လွယ်မယောင်နှင့် ခက်သော အင်္ဂလိပ်စကားလုံးများ - Junior Win
အတွေးအမြင် (၁၄၄)၊ ၂ဝဝဝ ပြည့်နှစ်၊ ဇွန်လ
What’s in a name?ဆိုတဲ့ စကားလုံးကို Shakespeare ပြဇာတ်တစ်ပုဒ်ဖြစ်တဲ့ Romeo and Juliet ထဲမှာ တွေ့ဖူးခဲ့တာပါ။ ဒီစကားလုံးကို ကျွန်မအဘွားဖြစ်တဲ့ မေမေကြီး ဒေါ်ခင်မိုျးချစ်က အကြောင်းတစ်ခုနဲ့ တိုက်ဆိုင်လို့ ရှင်းပြခဲ့ဖူးပါတယ်။
What’s in a name?ကို တိုက်ရိုက်ဘာသာပြန်ရင် ''နာမည်ထဲမှာ ဘာရှိလဲ'' ပေါ့။ အဲဒီလို တိုက်ရိုက်ပြန်လိုက်ရင် အဓိပ္ပာယ် သိပ် မရှိဘူး။ ဒီတော့ ဘယ်လို ပြင်ရေးမလဲ။
နာမည်ထဲမှာ ဘာရှိလဲလို့ တတွတ်တွတ် ရွတ်ကြည့်လိုက်မိတယ်။ Romeo and Juliet ပြဇာတ်ထဲမှာ Julietက ပြောတာဖြစ်ပါတယ်။
နာမည်ထဲမှာ ဘာရှိလဲ၊ နာမည်ထဲမှာ ဘာရှိပါလိမ့်၊ နှင်းဆီပန်းလို့ ခေါ်တဲ့ ပန်းကို တခြားနာမည်ပေးလိုက်လည်း သူ့ရနံ့ကတေ့ မွှေးမြဲ မွှေးနေမြဲပါပဲ။
နှင်းဆီဆိုတဲ့ အမည်လို့ မခေါ်လည်း သူ့ရနံ့က ပျောက်မသွားပါဘူး။ ဆိုလိုတာက နှင်းဆီဆိုတဲ့အမည်က ဘယ်လောက်များ အရေးကြီးလို့လဲ။ သူ့ကို တခြား အမည်ပေးလိုက်လည်း သူ့ရနံ့က ပျောက်မသွားပါဘူး။ ဒါဆိုရင် What’s in a name? ဆိုတာ''နာမည်က ဘာအရေးကြီးလဲ'' လို့ ဆိုလိုလိုက်တာပါပဲ။
'နာမည် ဘာအရေးကြီးလဲ' လို့ ဘာသာပြန်လိုက်ရင် သူ့အဓိပ္ပာယ်က ပြည့်စုံသွားပြီ ဖြစ်ပါတယ်။ နောက်စကားလုံးတစ်ခုကို မေမေကြီးက ရွေးပြီး ရှင်းပြပါတယ်။
For your eyes onlyဒါက James Bondရုပ်ရှင်ကားတစ်ကားရဲ့ အမည် ဖြစ်ပါတယ်။ ဒါကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် ''သင့် မျက်စိဖြင့်သာ'' တဲ့။ ဒီလိုဆိုရင်လည်း နားထောင်လို့ သိပ်အဆင်မပြေဘူး။ မြန်မာစကား မဟုတ် ဘူး။ ''သင့်မျက်စိဖြင့်သာ (For your eyes only) လို့ ရေးထားရင် ဒါက မင်းတစ်ယောက်တည်း ကြည့်ဖို့၊ ဖတ်ဖို့လို့ ဆိုလိုတာပဲ။ အဓိပ္ပာယ်က ''ထိပ်တန်း လှို့ျဝှက်'' (Top Secret) နဲ့ အတူတူပဲ။
မေမေကြီးက ဆက်ပြီး မှတ်ချက်ချပြန်ပါတယ်။ What’s in a name?တို့၊For your eyes onlyဆိုတဲ့ စကားလုံးတွေမှာ မသိတဲ့ စကားလုံး တစ်လုံးမှ မရှိဘူး။ အကုန်လုံး လွယ်လည်းလွယ်၊ ကိုယ်သိတာတွေချည်းပါပဲ။ ဒါပေမဲ့ တိုက်ရိုက်ဘာသာပြန်ယူလို့ မရသလို မြန်မာစကားနဲ့ ကိုက်ညီအောင် စဉ်းစားရတာ နက်နဲလှတယ်လို့ ဆိုပါတယ်။
ကျွန်မ အဘိုးဖြစ်သူ အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်ကလည်း မေမေကြီးနဲ့အတူ သဘောထားရှိသူ ဖြစ်ပါတယ်။ ကျွန်မတို့ မြေး မောင်နှမ နှစ်ယောက်ကို အင်္ဂလိပ်စကားတစ်ခု သင်ပေးခဲ့ကြပါတယ်။
‘Were I anything but what I am, I would wish me only he.’ တဲ့။
ဘာသာပြန်စမ်းလို့ ကျွန်မတို့ကို ခိုင်းပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့ ၉ တန်းလောက်ပဲ ရှိပါဦးမယ်။ ကျွန်မ မှတ်မိသလောက် ပြောရရင် ဒီစာကြောင်းရဲ့ နောက်ဆုံး ‘he’ ဆိုတာဟာ ‘I’ ကို ပြောတာပဲဆိုတဲ့ အချက်ကြောင့် ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က ရှင်းသွားတယ်ဆိုတာပါပဲ။ အဓိပ္ပာယ်က-
''ငါနှင့်သာငါသာ နှိုင်းစရာ ဖြစ်ပါတယ်။
ကျွန်မဟာ အင်္ဂလိပ်စကားလုံး လွယ်လွယ်လေးတွေနဲ့ တည်ဆောက်ထား တဲ့ စာကြောင်းတွေကို စိတ်ဝင်စားခဲ့ပါတယ်။ ဘဘကြီးနဲ့မေမေကြီး တို့ကလည်း ဒီလို စကားလုံးလေးတွေ တွေ့ရင် ကျွန်မတို့ကိုခေါ်ပြီး ရှင်းပြ၊ ဘာသာပြန်ခိုင်းလွန်း တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကျွန်မနဲ့ မေမေကြီး အဲဒီအကြောင်းတွေ စကားစပ်မိရင် Shakespeare ရဲ့ Julius Caesar ပြဇာတ်ထဲကThe Evil that men do ဆိုတဲ့ စာကြောင်း ဆီကို ရောက်သွားတတ်ကြပါတယ်။ အဲဒီနေရာရောက်တိုင်း မေမေကြီးက 'မေမေ ကြီးတော့ ဒီစကားလုံးကို ဘာသာပြန်ဖို့ မြန်မာဆန်ဆန် စဉ်းစားလို့မရဘူးကွာ'လို့ ပြောပါတယ်။ ဒါနဲ့ မေမေကြီးနဲ့ ကျွန်မ အဲဒီအကြောင်းကို အတူတကွ စဉ်းစားခဲ့ ကြဖူးပါတယ်။ အဓိပ္ပာယ်ကိုတော့ သိနေကြတယ်။ စာလုံးတစ်လုံးချင်းကလည်း မသိတဲ့ စာလုံးမပါ။ ဒါပေမဲ့ သူ့အဓိပ္ပာယ်ပေါ်လွင်အောင် ဘာသာပြန်ဖို့ ခက်လှ ပါတယ်။
ဒီစကားကို ပြောခဲ့သူက Antonyဖြစ်ပါတယ်။ Julius Caesar ရဲ့ အလောင်းကို လူတွေရှေ့မှာ ချရင်း သူက အဲဒီလို ပြောခဲ့တာပါ။ သူဆိုလိုတာက အခုလို အဓိပ္ပာယ် ထွက်ပါတယ်။
‘Caesar ကတော့ ကွယ်လွန်ရှာပါပြီ။ သူလုပ်ခဲ့တဲ့ ကောင်းတဲ့ လုပ်ရပ် တွေကိုတော့ ဘယ်သူကမှ စကားလုပ်ပြီး ပြောနေကြမှာ မဟုတ်ပါဘူး။ သူ့နာမည် နဲ့အတူ ကျန်ရစ်ခဲ့မှာကတော့ သူလုပ်ခဲ့မိတဲ့ အပြစ်အနာအဆာတွေပဲ ဖြစ်ပါတော့ တယ်ဒ
ဒီ စကားတွေနဲ့ လူတွေကို Antony က သူ့ဘက်ပါအောင် ဆွယ်လိုက်တာ ဖြစ်ပါတယ်။ Brutusတို့ စွပ်စွဲသလို Caesar ဟာ အာဏာမက်သူ ဖြစ်တယ်ဆို တဲ့ စကားကို တိုက်ရိုက်ဆန့်ကျင် မပြောဘဲ ပညာသားပါပါ ပြောတဲ့ စကားတွေ ထဲက တခို့ျဖြစ်ပါတယ်။
ကျွန်မတို့ အခုလို စဉ်းစားနေတဲ့ အကြောင်းအရာကို ပြန်ကောက်လိုက်ရင် The evil that men do, lives after them ဆိုပြီး မူရင်းစာကြောင်းကို ပြန်ယူမှာ ဖြစ်ပါတယ်။ ကျွန်မတို့က လွယ်လင့်တကူ The evil that men do လို့ ဆိုလိုက် ရင် ဒါ အလိုအလျောက် သူ့အဓိပ္ပာယ်ပါပြီးသွားတဲ့သဘော ဖြစ်ပါတယ်။
ကျွန်မတို့ နားလည်သလို ပြောရရင် လူတွေဟာ ကျွန်မတို့ လုပ်မိတဲ့ မှားယွင်းမှုတို့၊ အပြစ်တို့ကို ကောင်းတဲ့လုပ်ရတွေထက်ပိုပြီး မှတ်မိတတ်ကြပါ တယ်။ အဲဒီလို ဘာမဟုတ်တဲ့ အမှားလေးက ကျွန်မတို့ ဘဝတစ်လျှောက်လုံး လိုက်ပါနေပါတော့တယ်လို့ အဲဒီလို အဓိပ္ပာယ်ဖော်ရမှာ ဖြစ်ပါတယ်။
ဒီစကားလုံးဟာ ကျွန်မတို့ မိသားစုကြားမှာ တော်တော်ခေတ်စားပါတယ်။ လူတွေရှေ့မှာ ဖတ်ရမယ့်စာတမ်းဖတ်ပွဲတွေ တက်ရတော့မယ်ဆိုရင် The evil that men do ဖြစ်မယ်နော်လို့ သတိပေးကြပါတယ်။ ဒါဟာ ဘာအဓိပ္ပာယ်လဲလို့ တစ်ယောက်ယောက်က မေးရင် What’s in a name?တို့For your eyes onlyတို့လို့ တစ်ခွန်းတည်းနဲ့ ဖြေလို့ မပြီးနိုင်ပါဘူး။ ဒါပေမဲ့ အရေးပါတဲ့ ကိစ္စတစ်ခုခု ပြင်ဆင်နေတဲ့ အချိန်တွေမှာ ဒီလို သတိပေးသံ ကြားလိုက်ရင် အလုပ်မအားလို့ စိတ်ရှုပ်နေတဲ့ကြားက ပြုံးမိသွားကြရပါတယ်။
ကျွန်မ အဖေ သင်္ချာဆရာကြီးမှာလည်း ပြောစမှတ်တွင်လောက်တဲ့ The evil that men do ဥပမာ ရှိပါတယ်။ ဖေဖေ ငယ်ငယ်တုန်းက ကော်လုပ်တဲ့ အကြောင်းပါ။ ဖေဖေ တီထွင်လိုက်တဲ့ ကော်က အရောင်အဆင်းရော၊ ပုံသဏ္ဌာန် ရော ကောနဲ့တူပါသတဲ့။ ဒါပေမဲ့ မကပ်တာ တစ်ခုပဲလို့ ဆိုပါတယ်။ အဲဒီ အကြောင်းကို မေမေကြီးက ဖော်ထုတ်ပြောလေ့ ရှိပါတယ်။ ''သင်္ချာဆရာ ဘာသီအိိုရီတွေ တီထွင်သလဲတော့ မသိဘူး။ သင်္ချာဆရာ လုပ်တဲ့ ကော်က ကော်နဲ့တော့ အကုန်တူတယ်။ မကပ်တာ တစ်ခုပဲ'' လို့ ဆိုပါတယ်။ အဲဒီအရိပ်က ဒီအဖြစ် သိသူတွေကြားထဲမှာ ယနေ့တိုင် အရိပ်လို လိုက်နေပါတယ်။
နောက် Shakespeare ရဲ့ ကမ္ဘာကျော်စကားလုံးဖြစ်တဲ့ To be or not to be ဟာဆိုရင်လည်း လွယ်လွယ်လေးနဲ့ တိုက်ရိုက်ဘာသာပြန်ဖို့ ခက်တဲ့ စကား ဖြစ်ပါတယ်။ ဒါ Hamet ပြဇာတ်ထဲမှာ ရေးထားတာ ဖြစ်ပါတယ်။ စာကြောင်းအပြည့်အစုံက To be or not to be, that is the question ဖြစ်ပါ တယ်။
ဒီစာကြောင်းဟာ ''စာဖတ်ရင် ကောင်းမလား၊ အိပ်ရင် ကောင်းမလား'' ဆိုရင်လည်း ဖြစ်ပါတယ်။ စားရင်ကောင်းမလား၊ မစားရင် ကောင်းမလား။ ဒီအလုပ် လုပ်ရင် ကောင်းမလား၊ ကျောင်းပဲတက်ရင် ကောင်းမလား။ သွားရင် ကောင်းမလား၊ မသွားရင် ကောင်းမလား စသည် စသည်ဖြင့် ကြိုက်ရာထည့်လို့ ရတဲ့အတွက် အဓိပ္ပာယ်များစွာ အကုံျးဝင်နေပါတယ်။ သူ့မူရင်းကို တိုက်ရိုက် ပြန်ဆိုဖို့ စဉ်းစားနေမယ့်အစား တစ်ခုခုလုပ်ဖို့ ချီတုံချတုံဖြစ်နေတဲ့အခါ to be or not to beလို့ ညည်းလိုက်ရင် ဒါဟာ လုံလောက်တဲ့ အဓိပ္ပာယ် ဖြစ်သွားပါ တယ်။
အင်္ဂလိပ်စာလုံး လွယ်လွယ်လေးတွေနဲ့ တည်ဆောက်ထားတဲ့ စာကြောင်း တွေကို ကျွန်မရဲ့ အဘိုးအဘွားတွေက ဂရုတစိုက် အလေးထားပြီး သင်ပေးတတ် ကြပါတယ်။ ဒါ့အပြင် လွယ်ပါတယ်ဆိုတဲ့ အင်္ဂလိပ် စာလုံးတစ်လုံးတည်းဟာ အဓိပ္ပာယ်ပြန်ဖို့ ခက်လှကြောင်းကိုလည်း ဥပမာတွေနဲ့ ရှင်းပြတတ်ကြပါတယ်။
Hairy Joe ဆိုတဲ့ ရေဒီယို ပြဇာတ်တစ်ပုဒ်မှာ ဖြစ်ပါတယ်။ ပြဇာတ်ရေး ဆရာက Sol Pantzn ဖြစ်ပါတယ်။ ပြဇာတ်အဆုံးမှာ စာရေးဆရာက ကဗျာလေး စပ်ပြီး အဆုံးသတ်ထားပါတယ်။ သူ့ကဗျာက ဆယ်ကြောင်းလောက် ရှိပါတယ်။အောက်ဆုံးအကြောင်းက အခုလို ရေးထားပါတယ်။
They all make a free man so tall.
ဘဘကြီးက ဒီကဗျာတစ်ပိုဒ်လုံးမှာ အခက်ဆုံးက ဒီ tall ဆိုတဲ့ စကား လုံးပဲလို့ ပြောခဲ့ပါတယ်။ ကျွန်မ ဒီစာကြောင်းရဲ့ အပေါ်နှစ်ကြောင်းကို ရေးပြ ချင်ပါတယ်။ ဒါမှ အဓိပ္ပာယ်ဖော်လို့ ရနိုင်ပါလိမ့်မယ်။
There is no freedom too small
Every men is as good as another,
And they all make a free man so tall.
အပေါ် နှစ်ကြောင်းကို ဆီလျော်အောင် ဘာသာပြန်လိုက်ရင်-
''လွတ်လပ်ပါတယ် ဆိုမှတော့ ဘယ်လောက်ကလေး လွတ်လပ်ပါတယ် လို့ ပြောစရာ မလိုဘူူး။
လွတ်လပ်သူတွေ အားလုံးရဲ့ လွတ်လပ်မှုဟာ အတူတူပါပဲ''
လို့ ဖြစ်လာပါတယ်။ ကျွန်မတို့ နောက်ဆုံးစာကြောင်းကို ဆက်စဉ်းစား ကြည့်လိုက်ပါတယ်။ ဒီနေရာမှာ tallဆိုတဲ့ စကားလုံးကို ဘယ်လို ဘာသာပြန် မှာလဲ။ tallဆိုတဲ့ စကားလုံးဟာ လူတိုင်း အလွယ်တကူ သိကြပါတယ်။ ရှည်သောဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒီနေရာမှာ အဲဒီလို တိုက်ရိုက် ပြန်လိုက် ရင် ''ဒါကြောင့် လွတ်လပ်တဲ့ လူတွေက သိပ် အရပ်ရှည်ကြတယ်'' လို့ ဖြစ် သွားပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ မဖြစ်နိုင်ဘူးလို့တော့ ကျွန်မတို့ လက်ခံမိကြ ပါတယ်။ ဒီလို တိုက်ရိုက်ပြန်လို့ မရတာဟာ စာရေးဆရာက ဒီ tallကို အရပ်ရှည်သောဆိုတဲ့ အဓိပ္ပာယ်နဲ့ ရေးထားတာ မဟုတ်လို့ ဖြစ်ပါတယ်။
ဘဘကြီးက tallဆိုတဲ့ စကားလုံးဟာ စာရေးဆရာ အမှန်တကယ် ဆိုလိုတာက ‘great’ ဖြစ်တယ်လို့ ပြောပြပါတယ်။ ဒါမှ ကဗျာရဲ့ ဝိသေသအရsmall နဲ့ tallနဲ့ ကာရန်မိသွားမှာ ဖြစ်ပါတယ်လို့ ရှင်းပြပါတယ်။ ဒီတော့ အခုလို ပြန်လိုက်ရင် အဆင်ပြေသွားပါတော့တယ်။ 'ဒါကြောင့် လွတ်လပ်တဲ့ သူတွေက သိပ်အကြီးကျယ်ကြတယ်။
အဓိပ္ပာယ်ချင်း ကိုက်လိုက်မယ်ဆိုရင် tallဆိုတာ အရပ်ရှည်တာ၊ သူများ ထက် ခေါင်းတစ်လုံးပိုမြင့်တော့ သူများထက် သာတယ်၊ ကြီးကျယ်တယ် စသည်ဖြင့် ဆက်စပ်တွေးယူလို့ ရသွားပါတော့တယ်။
ဒီလို အဓိပ္ပာယ်တွေ ရှိတယ်လို့ ဘဘကြီးတို့ မေမေကြီးတို့ရဲ့ ဆုံးမထားချက် တွေကြောင့် လွယ်တဲ့ စကားလုံးလေးကိုတောင်မှ အထင်မသေးရဲပါဘူး။ ဒီလို အတွေ့အကြုံတွေကြောင့် ကျွန်မ စာတွေဖတ်ရ ရေးရတဲ့အခါ အထောက်အကူတွေ များစွာရလာပါတယ်။ ဥပမာ ပြောရရင် ငါးမန်းတွေရဲ့ အကြောင်းကို ဖတ်ဖြစ် တုန်းက ဖြစ်ပါတယ်။ စာရေးသူက ငါးမန်းတွေဟာ ကြောက်စရာကောင်းတယ်၊ အန္တရာယ်ရှိတယ် စသည်ဖြင့်ဆိုရင်း comical ဖြစ်တဲ့ သတ္တဝါတွေလို့လည်း ဆိုလိုက်ပါတယ်။ ဃသာငခေူ ဆိုတဲ့ အဓိပ္ပာယ်က ရယ်စရာကောင်းသော၊ ရယ် ရွှင်ဖွယ်ဖြစ်သော ဖြစ်ပါတယ်။ ငါးမန်းတွေကို ကြောက်စရာကောင်းတယ်လည်း ပြောပြီး ဘာကြောင့် comicalလို့ ဆိုရသလဲလို့ ကျွန်မ ဦးနှောက်ခြောက်သွား ရပါတယ်။ ဘဘကြီးတို့ မေမေကြီးတို့ ပေးခဲ့တဲ့ သင်ခန်းစာတွေအရ နောက် အဓိပ္ပာယ်ရှိရမယ်လို့ ကျွန်မ တွေးတတ်ခဲ့ပါပြီ။ ကျွန်မဟာ Thesaurusထဲမှာ သူနဲ့ အဓိပ္ပာယ် ဆင်တူတာတွေ လိုက်ရှာကြည့်ပါတယ်။ ဒီတော့မှ ကျွန်မ စာရေးသူရဲ့ ဆိုလိုချက်ကို သိလိုက်ရပါတော့တယ်။
ဆိုလိုတာက entertainment ဖြစ်ပါတယ်။ ငါးမန်းတွေကို မှန်လုံရေထဲ မှာ ထားပြီး လူတွေကို ဖျော်ဖြေရာ သတ္တဝါအဖြစ် သဘောထားကြတယ် ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ ဒီလိုရှာဖွေတဲ့နည်းနဲ့ ကျွန်မ စာရေးသူ ဆိုလိုချင်တာကို လိုက်မီအောင် ကြိုးစားလိုက်ရပါတယ်။
ဘဘကြီးနဲ့ မေမေကြီးတို့သာ သက်ရှိထင်ရှားရှိနေရင် အတူတကွ ရှာဖွေ ကြရင်း ထူးခြားတဲ့ စကားလုံးလေးတွေအကြောင်းကို အရသာခံပြီး ပြောဖြစ်နေကြ မှာ သေချာပါတယ်။ ဘဘကြီးတို့ ပေးခဲ့တဲ့ သင်ခန်းစာများကို ပြန်လည်အောက် မေ့ရင်း အမှတ်တရ ရေးဖွဲ့လိုက်ရပါတယ်။
No comments:
Post a Comment