Friday, February 7, 2014

ငယ်ငယ်တုန်းကပေါ့ - ဂျူနီယာဝင်း

ငယ်ငယ်တုန်းကပေါ့ - ဂျူနီယာဝင်း

(အမှတ် ၁၇၉ အတွေးအမြင်)

(သူမှတ်မိသမျှ သူ့ငယ်ဘဝတွေ၊ သူ့ အတွေ့အကြုံတွေသည် Mark Twain  အတွက် ဇာတ်လမ်းဇာတ်ကွက်တွေ
 ရလာခဲ့လေသည်။ သူ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ကလေးတွေသည် လွန်ခဲ့တဲ့ နှစ် ၁ဝဝ လောက်က
ဖြစ်သော်လည်း ယခုခေတ် ကောင်ကလေးတွေ သက်ဝင် လှုပ်ရှားနေကြသလို ခံစားဖတ်ရှုကြရပါသည်။
သူ့ဇာတ်လမ်းတွေထဲက အသုံးအနှုန်းတွေ၊ အပြောအဆိုတွေသည် ကျွန်မတို့အတွက် တစိမ်းဆန် ကောင်း
ဆန်နေသော်လည်း သေချာတာတစ်ခုကတော့ Mark Twainသည် ဒီလိုလူတွေ၊ ပတ်ဝန်းကျင်တွေကြားထဲမှာ ရှင်သန်
နေထိုင်ခဲ့ရတာ ဖြစ်သည်ဆိုတာ ဖြစ်ပါသည်။)

          ကလေးဇာတ်ကောင်တွေရဲ့ ဖန်တီးရှင်တွေကို စိတ်ဝင်စားမိသည်။ သူတို့ရဲ့ ငယ်ဘဝမှာ သူတို့ကြီးပြင်းရှင်သန်လာရတဲ့ ပတ်ဝန်းကျင် ကို ပြန်လည်ခံစားပြီး ရေးဖွဲ့ထားကြသည်။ ကိုယ့်ရဲ့ငယ်ဘဝ၊ ကိုယ်ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေလည်း ပါသည်။ ကိုယ်စိတ်ကူးယဉ်တွေလည်း ပါသည်။ ကိုယ်စိတ်ကူးယဉ်တာတွေလည်း ရှိသည်။ သို့သော် ကလေးဘဝကို သရုပ်ဖော်ရည်ညွှန်းထားတာတွေ ဖြစ်သောကြောင့် ရှင်းသန့်ရိုး သားတဲ့ အတွေးတွေ၊ အမြင်တွေ၊ ဖြူစင်တဲ့ စိတ်ကူးစိတ်သန်းတွေ ရှိနေလေသည်။
          ဒီလို ဇာတ်လမ်းဇာတ်ကွက်တွေရဲ့ ဖန်တီးသူတွေက ကလေးတွေ မဟုတ်ပါ။ အတွေ့အကြုံရင့်ကျက်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ ဒါကြောင့်မို့လို့ပင် သူတို့ဟာ ကလေးတွေအတွက် စာပေတွေ ရေးသားနိုင်ကြတာများလား။ ပထမဦးစွာ မိတ်ဆက်ပေးလိုသူကတော့ Mark Twain (၁၈၃၅-၁၉၁ဝ) ဖြစ်ပါသည်။ သူ့အမည်ရင်းက Samuel Langhorne Clements ဖြစ်ပါသည်။
          Mark Twain သည် မစ္စစပီမြစ်ရေယဉ်ကြောတစ်လျှောက်မှာ ပဲ့ကိုင်တစ်ဦးအဖြစ် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့သူဖြစ်ပါသည်။ ရေ၏ အတိမ်အနက် အမှတ်အသား ‘Mark Twain’  ဟူသော အော်သံကို အစွဲပြု၍ ထိုအမည်ပေးခဲ့သည်ဟု ဆိုပါသည်။ သူ့ဘဝ စာရေးဆရာအဖြစ် မရောက်ခင်မှာ စာပုံနှိပ်ဆရာ၊ သတင်းစာသမား၊ သတင်းထောက်၊ အယ်ဒီတာအလုပ်တွေ လုပ်ခဲ့ဖူးပါသည်။ မစ္စစပီမြစ်ရိုးတစ်လျှောက်က မြစ်ကမ်းဘေးက တောရွာလေးတစ်ရွာမှာ နေထိုင်ကြီးပြင်းခဲ့ရသော သူ့ရဲ့ငယ်ဘဝကို သူ ဘယ်တော့မှ မမေ့ပါဘူးတဲ့။ သူ့ရဲ့ကလေးဇာတ် ကောင် Tom Sawyer နှင့် Huckleberry Finnကောင်ကလေးနှစ်ဦး၏ စွန့်စားခန်းတွေက စိတ်လှုပ်ရှားစရာကောင်းလှပါသည်။
          သူမှတ်မိသမျှ သူ့ငယ်ဘဝတွေ၊ သူ့ အတွေ့အကြုံတွေသည် Mark Twain  အတွက် ဇာတ်လမ်းဇာတ်ကွက်တွေ ရလာခဲ့လေသည်။ သူ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ကလေးတွေသည် လွန်ခဲ့တဲ့ နှစ် ၁ဝဝ လောက်က ဖြစ်သော်လည်း ယခုခေတ် ကောင်ကလေးတွေ သက်ဝင် လှုပ်ရှားနေကြသလို ခံစားဖတ်ရှုကြရပါသည်။ သူ့ဇာတ်လမ်းတွေထဲက အသုံးအနှုန်းတွေ၊ အပြောအဆိုတွေသည် ကျွန်မတို့အတွက် တစိမ်းဆန် ကောင်း ဆန်နေသော်လည်း သေချာတာတစ်ခုကတော့ Mark Twain သည် ဒီလိုလူတွေ၊ ပတ်ဝန်းကျင်တွေကြားထဲမှာ ရှင်သန်နေထိုင်ခဲ့ရတာ ဖြစ်သည်ဆိုတာ ဖြစ်ပါသည်။
          Tom Sawyer စွန့်စားခန်းထဲက သူ့ရဲ့ အရေးအသားတစ်ခုကို ခံစားကြည့်ရအောင်။Tom (တွမ်)ရယ်၊Huck Finn (ဟက်)ရယ်၊ Joe(ဂိုျး)ရယ် အိမ်ပြေးကလေး ၃ ယောက် မြစ်ကမ်းနဘေးမှာ ထိုင်ရင်း စကားပြောနေကြ ပါသည်။
          'ပျော်စရာပဲနော်'
          'ဟုတ်ပါ့'တွမ်က ဖြေတယ်။
          'မြို့ကကောင်လေးတွေ ငါတို့ကိုတွေ့ရင် ဘာပြောကြမလဲ'
          'ဘာပြောကြမလဲ... အင်း... ဒီမှာသာဆို သူတို့သေမှာပဲ... ဟေးဟက်ကီး... မင်းရော ဘယ်လိုထင်လဲ'
          'ငါလည်း အဲဒီလိုပဲ' ဟက်က ဖြေတယ်။ ပြီးတော့ ဆက်ပြောတယ်။
          'ဘာပဲဖြစ်ဖြစ်ပေါ့။ ငါကတော့ အခုလိုနေရတာ ကျေနပ်တယ်။ ကြည့်စမ်း၊ ဒီ့ထက်ကောင်းတဲ့အရာ ငါဘာကိုမှ မလိုချင်ဘူး။ ဒီနေရာ မှာ ကောင်းကောင်းမစား မသောက်ရပါဘူး... သူတို့လည်း ဒီနေရာမှာ မနေနိုင်ပါဘူး'
          တွမ်က ပြောတယ်။ 'ငါ့အတွက်တော့ဒီနေရာဟာ ဘဝပဲ။ မနက်အစော ကြီးမထရဘူး။ ကျောင်းမသွားရဘူး။ ရေမခိုျးလည်းဖြစ်တယ်။ ပန်းကန်မဆေးရဘူး၊ အဝတ်မလျှော်ရဘူး... အို... ရှိရှိသမျှသော အရေးမပါတဲ့အလုပ်တွေ ဘာတစ်ခုမှ မလုပ်ရဘူးလေ'
          ဤကား Mark Twain ဇာတ်ကောင်လေးတွေ၏ စရိုက်တွေ ဖြစ်ပါသည်။
          တခို့ျသော စာရေးဆရာတွေက သူတို့၏ အမည်ရင်းများကို အသုံးမပြုကြပေ။ ထို့ကြောင့်ပင် 'ကလောင်အမည်' ဆိုတာ တီထွင်လာ ကြလေသည်။ ‘Alice in Wonderland’ နှင့် ‘Alice through the looking glass’ ဟူသော ထင်ရှားလှသည့် ကလေးစာအုပ်နှစ်အုပ်ကို ရေးသားခဲ့သူ Lewis Carroll ၏ အမည်ရင်းမှာ Charles Latwidge Dodgson (၁၈၃၂-၁၈၉၈) ဖြစ်ပါသည်။
          သူ၏ ကလေးဇာတ်ကောင် Alice (အဲလစ်) က အပြင်မှာ တကယ်ရှိပါသည်။ Oxfordခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ ဘုန်းတော် ကြီး တစ်ဦး၏သမီး ဖြစ်သည်။ မစ္စတာ Dodgsonသည် အဲလစ်နှင့် သူ့ညီအစ်မတစ်တွေကို မြစ်ချောင်းတစ်လျှောက်ခေါ်သွားလေ့ရှိကာ ကလေးစွန့်စားခန်း ပုံပြင်တွေကို ပြောပြပါသည်။
          'အံ့ဖွယ်ကမ္ဘာပုံပြင်တွေ ထွက်ပေါ်လာတယ်... တစ်ပုဒ်ပြီးတစ်ပုဒ်... တစ်ပုဒ်ပြီးတစ်ပုဒ်ပေါ့။ စိတ်ဝင်စားစရာတွေကို တူးဖော်ပြီး ... ဒီလိုပုံပြင်တွေပြောကြာတယ်... အိမ်ကိုပြန်လာရာလမ်းတစ်လျှောက်မှာ... ပျော်ရွှင်စွာနဲ့ သူတို့ကလေးတွေက... နေရောင်အောက်မှာ ဆော့ကစား ရင်းနှင့်ပေါ့'
          ၁၈၆၅ ခုနှစ်မှာ ‘Alice in Wonderland’ စာအုပ်ထုတ်ပြီးသည့်နောက် တလေးစာဖတ်ပရိသတ်တွေ၏ အားပေးမှုကြောင့်ပင် ၁၈၇၁ ခုနှစ်မှာ Through the looking glass ထွက်လာသည်။ စာအုပ်နှစ်အုပ်စာလုံးမှာ အောင်မြင်ခဲ့ပြီး ယနေ့တိုင်မိုျးဆက်တိုင်း လက်ဆင့် ကမ်း လာခဲ့ကြသည်။ ဗူငခန နှင့် ဇာတ်ကောင်ပုံများကို Sir John Tenneil (၁၈၂ဝ-၁၉၁၄) က ရေးဆွဲပေးသည်။ သူဆွဲသော ပုံတွေထဲက ဘုရင်မကြီး၊ ဦးထုပ်ရောင်းသူနှင့် ယုန်ဖြူကလေးတို့မှာ ထင်ရှားလှသည်။
Lewis Carroll သည် ကလေးတွေကို စိတ်ဝင်စားသည်။ ကလေးတွေဆီက ယုံကြည့်မှုကို အလိုရှိသည်။ ကလေးတွေနှင့် ခင်ခင် မင်မင် နေချင်သည်။ သို့သော်ငြားလည်း သူက လူကြီးတွေနှင့် ပြောဆိုဆက်ဆံရမှာကို ရှက်ရွံ့သူဖြစ်လေသည်။ သူ၏ အောင်မြင်မှုနှင့် ဆန့် ကျင်စွာ သူက အလွန်အေးဆေးတည်ငြိမ်သော ဘဝကို ပိုင်ဆိုင်သူဖြစ်လေသည်။
          သူ့ဇာတ်ကောင် Alice သည် Humpty Dumpty နှင့် စကားပြောသည်။ လိပ်ကလေးနှင့် မိတ်ဆွေဖွဲ့သည်။ ယုန်ကလေး၊ ြွကက် ကလေးတို့နှင့် လက်ဖက်ရည်အတူသောက်သည်။ ဘုရင်မကြီးနှင့် ခရိုးကတ် ကစားသည်။ သူမ၏ အိပ်မက်တွေ မဆုံးခင်အထိပင် သူမမှာ စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေ ပြည့်နေသည်။ Lewis Carroll ကို ''အဲလစ်နှင့် သူမ၏ အံ့ဖွယ်ကမ္ဘာကို ဖန်တီးခဲ့သော အလွန်ရှက်တတ် သော လူသားတစ်ဦး''ဟု ခေါ်ဝေါ်ရေးသားထားသည်ကို တွေ့ဖူးပါသည်။
          Robert Lewis Stevenson (၁၈၅ဝ-၁၈၉၄) သည် ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်ပါသည်။ သူက ဥရောပတစ်ခွင်နှင့် အမေရိကသို့ ခရီးလှည့်လည်ခဲ့ပြီး လှပသော ပစ္စဖိတ်ကျွန်းမှာ နောက်ဆုံး အခြေစိုက်နေထိုင်ခဲ့သည်။ သူက ကလေးအများစုဟာ ခရီးသွားရတာ နှစ်သက် ကြမှန်းသိသည်။ သူရေးသားခဲ့သော ‘Travel’ ကဗျာတွင် ကောင်ကလေးတစ်ဦးက သူကြီးလာရင် သွားဦးမည့် ထူးခြားပြီး စိတ်လှုပ်ရှားစရာ နေရာတွေကို အိပ်မက်မက်နေသည်။ သူသွားလိုသော နေရာက အာဖရိကက တောတွေဆီကို ဖြစ်နိုင်သည်။ အရှေ့ဘက်က ရှေးဟောင်းမြို့ကြီး တွေလည်း ဖြစ်နိုင်သည်။
          'ကျွန်တော် မနက်အစောကြီးထပြီး... ရွှေပန်းသီးတွေ သီးတဲ့နေရာကိုသွားမယ်... သင်္ဘောကျောက်ချရာ ကြက်တူရွေးရှိတဲ့ကောင်းကင်ပြာ ကြီးအောက်ကို သွားမယ်...။
          သိုးတွေ၊ ဆိတ်တွေကျက်စားရာ၊ အထီးကျန် ရော်ဘင်ဆင်ကရူးဆိုးရဲ့ လှေကလေးတွေလည်း ရှိနေမယ်။
          အရှေ့ဘက်အရပ်က နေလုံးကြီးက ထွက်ပြူလာတယ်။ ဗလီကျောင်းတွေရှိရာကို သွားလည်ဦးမယ်။ သဲကန္တာရတွေကြားထဲလည်း ရောက်တယ်။ အနီးတစ်ဝိုက်မှာလည်း ဈေးတန်းကြီးက ဝယ်ချင်စရာ။ နာမည်ကျော် အုတ်တံတိုင်းရှိရာ တရုတ်ပြည်လည်းရောက်မယ်။ ကန္တာရရဲ့ တစ်ဖက်မှာ တခြားတိုင်းပြည်အရပ်က ဒရမ်းတီးသံ၊ တီးမှုတ်သံတွေ ကြားနေရတယ်။ တောတွေရှိရာလည်းရောက်တယ်။ မီးလိုပူပြင်းတဲ့ ရာသီလည်း တွေ့ရဦးမယ်။ အင်္ဂလန်လိုလည်း ကျယ်ပြန့်လှတယ်။ ပြာသာဒ်လိုလည်း ခမ်းနားပေါ့။ မျောက်တွေကလည်း အပြည့်၊ အုန်းသီးတွေကလည်း ပေါ၊ အဲဒီသဲကန္တာရထဲမှာပေါ့။ လူသူမနေတဲ့ တိုင်းပြည်တွေလည်း တွေ့ရတယ်။ ကလေးတွေ၊ မင်းသားလေး တွေ၊ နောက်လိုက်နောက်ပါတွေလည်း ရှိတယ်။ သူတို့က လူကြီးအတတ်တွေ သင်ယူလို့ပေါ့။
          တိတ်ဆိတ်တဲ့ ညတစ်ညမှာ... လမ်းတွေ၊ အိမ်တွေမှာလည်း လူသူကင်းမဲ့လို့... ကလေးငိုသံ၊ ြွကက်ချောက်သံလည်း မရှိ၊ တစ်မြို့လုံး အလင်းတစ်စတောင် မမြင်ရ။ အဲဒီအချိန်မှာ ကျွန်တော်က သစ်ကုလားအုပ်ကြီး စီးလို့ ဝင်လာတယ်။ မှောင်မည်းညစ်ပေနေတဲ့ မီးဖိုခန်းကို မီးထွန်းလိုက်တယ်။ အို... နံရံပေါ်က ပန်းချီးကားတွေပါလား။ သူရဲကောင်းတွေရဲ့ ရုပ်ပုံ လွှာတွေ... တိုက်ပွဲဝင် စီးချင်းထိုးနေကြပုံတွေ... ဟိုးနံရံရဲ့ ထောင့်တစ်ထောင့်မှာတော့ အီဂျစ်ကောင်ကလေးတွေရဲ့ ကစားစရာအရုပ်တွေ...။'
          ဤသို့ဖြင့် ကလေးတွေ၏ ဇာတ်ရုပ်တွေ၊ ကလေးငယ်တွေ၏ စိတ်ကူးအိပ်မက်တွေကို ပုံဖော်ထားတာတွေက စိတ်ဝင်စားစရာကောင်းလှ သည်။ ဒီလို ပုဂ္ဂိုလ်ကြီးတွေ နေထိုင်ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင်ကို မှန်းဆ၍ရသည်။ သူတို့က ကလေးဆန်ဆန် အတွေးတွေနှင့် ခံစားရေးဖွဲ့ထားတာကို ဖတ်ရတာ အားကျမိပါသည်။ 'ငယ်ငယ်တုန်းကပေါ့'ဟု နဖူးပေါ်လက်တင်ပြီး စဉ်းစားလိုက်လျှင် ဘာတွေပေါ်လာမှာ ပါလိမ့်။Lewis Carroll ၏ အဲလစ် ဇာတ်ကောင်မိုျး၊ Mark Twain ၏ Tomsawyerဇာတ်ရုပ်နှင့် Lewis Stevenson ၏ 'ခရီးသွား အိပ်မက်' ကဗျာမိုျးကို စိတ်ကူးယဉ်လိုက်မိပါသည်။
        

No comments: