုလက်ရေးသည် မိုက်ကယ်၏ ရုပ်တုပေါ်တွင် ထင်ကျန်ရစ်ခဲ့သော တစ်ခုတည်း သော လက်မှတ် ဖြစ်လေသည်။
          ပြင်သစ်ရဟန်းမင်း၏ အတိုင်ပင် ခံပုဂ္ဂိုလ် Jean de Villiens dela Grosylye က မိုက်ကယ့်ကို Piete ထုလုပ်ဖို့ တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ ၁၉၄၈ သြဂုတ်လ ၂၇ ရက်နေ့တွင် ထုလုပ်ဖို့ သဘောတူခဲ့ပြီး ''ရောမမြို့တွင် အကောင်းဆုံး ကျောက်သားရုပ်တုဖြစ်၍ ဘယ်လို သက်ရှိပညာရှင်သည်ပင် ထိုထက်သာလွန်အောင် ထုလုပ်နိုင်မည် မဟုတ်'' ဟူသော အာမခံချက်ကို မိုက်ကယ်က ဖြည့်ဆည်းပေးခဲ့သည်။ ၁၄၉၉ ခုနှစ် နွေရာသီကာလတွင် ထုလုပ်ပြီးခဲ့လေသည်။
          ၁၅ဝ၆ ခုနှစ်တွင် ပုပ်ဂူျးလီယက မိုက်ကယ့်ကို ရောမမြို့က Vertican ရှိ Sistine ဘုရားရှိခိုးကျောင်း မျက်နှာကြက်ပေါ်တွင် ပန်းချီ ဆွဲခိုင်းခဲ့၏။ မိုက်ကယ်က သူဟာ ပန်းပုသမားသာ ဖြစ်ပြီး ပန်းချီဆရာ မဟုတ်ကြောင်း ပြောဆိုငြင်းပယ်ခဲ့သည်။ နောက်ဆုံးတွင် မတတ်သာ ၍ ထိုပန်းချီဆွဲအလုပ်ကို လက်ခံခဲ့ရ၏။ ပေ ၆ဝ အမြင့်ရှိ မျက်နှာကြက်ကို ပန်းချီဆွဲအလုပ်ကို စတင်ခဲ့ရာ လေးနှစ်ကြာခဲ့၏။ ထို ပေ ၆ဝ အမြင့်က မျက်နှာကြက်ကို ပန်းချီဆွဲရာ၌ နံဘေးက အကာများ မထိခိုက်ရန် ငြမ်းဆင်ပြီး ထိုငြမ်းပေါ်တက်ကာ ပက်လက်လှန်၍ ရေးဆွဲခဲ့ရ လေသည်။ သူ့လည်ပင်းကို လှန်ထားရ၍ အဆမတန်နာကျင်လေသည်။ ၁၅၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် သူ့တာဝန် ပြီးဆုံးခဲ့လေ သည်။ ရုပ်ပုံပေါင်း ၃၄၃ ခုက ဘုရားသခင်လောကကြီးကို ဖန်ဆင်းခဲ့ပုံကို ပြောပြနေကြလေသည်။
          ထိုပန်းချီများကို Fresco ခေါ် မအိပ်သေးသည့် အင်္ဂတေပေါ်တွင် ဆေးချယ်နည်းဖြင့် ရေးချယ်ဖြင်း ဖြစ်သည်။ ပလာစတာ အစိုများဖြင့် ရေးဆွဲခြင်းဖြစ်ရာ သူ့မျက်လုံးထဲ အရည်များ စီးကျခြင်း၊ ဦးခေါင်းညောင်းငြာခြင်း စသည့် ဒုက္ခမျာစွာနှင့် ခက်ခက်ခဲခဲ ရေးဆွဲခဲ့ရလေသည်။ ထိုပန်းချီများကို ညဘက်တွင် ငြမ်းပေါ်တက်ကာ ဖယောင်းတိုင်ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။
          ''ဘုရားသခင်က နေ, လ, နက္ခတာရာများ ဖန်ဆင်းပုံ၊ လူယောကျာ်း၊ လူမိန်းမကို ဖန်ဆင်းပုံ'' စသည်ဖြင့် မိုက်ကယ် အစီအစဉ် အတိုင်း ရေးဆွဲဖို့ စိတ်ကူးခဲ့လေသည်။
          ''လူ့လောကတွင် ရှေးဦးစွာဖြစ်သော လူယောကျာ်းနှင့် မိန်းမတို့၏ ပုံကို ဆွဲရာတွင် မိုက်ကယ်သည် နုနယ်ပျော့ပျောင်းသည့် လူမိုျးအဖြစ် သရုပ်မဖော်ထားချေ။ သူဆွဲသော အာဒမ်နှင့် ဧဝတို့သည် အင်အားနှင့် ပြည့်စုံ၏။ ရှုချင်စဖွယ်တင့်တယ်သော အသွင်ရှိ၏။ မြင့်မြတ်သော စိတ်သဘော အသိညဏ်ရှိ၏''
          အလယ်ဗဟိုတွင် ထာဝရဘုရားသခင်က ကမ္ဘာကြီးကို စီရင်နေပုံကို တွေ့ရပေမည်။ ဘုရားသခင်၏ ဘေးပတ်ပတ်လည်တွင် အာဒမ် နှင့် ဧဝတို့ အသက်ဝင်လာပုံများ၊ ရှေ့ဖြစ်ဟောကြသူတို့က အနာဂတ်ကို ဟောကြားနေပုံ၊ အချင်းချင်း စကားစစ်ထိုးနေကြပုံ၊ စဉ်းစားနေကြပုံ စသည်ဖြင့် သရုပ်ဖော်ထားလေသည်။ ထိုပန်းချီကားကြီး၏ အမည်ကို The Last Judgement  'နောက်ဆုံးစီရင်ချက်'ဟု အမည်ပေးထားလေ သည်။
          ဘုရားသခင်နှင့် မယ်တော်မာရီပုံ၏ လက်ယာအောက်ဘက်နားတွင် ရေးဆွဲထားသော ပုံများမှာ သူတော်စင် အာဇာနည်တို့၏ ပုံများ ဖြစ်ကြသည်။ သူတို့၏ ခရစ်ယာန် ဘာသာကို ယုံကြည်မှုကြောင့် အသတ်ခံခဲ့ရသော လက်နက်တို့ကို ကိုင်ဆောင်ထားကြသည်။ ဥပမာ သူတော်စင်Simon ၏ လက်ထဲတွင် လွှကို ကိုင်ထား၏။ သူတော်စင် Catherineသည် ဓားသွားလို ချွန်ထက်သော ဆူးချွန်များပါသည့် ဘီးအစိတ်အပိုင်း တစ်ခုကို ကိုင်ထား၏။ သူမသည် Alexandria အင်ပါယာ၏ အရှင်သခင် Maxentius ၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရ သူ ဖြစ်၏။ သူမ၏ ဘုန်းတန်ခိုးကြောင့် ထိုအသွားချွန်ထက်သည့် ထိုဘီးသည် အစိတ်စိတ် အမြွှာမြွှာ ပျက်စီးခဲ့ရပြီး နောက်ဆုံးအင်ပါယာက သူမကို ခေါင်းဖြတ်သတ်ခဲ့သည်ဟု ဒဏ္ဍာရီက ဆိုလေသည်။ ငယ်ရွယ်သူ သူတော်စင် Sabastian သည် လက်ထဲတွင် မြားအစုအဝေးကို ကိုင်ထားဟန် မိုက်ကယ်က သရုပ်ဖော်ထားသည်။ ယင်းမှာလည်း Heathen ၏ မြားလက်ချက်ဖြင့် သူအသက်ဆုံးခဲ့ရခြင်းကို သတိရစေလေ သည်။ မိုက်ကယ်သည် ရှေးပုံပြင်များ၊ ဒဏ္ဍာရီများ၊ အမှတ်တရများစွာကို သူ၏ 'နောက်ဆုံးစီရင်ချက်' ပန်းချီကားကြီးတွင် အစွမ်းကုန် ဖော် ထုတ်တင်ပြထားပေတော့သည်။
          မိုက်ကယ်သည် ပန်းပုပညာရှင် ဖြစ်ရုံမက ပန်းချီပညာရှင်၊ လက်မှုပညာရှင်၊ ဆောက်လုပ်ရေး ဗိသုကာ၊ ကဗျာဆရာတစ်ဦးလည်း ဖြစ် လေသည်။ သို့သော် မိုက်ကယ်သည် သူ့ကိုယ်သူ ပန်းပုထုသူ အဖြစ်သာ သတ်မှတ်ထားသည်။ သူရေးသော စာများကို လက်မှတ်ထိုးရာတွင် 'မိုက်ကယ်အိန်ဂျယ်လို ပန်းပုထုသူ'ဟု ထိုးလေ့ရှိသည်။
          မိုက်ကယ်၏ ကိုယ်ရေးရာဇဝင်ကို ပြန်ကောက်ရလျှင် မိုက်ကယ်သည် အီတလီလူမိုျးပန်းချီ၊ ပန်းပု ပညာရှင်ဖြစ်၏။ ၁၄၇၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် Carpresse မြို့တွင် မွေးဖွားခဲ့၏။ ၁၄၈၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပန်းချီဆရာ Ghirlandaioထံတွင် ပန်းချီသင်ဖို့ ရောက်ခဲ့စဉ်က မိုက်ကယ့်ကို 'ဒီကောင်လေးက ကျွနု်ပ်ထက်တောင် ပိုသိနေတယ်'ဟု ပြောဆို ချီးကူျးခဲ့လေသည်။
          သူ့မှာ ပိုက်ဆံရှိသော အချိန်များတွင်တောင် အိမ်ငယ်စုတ်ကလေးနှင့်သာ နေ၏။ သူ့အတွက် ချမ်းသာြွကယ်ဝသူတို့ တန်ဖိုးထားကြ သော စည်းစိမ်ဥစ္စာတို့သည် မလိုအပ်ပေ။ သူ့အလုပ်သည် သူ့ဘဝဖြစ်တော့သည်။ သူသည် ပန်းချီကားများ၊ ရုပ်တုများသာ ဖန်တီးသူ ဖြစ် သည်မဟုတ်၊ ကမ္ဘာ့စာကြီးပေကြီးများတွင် ပြဋ္ဌာန်းထားသော သူရေးသည့် ၁၄ ကြောင်း လင်္ကာများလည်း ရှိသေးသည်။
          ၁၅၄၅ ခုနှစ်၊ သူ အသက် ရဝ တွင် ရောမမြို့ရှိ St.Peter ဘုရားရှိခိုးကျောင်းအတွက် ဗိသုကာ ခေါင်းဆောင်အဖြစ် လုပ်ဆောင်ခဲ့ သည်။ ကက်သလစ်ဘာသာဝင်တို့အတွက် သူ့ကိုယ်ပိုင် ဒီဇိုင်းဖြင့် တီထွင် ဆောက်လုပ်ထားသော မြင့်မားသည့် အမိုးခုံးကြီး ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ရောမမြို့က အဆောက်အဦများကိုလည်း တည်ဆောက်ခဲ့လေသည်။ သို့သော် ထိုအချိန်တုန်းကတော့ ထိုအမိုးခုံးသည်သာ သူ့အတွက် အဓိကဘဝ၊ သူ တန်ဖိုးထားရာဖြစ်လေသည်။
          The Last Jugement  ရေးဆွဲစဉ်ကလည်း လေးနှစ်တိုင်တိုင် ညမအိပ်ဘဲ ဖယောင်းတိုင်ရယ်၊ သူ့ဆေးပန်းချီခွက်တွေရယ်၊ သူ့ရုပ်ပုံတွေ ရယ် အဖော်ဆို၍ သူ့ဝိညာဉ်သာ ရှိတော့သည်။ သူလုပ်ပြီးဟေ့ဆိုလျှင် စူးစိုက်လုပ်တတ်သော သူ့ဝသီပင် ဖြစ်ပေသည်။
          အီတလီပန်းချီဆရာ၊ ဆောက်လုပ်ရေး ဗိသုကာ၊ စာရေးဆရာတစ်ဦးဖြစ်သူ Giorgo Vasari (၁၅၁၁-၁၅၇၄)  က မိုက်ကယ်၏ ပုံပန်း သဏ္ဌာန်ကို ထိုကဲ့သို့ အကြမ်းဖျင်း ဆိုထားပါသည်။
          ''မိုက်ကယ်က ကျန်းမာရေး သိပ်ကောင်းတဲ့ လူတစ်ယောက်ပါပဲ။ သူငယ်ငယ်က ခူျချာပေမယ့် ကြီးလာစဉ်မှာတော့ အမောပန်း ခံနိုင်သူ ဖြစ်ပါတယ်။ ပိန်ပိန်ပါးပါးနဲ့ သူ့အရိုးတွေက သန်မာပါတယ်။ သူ့အရပ်က အလတ်စားလောက်ပါပဲ။ သူ့ပခုံးက ကျယ်ပြန့်တယ်။ ဒါပေမဲ့ သူ့ကိုယ်ခန္ဓာ တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် အခိုျးစားကျပါတယ်''
          မိုက်ကယ်သည် သူ့အသက် ၉ဝ ပြည့် မွေးနေ့ မရောက်မီမှာ ကွယ်လွန်ခဲ့လေသည်။
          ''ကျွနု်ပ် အသက်ကြီးပါပြီ။ သေခြင်းတရားက ကျွနု်ပ်ရဲ့ လက်ကို ဆွဲနေကြလေပြီ''
          ဟု မိုက်ကယ်က ဆိုခဲ့လေသည်။
          ''သူ့အသက် ၉ဝ ပြည့်တော့မည်။ သူ ထွန်းညှိခဲ့သော အနုပညာ အလင်းရောင်ကား အလွန်တောက်ပပေစွ။ တစ်ကမ္ဘာလုံးကိုပင် လွှမ်းခြုံစွာ ထွန်းလင်းစေ၏။ ယခုမူ မှိတ်တုတ်မှိတ်တုတ်နှင့် ငြိမ်းစေတော့မည်။ ၁၅၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ငါးနာရီ မထိုးမီတွင် အလင်းရောင်လေးလည်း လုံးဝ ဥဿုံပိတ်မှောင်သွားလေပြီ''
          ဟု မိုက်ကယ် သေဆုံးသွားခြင်းကို ၁၉၆ဝ ပြည့်နှစ်က ထုတ်ဝေသော Look and Learnစာစောင်အခို့ျတွင် ရေးဖွဲ့ထားလေသည်။
          မိုက်ကယ် ကွယ်လွန်ပြီးနောက် မိုက်ကယ်နှင့် ပတ်သက်သော လွမ်းဆွေးဖွယ် ကဗျာရှည်ကြီးကို Longfellow (၁၈၈၃) က ရေးဖွဲ့ခဲ့ပြီး ထိုထဲက ကဗျာပိုဒ် ခုနစ်ပိုဒ်ကို Beniamin Britten (၁၉၄ဝ) က တေးသီချင်းအဖြစ် ဖန်တီးခဲ့သည်။ မိုက်ကယ်၏ အကြောင်း များကို J.S Harford(၁၈၅၇), I.C Heath Wilson (၁၈၇၆)  တို့ကလည်း ရေးသားခဲ့ကြသည်။
          Irving Stone ရေးသားသော The Agony and the Ecstacyဆိုလျှင် Reader’s Digest တွင် အကျဉ်းခုျပ် ဖော်ပြခဲ့ပြီး ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့ကြသည်။ ထိုကားတွင် မိုက်ကယ်၏ နေရာတွင် Chrlton Hudson က ပါဝင်သရုပ်ဆောင် ထားလေသည်။ ထိုအကျဉ်းခုျပ် ထားသော မိုက်ကယ့်အကြောင်းကို ကျွန်မအဘွားဖြစ်သူ ဒေါ်ခင်မျိူးချစ်က ၁၉၇၄ ခုနှစ်တွင် 'မိုက်ကယ်အိန်ဂျယ်လို' အမည်ဖြင့် ဘာသာပြန် ဆိုခဲ့ပါသည်။
          မိုက်ကယ် တည်ဆောက်ခဲ့သော အနုပညာကား ကျယ်ပြန့်လှ၏။ ထိုများစွာသော မှတ်တိုင်တွေထဲက ကျွန်မ စိတ်ဝင်စားဖွယ်အခို့ျကို ရွေးချယ်တင်ပြလိုက်ပါ၏။ မိုက်ကယ်၏ ရည်မှန်းချက် ကြီးမားသော၊ သူစိတ်ဝင်စားသော အလုပ်တစ်ခုဆိုလျှင် အောင်မြင်သည်အထိ မဆုတ် မနှစ်လုပ်တတ်သော၊ သူစိတ်တိုင်း မကျမချင်း လက်မလွတ်တတ်သော၊ သူ၏ ဝိညာဉ်၊ သူ၏ ထူးခြားသော စိတ်ကူးစိတ်သန်းများသည် ယနေ့ လူငယ်များကို လွှမ်းခြုံနိုင်ကြပါစေဟု ရည်ရွယ်ရေးဖွဲ့လိုက်ရပါသည်။
       

No comments: