Wednesday, February 5, 2014

ခံစားမိသော စစ်တေးသံကဗျာတစ်ပုဒ် - ဂျူ နီယာဝင်း

ခံစားမိသော စစ်တေးသံကဗျာတစ်ပုဒ် - ဂျူ နီယာဝင်း

  (အမှတ် ၁၆၂၊ ၂ဝဝ၃၊ ဇူလိုင်)

          Robert Southey (၁၇၇၄-၁၈၄၃)  ရေးသားသောAfter Blenheim အမည်ရှိ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ ၁ရဝ၄ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သောBlenheim စစ်ပွဲကို ရည်ညွှန်းထားပါသည်။ အင်္ဂလိပ်နှင့် သြစတြေးလျားတို့က ပြင်သစ်တို့တိုက်သော စစ်ပွဲ ဖြစ်သည်။ အင်္ဂလိပ်စစ်ဗိုလ်ခုျပ် Duke of Mar; Borough, John Churchill (၁၆၅ဝ-၁၇၂၂)  နှင့် သြစတြေးလျားမင်းသား Egene (၁၆၆၃-၁၇၃၆)  တို့ကို သိထားဖို့လိုပေသည်။
          စစ်ဟူသည် ဘယ်စစ်မှ မကောင်းပါကွယ်ဟု ကဗျာဆရာက ဆိုချင်ပါသည်။ ဒါပေမဲ့Blenheim စစ်ကတော့ ဖြစ်ပြီးခဲ့ပါပြီ။ သမိုင်း မှာလည်း ကြီးကျယ်သော တိုက်ပွဲကြီးအဖြစ် ကမ္ပည်းတင်ခဲ့ပါပြီ။ ကြီးကျယ်သော၊ အောင်ပွဲအကြီးအကျယ်ရလိုက်သော၊ နာမည်ကျော်လှသော စစ်ပွဲတစ်ခုဟု ကဗျာဆရာက ဆိုပါသည်။ သို့ပေမယ့် ထိုစကားလုံးတွေ၏ နောက်ကွယ်က အဖြစ်သနစ်တွေ၊ ငိုကြွေးသံတွေကို ကဗျာထဲက ကြားလိုက်ရပါ၏။
          ကဗျာ၏ ခေါင်းစဉ်အရ Belmheimစစ်အပြီးမှာ စစ်အပြီးကာလ နောက်ပိုင်း ၁ နှစ်အတွင်းမှာ၊ ၅ နှစ်လောက်မှာ၊ ၁ဝ နှစ်အကြာ မှာ၊ နှစ် ၁ဝဝ အကြာမှာ၊ နှစ် ၁ဝဝဝ လောက်မှာဟု တစ်ချိန်ချိန်ကို မှန်းဆကြည့်လိုက်ပါ။
          ''တစ်ခုသော နွေရာသီရဲ့
           ညနေခင်းမှာ၊
           ဘိုးဘိုးကက်စ်ပါ
           အလုပ်တွေပြီးလို့၊
           သူ့တဲရှေ့တံခါးမှာ
           ထိုင်နေလေရဲ့၊
           နေရောင်ခြည်ကလည်း
           သာလို့ပေါ့။
           သူ့နံဘေးက မြက်ခင်းစိမ်းစိမ်းမှာ
           မြေးမကလေး ဝီလန်မင်းက
           ကစားလို့။''
         
IT was a summer evening,
  Old Kaspar’s work was done,
And he before his cottage door
  Was sitting in the sun;
And by him sported on the green
His little grandchild Wilhelmine.
          ကဗျာဆရာသည် အေးဆေးတည်ငြိမ်လျက်ရှိသော အခြေအနေ၊ စိုးရိမ်ပူပန်မှုကင်းသော အဖြစ်တို့ကို ဤသို့ ရေးဖွဲ့လေသည်။ ထိုသို့ အေးဆေးနေလျှင်တော့ တစ်ခုခုတော့ ဖြစ်တော့မှာပဲဟု ကဗျာဖတ်သူက တွေးမိပေသည်။ ကဗျာခေါင်းစဉ်ကလည်း Blenheim ဘလန်ဟန်း စစ်ပွဲအပြီးမှာ' ဆိုတော့ ဘာများဖြစ်ဦးမှာပါလိမ့်ဟု သိချင်လာလေသည်။
          ''မြေးမလေးက သူ့မောင်လေး
           ပီတာကင်တစ်ယောက်
           ချောင်းနံဘေးမှာ သူကစားရင်း
           တွေ့လာတဲ့ လုံးလုံးဝန်းဝန်း
           အရာတစ်ခုကို
           လှိမ့်နေတာ တွေ့နေရ။
           သူတွေ့လာတဲ့ ဘောလုံးလို
           လုံးလုံးချောချော အရာက
           ဘာကြီးလဲလို့ လာမေးတယ်''
          ကဗျာဖတ်သူသည် ကလေးငယ်နှင့် အပြိုင်ပင် ထိုအရာကို စိတ်ဝင်စားလာသည်။ ဘာများပါလိမ့်ဟု တွေးမိလာ၏။
         
She saw her brother Peterkin
  Roll something large and round
Which he beside the rivulet
  In playing there had found;
He came to ask what he had found
That was so large and smooth and round.
          ဘိုးဘိုး ကက်စ်ပါက မြေးငယ်ကလေး လက်ထဲက အရာကို ယူလိုက်သည်။ ကလေးငယ်ကတော့ စိတ်ဝင်စားမှု အပြည့်နှင့် သူ့နံဘေး မှာ မတ်တတ်ရပ်ကြည့်နေလေသည်။ အဘိုးအိုက သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းကို ခပ်ဖြည်းဖြည်းခါသည်။ နံဘေးမှာ မျှော်လင့်တကြီး ဘိုးဘိုးရဲ့ အဖြေကို စောင့်မျှော်နေကြသော မြေးမောင်နှမကိုတော့ဖြင့် ဘိုးဘိုးအဖြေပေးရတော့မည်။
          ''ဘိုးဘိုး ကက်စ်ပါက
           မြေးငယ်ဆီက အဲဒီအရာကိုယူ၊
           ကောင်ကလေးကလည်း
           ဘာပါလိမ့်ပေါ့။
           ဘိုးဘိုးက ဦးခေါင်းကိုခါ၊
           သက်ပြင်းတစ်ချက်ချရင်း၊
           ဒါဟာ တစ်ယောက်သောသူရဲ့
           ဦးခေါင်းခွံပေါ့ကွယ်တဲ့၊
           သူက ကြီးကျယ်တဲ့ တိုက်ပွဲတစ်ခု
           မှာ ကျဆုံးခဲ့ရရှာ။''
         
Old Kaspar took it from the boy
  Who stood expectant by;
And then the old man shook his head,
  And with a natural sigh
‘’Tis some poor fellow’s skull,’ said he.
‘Who fell in the great victory.
          ကဗျာဖတ်သူဟာ နည်းနည်းတော့ ရိပ်မိလာပါပြီ။ ကြီးကျယ်လှတဲ့ စစ်ပွဲတစ်ခုမှာ စတေးခဲ့ရတဲ့ အသက်တစ်ချောင်း ဖြစ်ရပေမည်။ ဒီတိုက်ပွဲကလည်း ဘလန်ဟန်း တိုက်ပွဲကို ပြောတာဖြစ်ရမည်ဟု စတင် သဘောပေါက်လာရပါသည်။ ဘိုးဘိုးက ဆက်ပြောလေသည်။
          ''ဘိုးဘိုးတို့ ခြံထဲမှာလေ၊
           အဲဒီမှာ ဒါမိုျး တစ်ခုမကပါ၊
           မြေကြီးတွေကို
           တူးဆွလိုက်တဲ့အခါ၊
           သူတို့က အပေါ်ကိုပါလာ။
           ဒါတွေဟာ လူထောင်ပေါင်း
           များစွာပဲပေါ့ကွယ်
           ဘိုးဘိုးက ပြောတယ်၊
           'သူတို့ဟာ ကြီးကျယ်တဲ့
           တိုက်ပွဲမှာ ကျဆုံးခဲ့ရရှာ''
         
         
‘I find them in the garden,
  For there’s many here about;
And often when I go to plough
  The ploughshare turns them out.
For many thousand men,’ said he,
‘Were slain in that great victory.’
          ဒီလိုဆိုလိုက်လေလျှင် မြေးငယ်သည် သိချင်စိတ် ပြင်းပြလာလေသည်။ သူ့မြေးမလေး ဝီလန်မင်းပင် ဘိုးဘိုးကက်စ်ပါကို သူ့မျက်လုံး ကြီးများဖြင့် စူးစိုက်ကြည့်နေလေသည်။
          ''အခုပဲ ပြောပြစမ်းပါ
           ဘိုးဘိုးရယ်'တဲ့၊
           ပီတာကင်လေးကဆို၊
           ဝီလန်မင်းလေးကလည်း
           ဘိုးဘိုးကို သူ့မျက်လုံးရွဲကြီး
           တွေနဲ့ မော့ကြည့်နေရှာ၊
           'ပြောပါဦး တိုက်ပွဲဆိုတာကို'
           'သူတို့က ဘာအတွက်
           တိုက်ကြရတာလဲ'တဲ့''
         
‘Now tell us what ’twas all about,’


Young Peterkin he cries;
And little Wilhelmine looks up
With wonder-waiting eyes;
‘Now tell us all about the war,
And what they fought each other for.’
          ဘိုးဘိုးကက်စ်ပါသည် ထိုဘလန်ဟန်းစစ်ပွဲအကြောင်းကို ရှင်းပြလေသည်။ သို့သော် သူတို့ ဘာအတွက် တိုက်ကြတာလဲဟူသော မြေးငယ်၏ မေးခွန်းကိုတော့ မဖြေနိုင်ပေ။ ဒါပေမဲ့ ဒီတိုက်ပွဲဟာဖြင့်ရင် တကယ့်ကို အောင်မြင်တဲ့ တိုက်ပွဲတစ်ခုပဲလို့ လူတွေ ပြောစမှတ် ပြုကြကြောင်းကိုတော့ ဘိုးဘိုးက ပြောနိုင်လေသည်။ အဲဒီတုန်းကပေါ့၊ ဘိုးဘိုးရဲ့ အဖေ မင်းတို့ကလေးတွေရဲ့ အဘိုးက ဘလန်ဟန်းမြို့မှာ နေခဲ့တာဟု ဆိုပါသည်။ သူရဲ့အိမ်တွေလည်း ပြာကျ၊ သူ့မိသားစုနဲ့အတူ ထွက်ပြေးကြရရှာတယ်ဟု ဘိုးဘိုးက ရှင်းပြလေသည်။
          ''တိုင်းပြည်တစ်ဝှမ်းမှာ၊
           မီးလျှံတွေ၊ ဓားသံတွေ
           တညံညံနဲ့၊
           သားသည် အမေတွေ၊
           မွေးကာစ ကလေးတွေ
           သေကြေကြ၊
           ဒါပေမဲ့ကွယ်
           ကြီးကျယ်တဲ့ စစ်ပွဲတွေတိုင်းမှာ၊
           ဒီလိုပဲ ဖြစ်ကြပျက်ကြတာပဲကွယ့်
         
‘With fire and sword the country round
Was wasted far and wide,
And many a childing mother then
And newborn baby died:
But things like that, you know, must be
At every famous victory.
          စစ်ပွဲကြီး ပြီးသွားတဲ့အခါ တွေ့လိုက်ရတဲ့ မြင်ကွင်းဟာဖြင့် ထိတ်လန့်တုန်လှုပ်စရာပါပဲလေဟု ဘိုးဘိုးက ဆက်ပြောလေသည်။ ပူပြင်း လှတဲ့ နေရောင်အောက်မှာ အသက်မဲ့ ကိုယ်ခန္ဓာတွေ ထောင်ချီပြီး လဲပြိုနေလိုက်ကြတာတဲ့။ 'ဒါပေမဲ့ကွယ်၊ ကြီးကျယ်တဲ့ စစ်ပွဲတွေတိုင်းမှာ ဒီလိုပဲ ဖြစ်ကြပျက်ကြတာပဲကွယ့်'ဟု ဘိုးဘိုးက ဆိုလေသည်။
          အင်္ဂလိပ်စစ်ဗိုလ်ခုျပ်ကြီး Juke of Marlboro ၏ အောင်မြင်မှုကို ဂုဏ်ပြုသံတွေက ဟိန်းလို့၊ ဘိုးဘိုးတို့ တိုင်းပြည်ရဲ့ မင်းသား Eugene ကို ချီးကူျးသံတွေကလည်း ပဲ့တင်ထပ်လို့ပေါ့ကွယ်ဟု ဘိုးဘိုးက ဆက်ပြောလေသည်။ ထိုနေရာအရောက်မှာတော့ မြေးမကလေး ဝီလန်မင်းက စကားဖြတ်မေးလိုက်လေ၏။
          ''နေပါဦး ဘိုးဘိုးရယ်၊ ဒါ ဘယ်လိုလုပ်ကောင်းနိုင်ပါ့မလဲ''
          ဝီလန်မင်းက ဆိုတယ်။
          ''အိုး ... ဒီလို မပြောနဲ့လေ မြေးကလေးရဲ့'' ဘိုးဘိုးက ပြောတယ်။
          ''ဒါက ကြီးကျယ်တဲ့အောင်ပွဲလေကွယ်''
         
‘’twas a very wicked thing!’
Said little Wilhelmine;
‘Nay . . nay . . my little girl,’ quoth he,
‘It was a famous victory.
          သူ့ရဲ့ အောင်မြင်မှု တိုက်ပွဲဟာဖြင့် ဘာနဲ့မှ နှိုင်းမရဘူး။ ဒီတော့ လူတိုင်းက ချီးကူျးထောမနာ ပြုကြတာပေါ့ဟု ဘိုးဘိုးက ရှင်းပြပေမယ့် မြေးကလေးပီတာကင်က အခုလို ဆိုပြန်လေသည်။
          ''သို့ပေမယ့် နောက်ဆုံး
           ဘာကောင်းလို့တုံး'တဲ့၊
           ပီတာကင်လေးက မေးတယ်၊
           ဘိုးဘိုးလည်း ဒီလိုပဲ
           ဖြေလိုက်တော့မယ်၊
           'ဒါတော့ ဘိုးဘိုးလည်း
           မပြောတတ်ပါဘူးကွယ်'
           'ဒါပေမဲ့ ဒါက ကြီးကျယ်တဲ့ အောင်ပွဲလေကွယ်''
         
‘But what good came of it at last?’
Quoth little Peterkin:—
‘Why that I cannot tell,’ said he,
‘But ’twas a famous victory.’
          စစ်ပွဲကြီးတစ်ခုဟာဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့လေပြီ။ ထို၏နောက်ကွယ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို မသိချင်ပါ။ သို့သော် စပ်စုတတ်သော ကလေးငယ်ကြောင့် အဟောင်းတို့အသစ်ဖြစ်ကာ ဘိုးဘိုးခမျာ ပြန်ပြောရရှာလေသည်။ ကလေးပီပီ အမေးအမြန်းထူထူ၊ အသိညဏ် ငယ်ငယ်ဖြင့် မေးသမျှ ကြံဖန်ဖြေနေရသော ဘိုးဘိုးကက်စ်ပါကို ကရုဏာသက်မိရပါသည်။ သို့ရာတွင် အပြစ်ကင်းသော ကလေး ငယ်ဖြစ်သောကြောင့် သူ၏ စပ်စုတတ်သော သဘာဝကိုဖြင့် ကျွန်မတို့ သဘောကျမိရပါတော့သည်။
       

No comments: