Friday, February 7, 2014

ဘဝစာမျက်နှာ - ဂျူနီယာဝင်း

ဘဝစာမျက်နှာ - ဂျူနီယာဝင်း

(အမှတ် ၁၈၃၊ ၂ဝဝရ၊ ဇွန် အတွေးအမြင်)
          ကျွန်မ၏ အတွေးအမြင် ဆောင်းပါး ၂၉ ပုဒ်ခန့်ကို စုစည်းပြီး ယူနတီစာအုပ်တိုက်မှ 'တွေးမိသော အတွေးများနှင့် အတွေးအမြင် ဆောင်းပါးများ'ဟူ၍ စာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါသည်။ ထို စာအုပ်ထွက်ပြီးနောက်ဝယ် ထိုစာအုပ်ကို စာဖတ်သူတခို့ျနှင့် သွားရင်းလာရင်း၊ သူများက မိတ်ဆက်ပေးရင်း မတော်တဆ အကြောင်းဆုံမိရင်းနှင့် တွေ့ဆုံခဲ့ရပါသည်။ ထိုအခါ ကျွန်မလုံးဝ မထင်မှတ်ထားသော စကား တခို့ျကို စာဖတ်သူများထံမှ ကြားသိခဲ့ရသည်။
          ထိုစာဖတ်သူတွေအားလုံး၏ တညီတညွတ်တည်း နှစ်သက်ပါသည်ဟူသော ဆောင်းပါးများမှာ ကျွန်မ ဆောင်းပါးတွေ စရေးစတုန်းက ဆောင်းပါးတွေသာ ဖြစ်နေခြင်းဖြစ်သည်။ 'နောက်ပိုင်းက ဘာတွေမှန်းမသိ'ဟု မပြောရုံတမယ်သာ ကျန်တော့သည်။ တခို့ျများ ရှေ့ပိုင်းက ဆောင်းပါးတေအကြောင်း အားရပါးရချီးကူျးကြပြီး နောက်ပိုင်းက ဆောင်းပါးတွေ ဖတ်ရောဖတ်ပါလေစဟု တွေးမိရပါသည်။ ဒီတော့ ထိုရှေ့ပိုင်းက ဆောင်းပါးတွေက ဘာတွေမို့လို့လဲဟု ကြည့်မိလိုက်တော့ ကျွန်မ၏ တက္ကသိုလ်ဘဝ၊ စာသင်သားဘဝ၊ ကျွန်မ၏ ဘဝအတွေ့ အကြုံတွေ ပြီးတော့ ကျွန်မ၏ ဘဝစာမျက်နှာ။
          ထိုအကြောင်းတွေ များများရေးစမ်းပါဟု တိုက်တွန်းသွားကြသည်။ ကျောင်းသားဘဝ၊ တက္ကသိုလ်ဘဝဆိုတာကလည်း ကိုယ်တက်ချင် တိုင်း ဆက်တက်လို့ရတာမှ မဟုတ်တာ။ သင်္ချာမဟာသိပ္ပံဘွဲဆိုတာကို ရဖို့ ၁၉၈၆ ခုနှစ် ပထမနှစ်ကနေ ၁၉၉၇ ခုနှစ် မဟာသိပ္ပံနောက်ဆုံး နှစ်တိုင် နှစ်တွေများစွာ စတေးပြီး သင်ယူခဲ့၊ လေ့လာခဲ့ရသော ဘဝမဟုတ်လား။ အဘိုးဖြစ်သူက အင်္ဂလိပ်စာဆရာကြီး၊ ဖခင်ဖြစ်သူက သင်္ချာဆရာကြီးတစ်ဦးမို့ သူတို့လျှောက်ခဲ့သောလမ်းကို ခပ်ရိုးရိုးပဲ ဆက်လျှောက်ဖို့ စဉ်းစားခဲ့မိသော ကျွန်မ၏ ဘဝကောက်ကြောင်းတွေ ဖြစ်၏။
          တက္ကသိုလ်ဆရာဘဝကို ရည်မှန်းချက်ကြီးခဲ့ကြောင်းကို တက္ကသိုလ်တက်ခဲ့စဉ် ကာလတစ်လျှောက်လုံးမှာ တွက်ချက်လေ့လာခဲ့သော ကျွန်မ၏ မှတ်စုစာအုပ်တွေကို ကြည့်ပြီး ကျွန်မ အံ့သြခဲ့ရသည်။ အသုံးမဝင်တော့သော ထိုစာအုပ်တွေကို စုစည်းထုပ်ပိုးပြီး စတိုခန်းထဲကို ပို့ခဲ့တုန်းက ဘဝကံဇာတ်ဆရာ၏ ကံကြမ္မာအလှည့်အပြောင်းကို တွေးကြည့်ခဲ့ဖူး၏။ မမြင်ရသော ကံတရားကြောင့် ရုတ်တရက်ကြီး လက်တွဲဖြုတ်ခဲ့သော ကျွန်မကို ကျွန်မ၏ သူငယ်ချင်းတွေက ဘာမှမဖြစ်သလို နေသွားခဲ့ကြသည်ကို ကျွန်မ အလွန်ခါးသီး စက်ဆုပ်မိပါ သည်။ ယခုလို ၁ဝနှစ်လောက် ကြာခဲ့ပြီးမှ အဲဒီတုန်းက ဘာရောဂါနှင့် သေသွားတာလဲလို့ အခုမှ လာပြီး မေးမနေပါနှင့်တော့ဟုသာ ရင်နာ နာနှင့် ပြောရပေတော့မည်။ မေးရမှာအားနာလို့ပါဟူသော အကြောင်းပြချက်သည်ပင် ကျွန်မကို အထင်သေးရာ ရောက်နေပေတော့သည်။ ယခုတော့ စတိုခန်းထဲက ထိုထိုသော မှတ်စုစာအုပ်တွေ တစ်အုပ်မှ မကျန်တော့ပါ။ ကျွန်မစိတ်မထိန်းတာနှင့်ပင် ယူယူပြီး မီးရှို့လိုက်တာနှင့် ကုန်လေပြီဖြစ်ပါသည်။ ကျွန်မ မိခင်ကတော့ နှာမျောရှာပါသည်။ သို့သော်လည်း ကျွန်မ၏ ကိုယ်ပိုင်ပစ္စည်းတွေမို့ မတားသာပါ။ ကျွန်မဖခင် သင်္ချာဆရာကြီးကတော့ သူလိုချင်သော စာအုပ်စာရင်းကိုပြပြီး ဒါတွေပါတဲ့ စာအုပ်တွေတော့ ချန်ထားပေးပါ။ ကျွန်မ မမြင်ရတဲ့နေရာမှာ ထားပါ့မယ်ဟု ပြောပြီး တောင်းထားတာ တစ်အုပ်နှစ်အုပ်တော့ ကျန်နေလိမ့်ဦးမည်။
          ကျွန်မသည် အလုပ်မရှိအကိုင်မရှိဖြင့် ကျွန်မအဘွားဖြစ်သူ စာရေးဆရာမကြီးဒေါ်ခင်မိုျးချစ်၏ စာပေအမွေကို မယူချင့်ယူချင်ဖြင့် စာတွေ မတောက်တခေါက်ရေးစပြုနေသော အချိန်ကာလဖြစ်ပါသည်။ ထိုကာလသည် တစ်ဖက်ကလည်း နာကျင်စရာကောင်းသလောက် အခြားတစ်ဖက်ကကြည့်လျှင်လည်း အဘွားနှင့် အချိန်ပြည့်ပေးပြီး အတူတကွ နေထိုင်ရသောကြောင့် ကြည်နူးစရာလည်းကောင်းလှ၏။ ကျွန်မ အလုပ်တစ်ဖက်နှင့်ဆိုလျှင် ဒီလောက်တောင် မေမေကြီးနှင့် အတူ နေရပါ့မလားဟု တွေးကြည့်လိုက်ပါ။ ဒါဘဘကြီး ဦးခင်မောင်လတ်ပြော နေကြ Blessing in disguise. (အဆိုးထဲက အကောင်း)ပါပဲ။ ဒီအဖြစ်တွေက ကံဇာတ်ဆရာ၏ စေခိုင်းရာ။ ဒါ ကျွန်မ၏ ကံကြမ္မာ။ တချိန်ချိန်ကျရင် ကျွန်မ၏ ဘဝကို ပျော်ရွှင်မှုကို ပေးစွမ်းလာစေမည့် စာရေးသူဘဝကို ခင်းပေးလာမည့်လမ်း။
          ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ မေမေကြီးကွယ်လွန်ခဲ့ပါသည်။ စာရေးသားခြင်းကို ကျွန်မသည် မေမေကြီးနှင့် ပြောရင်း၊ ဆိုရင်း၊ တိုင်ပင်နှီးနှောရင်းနှင့် စိတ်ပါလာခဲ့သော ကာလများဖြစ်ခဲ့သည့် အချိန်တွေကို တွေးကြည့်မိသည်။ စာရေးတဲ့အလုပ်လေးသာ မရှိခဲ့ရင် ကျွန်မ ဘားဖြစ်သွားမည်လဲဟု မတွေးရဲပါဘူး။ ထိုထိုသော အချိန်ကာလတွေမှာ သိပ္ပံနှင့် နည်းပညာဌာနမှ သင်္ချာ၊ ရူပ စသည်ဖြင့် ဘာသာ ရပ်ဆိုင်ရာ Ph.D တက်ဖို့ ပြင်ပကျောင်းသားတွေ ခေါ်ယူသည့်သတင်းကို ဖတ်လိုက်ရပါသည်။ ဝင်ခွင့်အနေဖြင့် အင်္ဂလိပ်စာ ဖြေကြရမည်။
          ကျွန်မသည် သင်္ချာကို သံယောဇဉ်မပြတ်ခဲ့သေးပါလားဟု ဆိုရမည် ထင်ပါသည်။ ကျွန်မ ဝင်ဖြေခဲ့သည်။ ဝင်ခွင့်အောင်ပြီး အင်တာ ဗျူး ဖြေရသည်။ အင်တာဗျူးအောင်တော့ ကျောင်းလခသွင်းရမည့်ရက်တွေ၊ ကျောင်းတက်ရမည့်ရက်တွေ ကြေညာပါသည်။ အဲဒီနေ့က ကျွန်မ သည် ကျွန်မအစ်ကိုနှင့်အတူ ကျောင်းလခ သွင်းခဲ့ကြတာ မှတ်မိနေပါသည်။ ကျောင်းသားရေးရာက ကျွန်မ၏ ကျောင်းလခကို လက်မခံဘဲ သင်္ချာပါမောက္ခနှင့် သွားတွေ့ရမည်ဟု ဆိုပါသည်။ သင်္ချာတစ်ခုလည်း မဟုတ်ပါ။ တခြားဘာသာရပ်ဆိုင်ရာတွေလည်း အလားတူဖြစ်နေကြ တာ တွေ့ရသည်။ သို့သော သင်္ချာဘာသာရပ်အနေနှင့် ကျွန်မတစ်ဦးတည်း ပြင်ပကျောင်းသားရှိသည်။ ကျန်တဲ့ အောင်မြင်သူ ၂ဝ ကျော်က ဌာနမှ ဝန်ထမ်းများဖြစ်သည်။ ဒီတော့ ကျွန်မလည်း သင်္ချာပါမောက္ခနှင့် သွားတွေ့ခဲ့ရပါသည်။
          ပါမောက္ခကတော့ ပြင်ပကျောင်းသားတွေ လက်မခံတော့ကြောင်း ရှင်းပြပါသည်။ ဒီတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မ၏ နောက်ဆုံး အကြိမ် သင်္ချာနှင့် ပတ်သက်ဖို့ ကြိုးစားခဲ့မှုသည် အချည်းနှီးဖြစ်ခဲ့ရသည်။
          ထိုကဲ့သို့ စိတ်တွေ ထွေပြားနေချိန်မှာ ကျွန်မသည် ထွက်ပေါက်တစ်ခုကို ရှာတွေ့ခဲ့သည်။ ယင်းကတော့ ကျွန်မတို့အိမ်နှင့် ကားမှတ် တိုင် နှစ်မှတ်တိုင်မျှသာ ဝေးသော Alliance Francais  ပြင်သစ်စာသင်ကျောင်းမှာ ပြင်သစ်စာ သွားသင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါသည်။ သင်္ချာနှင့်တော့ ရေစက်ကုန်ပါပြီ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျွန်မစိတ်ဓာတ်တွေ ပြန်လည်ရှင်သန်လာစေဖို့ စိတ်အပြောင်းအလဲဖြစ်ဖို့ ထူးထူးခြားခြား လည်း လုပ်ဖို့ အဖြစ်ကလည်း မရှိတော့ အေးအေးလူလူ ဘာသာရပ်တစ်ခုကို လေ့လာလိုက်စားနေခြင်းသည် ကောင်းပေစွဟု ကျွန်မ၏ အတွေးတွေနှင့် ဖြစ်ပါသည်။
          ကျွန်မဖခင် ပြင်သစ်မှာ ပညာတော်သင်ကြားခဲ့စဉ်တုန်းက ယူလာသော ပြင်သစ်ကာတွန်းစာအုပ်တွေကို ဖတ်တတ်ချင်လို့ပါ။ ပြင်သစ်ရုပ်ရှင်ကားတွေကို နားလည်ချင်လို့ပါဟူသော အကြောင်းပြချက်များသည် ပြင်သစ်စာသင်ဆရာ ဆရာမများ၏ အမေးကို ကြည့် ကောင်းအောင် ဖြေခဲ့ရသော ကျွန်မ၏ မုသားများသာ ဖြစ်ကြောင်း ကျွန်မသာလျှင် သိနေတော့သည်။ ထို့ပြင် ကားမှတ်တိုင် နှစ်ခုမျှသာ ဝေးကွာသော ထိုပြင်သစ်စာသင်ဖို့ ရွေးချယ်လိုက်ခြင်းသည်ပင် အိမ်ချင်းနီးသောကြောင့်သာ ဖြစ်ကြောင်း၊ အိမ်နှင့် ပိုနီးသော တခြားဘာသာ ရပ် သင်ကျောင်းများ ရှိနေရင် ထိုဘာသာရပ်ကို ဦးစားပေးမိမှာ ဖြစ်ကြောင်းကိုလည်း ကျွန်မ တစ်ဦးတည်း ယခုတိုင် သိနေသော လှို့ျဝှက် ချက် ဖြစ်လေသည်။
          ထိုထိုကဲ့သို့သော ကျွန်မ၏ မရိုးသားမှုတွေကြောင့် ကျွန်မသည် ရိုးသားမှု လုံးဝမရှိလေသောကြောင့်ပင် ပြင်သစ်ဒီပလိုမာကို သူများက ၃ နှစ်နှင့် ရနေချိန်မှာ ကျွန်မ ၆ နှစ်နေမှ ရခဲ့ခြင်း၊ ထိုဒီပလိုမာတန်းကို ၄ ကြိမ် ဖြေခဲ့ရခြင်းကို တွေးမိလိုက်တိုင်း ကျွန်မသည် လွန်စွာမှ တုန်လှုပ်ချောက်ချားမိပါသည်။ သို့ပါသော်လည်း တက္ကသိုလ် ကျောင်းသားဘဝမှာ စာမှစာ၊ သင်္ချာသာလျှင် ဘဝတစ်ခုသဖွယ် အပတ်တကုတ် ကြိုးစားလေ့လာခဲ့ရ၍ ပျော်စရာဘဝ တက္တသိုလ်ဆိုတာကို လုံးဝဥဿုံ မခံစားလိုက်ရသော ကျွန်မသည် ဤပြင်သစ်စာသင်ယူရင်းနှင့် ပေါင်း သင်း ဆက်ဆံလာခဲ့ရသော ပတ်ဝန်းကျင်အသစ် ထိတွေ့ခွင့်ရလိုက်ခြင်းကို တော်တော်ကြီး ယစ်မူးသာယာခဲ့ပါသည်။ ကျွန်မသည် ဤပတ်ဝန်း ကျင် အသစ်မှာ မွေ့လျော်နေမိရင်း ကျွန်မ၏ သူငယ်ချင်းအသစ်တွေအပေါ် အစစ အရာရာ အလျှော့ပေး ဆက်ဆံခဲ့သည်ကိုလည်း ကျွန်မ ဘာသာ ကျွန်မပင် သတိမထားမိလိုက်တော့ပါ။
          ကျွန်မ ပြင်သစ်စာသင်ကျောင်းကို စတင်ခြေချခဲ့သည့် (၁၉၉၉- ၂ဝဝဝ) ပညာသင်နှစ်မှာ ဆရာမ ဒေါ်ခင်ဆွေဦးနှင့် ဆုံဆည်းခဲ့ရပါ သည်။ ကျွန်မ ထိုနှစ်စတက်ချိန်မှာ ကျွန်မဖခင်က နည်းနည်းပါးပါး သင်ပေးဖူးသော ပြင်သစ်သဒ္ဒါ အနည်းငယ်မျှနှင့် စာစီစာကုံး နည်းနည်း ပါးပါးလောက်သာ ရေးဖူးသော အဆင့်လောက်သာ ရှိပါသည်။ ဆရာမသည် စာသင်အလွန်တော်ပါသည်။ သူ့တပည့်များကို စာသင်ချိန် ၂ နာရီမှာ စက္ကန့်ပိုင်းမျှပင် အနားမပေးဘဲ တရစပ်သင်သူ ဖြစ်ပါသည်။ Homework  တွေကို ကျွန်မတို့တင်သောအခါတွင်လည်း အတန်းထဲမှာ ပင် ကျွန်မတို့ကို တခြားလေ့ကျင့်ခန်းတွေ လုပ်ခိုင်း၊ ဖတ်ခိုင်းနေရင်းနှင့် စစ်ပေးသွားသူဖြစ်ပါသည်။ ဆရာမနှင့် စာသင်ရသော အချိန် ၂ နာရီမှာ ကျောင်းသားတွေ အသက်ရှူပေါက်ပင် မရှိပါ။ ဆရာမသင်ပေးခဲ့သော ထိုပထမနှစ်တုန်းက ပြင်သစ်သဒ္ဒါ ပြည့်စုံလိုက်ပုံမှာ ယနေ့တိုင် အမှတ်တရရှိနေ၊ မှတ်မိနေပြီး လွန်စွာအကိုျးရှိခဲ့သည်ကို သတိရမိတိုင်း ဆရာမကို အောက်မေ့ ကန်တော့မိပါသည်။ ဆရာမ၏ ကျေးဇူးတရား၊ ဆရာမ၏ စေတနာတို့ကို ခံစားခဲ့ရခြင်းအတွက် ပြင်သစ်စာသင်ဖို့ ဒီနေရာကို ရွေးချယ်လိုက်မိသည်ကို ကျေနပ်ခဲ့မိပါသည်။ ထိုပထမနှစ် အောင်ပြီးသည့် နောက်မှာ ဆရာမနှင့် ဆက်လည်း မသင်ရတော့ဘဲ ဆရာမနှင့် ဝေးခဲ့ရပါသည်။ ဆရာမနှင့် စတင် မိတ်ဆက်ဆုံဆည်းခဲ့ရ သော ထိုToulouseဟူသော အခန်းကျဉ်းကလေးကို မြင်တွေ့ရတိုင်း ဆရာမကို သတိရပါသည်။ ၁၉၉၉-၂ဝဝဝ ခုနှစ် ပညာသင်နှစ် Toulouse ဟူသော အခန်းကလေးမှာ တစ်ရက်မှ ကျောင်းမပျက်ခဲ့ဘဲ ၁ဝဝ ရာခိုင်နှုန်းအပြည့် တက်ခဲ့သော ကျောင်းသူတစ်ဦး ရှိခဲ့တာကို ဆရာမ အမှတ်ရမည်ဆိုပါလျှင် ထိုကျောင်းသူဟာ ကျွန်မပဲ ဖြစ်ပါသည်။
          ၂ဝဝ၄ ခုနှစ်တိုင်အောင် ဒီပလိုမာ သင်တန်းကို ၃ ကြိမ်ဆက်တိုက် ကျနေသောအခါ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့် ခဲ့ပါသည်။ အကြောင်းရင်းသည် ကျွန်မကိုယ်တိုင် ဒီစာသင်ကျောင်း ပရိဝုဏ်လေးမှာ အပျော်လွန်နေလို့ ဖြစ်နိုင်ပါသည်။ မရရှိခဲ့ဖူးသော တက္ကသိုလ်ဘဝ လွတ်လပ်ခြင်းကို ခံစားပြီးရင်း ခံစားရင်းနှင့် အရှိန်မသတ်နိုင်ဖြစ်နေခဲ့တာလည်း ဖြစ်နိုင်သည်။ ပြီးတော့ ကျွန်မ အစ်ကို စက်မှုတက္ကသိုလ်မှာ တက်နေတုန်းက ကာတွန်းတစ်ပုဒ်လိုပေါ့။ ၆ နှစ်နှင့် ရရမည့် ထိုဘွဲ့ကို ၆ နှစ်တိတိကျကျ တက်ပြီးအောင်တဲ့ ကျောင်း သားက ၈ နှစ်၊ ၉ နှစ်၊ ၁ဝ နှစ် အကြိမ်ကြိမ်ကျပြီး အောင်နေတဲ့ ကျောင်းသားတွေကြားထဲ မျက်နှာငယ်နေရတဲ့ ကာတွန်းတစ်ပုဒ်။ သို့သော် လည်း ဒီထက်တော့ ကျွန်မ မကျသင့်တော့ပါဘူး။ ကျွန်မ မိခင်ကတော့ တက်နေတာ ဒီလောက်ကြာပြီ သူများတွေလို ဒီပလိုမာလေးတောင် မရသေးဘူး ပြောရတာရှက်တယ်။ ဒီပလိုမာတစ်ခုတော့ ရအောင်ယူဟု မကြာခဏ ပြောလေ့ရှိသည်။ ဒီတော့ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချခဲ့ပါသည်။ စာမေးပွဲကျနေသောအပြစ်ကို ပြန်လည်ပေးဆပ်ဖို့ ကျွန်မပြင်ပကျောင်းသားအနေဖြင့် ဒီပလိုမာကို ရအောင် ဖြေမည်။ ကျွန်မ၏ အပျော်လွန်နေမှုကို ရပ်တန်းက ရပ်အောင်လုပ်ဖို့ ဒီတစ်နည်းသာ ရှိတော့သည်။ ထိုနှစ်မှာ ကျွန်မ ကျောင်းဆက် မတက် ဖြစ်တော့ပါ။ ကျွန်မမှာ ၃ နှစ်စာ ဒီပလိုမာစာအုပ် စာတမ်းတွေ ပြည့်စုံနေတာ လွန်တောင်လွန်နေပါသေးသည်။
          ကျွန်မမှာ စာရေးသည့်အလုပ်ကလွဲလို့ ဘာရှိလို့လဲ။ ကျွန်မ မေမေက ဆိုလျှင် ကျွန်မသူငယ်ချင်းတွေက အလုပ်တစ်ဖက်နှင့် ဒီကျောင်း ကို အပြေးအလွှားတက်နေရတာ၊ ကိုယ်က အိမ်မှာ ဘာအလုပ်မှလည်း မရှိဘဲနှင့် ဘာလို့ မအောင်နိုင်ရသလဲဟု အပြစ်တင်လေ့ရှိပါသည်။ ထိုတစ်နှစ်မှာတော့ ကျွန်မသည် စာရေးသည့် အလုပ်ကို ရှေ့ပိုင်းမှာ ဇောက်ချလုပ်ဖြစ်ခဲ့ပြီး ပြင်သစ်စာဘာသာရပ်ကို စာမေးပွဲဖြေရမည့် လမတိုင်ခင် ၃ လလောက်မှာတော့ ပြင်သစ်စာတစ်ခုတည်းကို ဦးတင်ကျက်မှတ်ခဲ့ပါသည်။ ကျွန်မ ကြိုတင်သတ်မှတ်ထားသည့်အတိုင်းပင် ကျွန်မ ရေးထားသည့်စာမူများ၊ စာအုပ်တစ်ပိုင်တစ်စတွေကို သေသေချာချာ ကိုယ့်အမှတ်အသားနှင့်ကိုယ် သိမ်းဆည်းခဲ့ပြီး ထိုစာအုပ်တွေ၊ စာမူတွေနေရာမှာ ပြင်သစ်စာအုပ်တွေကို အစားထိုးခဲ့၏။ ကျွန်မ နေ့တိုင်း နားထောင်သည့် သီချင်းခွေများ၊ စီဒီချပ်များကို ဖယ်ပစ်ခဲ့ကာ ပြင်သစ်စာလေ့ကျင့်ခန်းခွေများ၊ စကားပြောများကို အစားထိုးလိုက်သည်။ မနက်မိုးလင်းသည်နှင့် ပြင်သစ်သီချင်းတွေကို ဖွင့်ပြီး နားယဉ် အောင် လုပ်သည်။ နေ့လယ်နေ့ခင်းဆိုလျှင် ပြင်သစ်ဘာသာပြော ဗီဒီယိုခွေတွေကို တစ်နေ့တစ်ခုနှုန်းနှင့် ကြည့်သည်။ ညဘက်ကျလျှင် ပြင် သစ် သဒ္ဒါတွေ ကျက်မှတ်ပြီး လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်သည်။ ညအိပ်ခါနီးမှာ ပြင်သစ်စကားပြော အခွေ တစ်နာရီစာခွေကို တစ်နေ့ လျှင် နာရီဝက်နှုန်းဖြင့် နားထောင်ပြီးမှ အိပ်သည်။ ထိုပုံမှန်အလုပ်က စစချင်း တစ်လမှာတော့ မခံနိုင်အောင် ဖြစ်ခဲ့ရပါသည်။ သို့သော် ကိုယ့် ကိုယ်ကိုယ် ဆုံးမခဲ့ရသည်။ ဒီ ၃ လအတွင်း ပြီးရင်ပြီးပြီ။ ကျိတ်မှိတ်ပြီး ကြိုးစားဖို့ အားပေးရပါသည်။ ထိုကဲ့သို့သော အဖြစ်သည် ကျွန်မ တက္ကသိုလ် ဒုတိယနှစ်မှာတုန်းက ဂုဏ်ထူးတန်းလိုချင်လွန်းလို့ မအိပ်မနေ ကြိုးစားနေပုံနှင့်အဖြစ်ချင်း တူနေသည်။
          ကျွန်မသည် ကျွန်မမိဘတွေကိုတော့ အစောကြီးကတည်းက ကြိုပြောထားဖြစ်ခဲ့သည်။ ဒီနှစ်တော့ စာမေးပွဲအောင်ဖို့လုပ်နေတာပဲ။ ဒါပေမဲ့ ကံမကောင်းလို့ မအောင်ခဲ့ရင်တော့ မတတ်နိုင်ဘူး။ ကျွန်မတစ်သက်တော့သည် ဒီပလိုမာရဖို့ ကံမပါဘူးလို့သာ သဘောထားပေးပါ တော့ဟူ၍ စိတ်ညစ်ညစ်နှင့် ပြောခဲ့ဖူးပါသည်။ ကျွန်မ ဖခင်ကတော့ ဒီလို စိတ်ဓာတ်မိုျး ရှိသင့်တာကြာပြီဟု ဆိုပါသည်။ ဒီလောက်ကြီး ကြိုးစားနေတာကိုလည်း သိပ်သဘောကျပုံမရပါ။ ထို ၂ဝဝ၅ ခုနှစ် စာမေးပွဲတော့ အောင်ခဲ့ပါသည်။ သို့သော် ကျွန်မအောင်မှတ်ကတော့ ပွတ် ကာသီကာသာ ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျွန်မ မိခင်အတွက် ဒီပလိုမာတစ်ခုတော့ ယူပေးနိုင်ခဲ့ပါသည်။
          စာမေးပွဲက အောင်သွားသောအခါ ထိုနှစ်တစ်နှစ်လုံး အိမ်တွင်း အောင်းနေရသောအဖြစ်ကို စာနာသောအားဖြင့် နောက်တစ်နှစ် ဆက် တက်ချင်သွားပြန်သည်။ အဲဒီတစ်နှစ် ဆက်အောင်ရင် နောက်ထပ် ဆာတီဖီကိတ် (Certificate) တစ်ခု ထပ်ရဦးမည်တဲ့။ ပြီးတော့ ကျောင်း ၏ ထုံးစံ တစ်နှစ်တစ်ခါထွက်သော ခရီးကိုလည်း လိုက်ချင်လှ၏။ သို့နှင့်ကျွန်မ မိဘတွေကို ဒီနှစ်ကျောင်းဆက်တက်မည်။ အောင်သည်ဖြစ် စေ၊ ကျသည်ဖြစ်စေ၊ နောက်ဆက်မတက်တော့ပါ။ ပြီးတော့ ဒီနှစ်ကျောင်းက ခရီးသွားရင် လိုက်ချင်လို့ပါဟု ပွင့်ပွင့်လင်းလင်းပြောပြီး ကတိ ပေးလိုက်ပါသည်။ ကတိပေးသည်ဆိုတာကလည်း ကျွန်မ မိဘတွေက ကတိတောင်းလို့ မဟုတ်ပါ။ ကျွန်မဘာသာ ကျွန်မကတိတည်အောင် အဲဒီလို လုပ်ယူပြီးပေးသော ကတိသာ ဖြစ်ပါသည်။
          ပြင်သစ် စာသင်ကျောင်းမှာ တစ်နှစ်ကို စာမေးပွဲနှစ်ကြိမ် စစ်ပါသည်။ ပထမတစ်ကြိမ်က ကျောင်းစတက်ပြီး ၄ လအကြာမှာ စစ် သော အစမ်းစာမေးပွဲငယ်လေးတစ်ခုဖြစ်သည်။ ဒုတိယအကြိမ်က စာမေးပွဲအစစ်ကြီး ဖြစ်ပါသည်။ ထိုနှစ် ၂ဝဝ၅- ၂ဝဝ၆ ပညာသင်နှစ်မှာ ဖြစ်ချင်တော့ ထိုအစမ်းစာမေးပွဲလေးကို အချိန်စာရင်း အကြည့်မှားပြီး မဖြေလိုက်ရပါ။ ပြီးတော့ ကံဆိုးချင်တော့ ခရီးလိုက်မည့် ကျောင်းသား တွေကို ထိုစာမေးပွဲလေးအောင်သည့် သူများကိုသာ ဦးစားပေးမည်ဟူသော ပြဋ္ဌာန်းချက်အသစ်ကြောင့် ခရီးသွားရမည့် ကျောင်းသားစာရင်းမှာ ကျွန်မအမည် ပြုတ်ကျန်ခဲ့ပါသည်။ ဒီနှစ် စတက်ကတည်းကိုက ခရီးလိုက်ချင်တယ်ဆိုတဲ့ စိတ်က Certificate လိုချင်တဲ့စိတ်ထက် များနေ တယ်။ အဲဒါကိုက ကျွန်မက မရိုးသားတာ။ ဒါကြောင့်လည်း ထိုနှစ်စာမေးပွဲကြီးမှာ ကျခဲ့ပြန်တော့ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်ပုံချမိပါတော့တယ်။
          ကျွန်မ၏ 'တွေးမိသော အတွေးများ' ဟူသော စာအုပ်ထဲက ရှေ့ပိုင်းဆောင်းပါးတွေမှာ ကျွန်မ မဟာသိပ္ပံဘွဲ့ရပြီးသည်အထိသာ ပါကြောင်း၊ နောက်ပိုင်းရေးဖြစ်နေသော ဆောင်းပါးတွေမှာ ထိုနောက်က အဖြစ်အပျက်တွေ မပါဝင်ကြောင်းကို စာဖတ်သူတွေ ထောက်ပြမှ သတိပြုမိခဲ့ရကြောင်း ဝန်ခံလိုပါသည်။ အဲဒီလိုဆောင်းပါးတွေ များများရေးစမ်းပါဆိုတော့လည်း ရှိမှ မရှိတော့တာဟု စိတ်ထဲက ပြောနေမိခဲ့ ပါသည်။ အဲဒါ ဘာကြောင့်လဲလို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်လိုက်တော့ လူ့သဘောသဘာဝအတိုင်းပေါ့။ ကိုယ်စာမေးပွဲကျခဲ့ဖူးတာတွေ၊ ရှုံးနိမ့် ခဲ့ရတာတွေ၊ ကြိုးစားရကိုျး မနပ်ခဲ့ရတာတွေ ပြီးတော့ အပျော်လွန်ခဲ့တာတွေကို ပြန်ရေးဖို့ သတ္တိဘယ်မှာလာပြီး ရှိပါ့မလဲ။ သို့သော်လည်း စာ ဖတ်သူများအား ချစ်ခင်လေးစားသော စိတ်ဖြင့်လည်းကောင်း၊ အရှုံး-အနိုင်၊ အကိုျး-အမြတ် ပေးဆပ်ရယူတည်းဟူသော ဘဝ၏ စာမျက်နှာ တွေကို ပြန်လည် ဆင်ခြင်သုံးသပ်ရင်း သင်ခန်းစာရယူစေလိုသော စေတနာဖြင့်လည်းကောင်း ကျွန်မ၏ အဖြစ်တွေကို ဘဝစာမျက်နှာများ အဖြစ် ရေးချလိုက်မိပါတော့သည်။
        

No comments: