Wednesday, February 5, 2014

ကွန်ပြူတာခေတ်ကို ရောက်ပြီလော - ဂျူ နီယာဝင်း

ကွန်ပြူတာခေတ်ကို ရောက်ပြီလော - ဂျူ နီယာဝင်း

          ကွန်ပြူတာတွေကို လူ့ဦးနှောက်တွေကို ကိုယ်စားပြုတဲ့ အရာတွေလို့ သတ်မှတ်ထားရင် သူတို့ဟာ လူတွေနေရာမှာ အစားထိုးလာနိုင် မှာလားဆိုတာ စိုးရိမ်စရာ ဖြစ်လာပါပြီ။ စက်ပစ္စည်းတွေဖြစ်တဲ့အတွက် စဉ်းစားညဏ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ လူတွေကစဉ်းစားပြီး တီထွင် ထားတာဖြစ်လို့ လူတွေကို အကူအညီကောင်းကောင်း ပေးနိုင်သူတွေ ဖြစ်ပါတယ်။        
          အခုတော့ တကယ်ပဲ ကွန်ပြူတာခေတ်ကို ရောက်နေပါပြီ။ ကွန်ပြူတာမပါရင် အလုပ်မဖြစ်တော့သလိုပါပဲ။ နေ့စဉ်လုပ်ငန်းစဉ်တွေမှာ ကွန်ပြူတာတွေက ပါနေပါတယ်။ စတိုးဆိုင်တွေမှာ စူပါမားကတ်တွေမှာ ဘဏ်လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်နေရာကို ကြည့် လိုက် ကြည့်လိုက် ကွန်ပူျတာတွေက တကယ်ပဲ နေရာယူနေကြပါပြီ။ အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံကားချပ်တွေ သိန်းနဲ့ သန်းနဲ့ ချီပြီး သိမ်းဆည်းနိုင်တယ်။ ပျောက်ပျက်တော့မယ့် ရုပ်ပုံတွေကိုလည်း တစ်သက်တာ သိမ်းထားပေးနိုင်ပါတယ်။ ပျက်စီးနေတဲ့ ဓာတ်ပုံတွေကိုလည်း ပြုပြင်ပေးလို့ရနေပါပြီ။ လူတွေရဲ့ လိုအပ်ချက်မှန်သမျှကို ကွန်ပြူတာတွေက ဖြည့်ဆည်းပေးနေတာကြောင့် ကွန်ပူျတာ တွေဟာ ကျွန်မတို့ရဲ့ဘဝတွေမှာ တကယ်ပဲ အရေးပါနေပါပြီ။
          ကွန်ပြူတာတွေဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝထဲကုုိ လွှမ်းမိုးလာပြီဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ယုံကြည်ချက်တစ်ခုက ''လူဆိုတာ မှားနိုင် တယ်။ စက်ပစ္စည်းတွေက မမှားဘူး''ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကွန်ပြူတာတွေကို အားကိုးလာကြပါတယ်။ ကွန်ပူျတာ တွေဟာ နေရာတကာမှာ ရှိလာကြပြီး လျင်လျင်မြန်မြန်၊ အမှားနည်းနည်းနဲ့ အလုပ်ဖြစ်တာတွေကြောင့် ကွန်ပူျတာတွေကို လူတွေက အလွယ် တကူ လက်ခံလာကြတာ ဖြစ်ပါတယ်။
          တက္ကသိုလ်တွေမှာ စာမေးပွဲဖြေရင် အရင်တုန်းက လော့ဂရစ်သမ်သုံးပြီး ကိန်းဂဏန်းတွေကို တွက်ချက်ခဲ့ရပါတယ်။ calculaor မကိုင်ရပါဘူး။ ကျွန်မ ဦးလေးတွေခေတ်က သုံးခဲ့တဲ့ slide rule ဆိုတာကို မြင်သာမြင်ဖူးပြီး မသုံးတတ်ခဲ့တာကို ကျွန်မဘဝမှာ နစ်နာခဲ့ သလို ခံစားခဲ့ရဖူးပါတယ်။ ဒါဟာ ခေတ်ရေစီးကြောင်းအတိုင်း ပဲမို့ ရွေးချယ်ပိုင်ခွင့်ဆိုတာ မရှိပါဘူး။ ခုတော့ calculator တွေ စာမေးပွဲ ခန်းထဲမှာ ကိုင်သုံးခွင့်ရနေကြပါပြီ။ ခုခေတ် လူငယ်တွေ လော့ဂရစ်သမ် မကြည့်တတ်ပါဘူး။ ညီမျှခြင်းတစ်ခုရဲ့ ဂရပ်ကိုတောင် calculator လို့ အမည်ပေးထားတဲ့ ကွန်ပြူတာ အိတ်ဆောင်ဖန်သားပြင်မှာ ခလုတ်နှိပ်ပြီးဆွဲလို့ ရနေပါပြီ။ အင်တီဂရေးရှင်း ပုစ္ဆာတွေကို လစ်မစ်ထည့် ပြီး သူက အဖြေတန်းထုတ်ပေးနေပြီ။ ခုတော့ သင်္ချာဘာသာရပ်ဆိုတာ တွက်ချက်မှုဆိုတာကို နုတ်လိုက်ရင် စဉ်းစားတွေးခေါ်မှု တစ်ခုပဲ ကျန်တော့မလားဆိုတာ တွေးစရာပါပဲ။
          ကွန်ပြူတာတွေကို သက်မဲ့စက်ပစ္စည်းတွေလို့ ခေါ်ရင် မှန်ချင်မှ မှန်ပါလိမ့်မယ်။ ကွန်ပူျတာရှေ့မှာ ထိုင်ပြီး ကွန်ပြူတာနဲ့ စကားပြော ကြည့်ပါ့မယ်။ ကျွန်မတို့ Saveလုပ်ထားတဲ့ ဖိုင်နာမည်ရှာခိုင်းပါ့မယ်။ ဥပမာ m နဲ့စတဲ့ ဖိုင်တွေ ထုတ်ခိုင်းမယ်။ ဒါမှမဟုတ် ဂရပ်ဆွဲရင်း တစ်နေရာရာမှာ တစ်နေရင် Help ကို သွားပြီး ကွန်ပြူတာကို အကူအညီတောင်းကြည့်မယ်။ ကွန်ပြူတာက ကျွန်မတို့ ခိုင်းသမျှကို မညည်း မညူ လုပ်ပေးပါလိမ့်မယ်။ သူခိုင်းတာတွေကိုလည်း ကျွန်မတို့က လိုက်နာရပါတယ်။ ဒီလိုနဲ့ ကွန်ပြူတာနဲ့ ကျွန်မတို့ စကားပြောကြပါတယ်။ တစ်ခါတလေ ကွန်ပြူတာက တစ်ခုခုကြောင့် ပြဿနာပေါ်ရင် ကျွန်မတို့ကို ဘာလုပ်ပါလားနဲ့ အကြံပေးတာတွေ ပေါ်လာတတ်ပါတယ်။ တစ်ခါတစ်ရံ ဆိုင်မရောက်ဘဲ သူခိုင်းတဲ့အတိုင်း လိုက်လုပ်ရင်း ကောင်းသွားတတ်ပါသေးတယ်။ ပျင်းရင် ကွန်ပြူတာနဲ့ ကစားနည်းတွေ ကစားလို့ရပါတယ်။ game ကစားမလား၊ ဖဲကစားမလား၊ မကစားတတ်ရင် သူက သင်ပေးပါဦးမယ်။ ဒီတော့ ကွန်ပြူတာကို သက်ရှိလို့ခေါ် လည်း မဖြစ်၊ သက်မဲ့လို့လည်း မဟုတ်၊ ဒီကြားထဲမှာ သူက အဓိပ္ပာယ်ရှိနေပါတယ်။
          ကျွန်မတို့ အင်္ဂလိပ်စာ စသင်တော့ ကျွန်မတို့ အဘိုးအဘွားတွေက Dictionaryအဘိဓာန်ကြည့်နည်းကနေ စသင်ပေးပါတယ်။ အဘိ ဓာန်မှ အင်္ဂလိပ်-အင်္ဂလိပ် (English to English) ကိုပဲ ကိုင်ရပါတယ်။ စာလုံးတစ်လုံး သိချင်ရင် အဘိဓာန်ကိုလှန်၊ ဒီစာလုံး မသိပါဘူးဆို မှ နောက်ရှင်းပြတာကလည်း အင်္ဂလိပ်လိုဆိုပြန်တော့ ပိုနားမလည်။ ဒီတော့ ဒီလိုအခက်အခဲတွေကြားက အင်္ဂလိပ်စာ စာလုံးတွေ တိုးလာတာ ကို ကျွန်မတို့ မိဘတွေက အားပေးခဲ့ကြပါတယ်။ အခုတော့ ခေတ်က ပြောင်းချင်နေပါပြီ။ အဘိဓာန် Oxford ဆိုတဲ့ CD-Rom  တစ်ချပ်ကို ဝယ်၊ ကွန်ပူျတာထဲကို ထည့်၊ installation လုပ်ပါမယ်။ ကွန်ပြူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ ခိုင်းစေချက်တွေကို လိုက်နာလိုက်ရုံနဲ့ ဒီီ CDတစ်ချပ်တည်းနဲ့ အဘိဓာန်တစ်အုပ်လုံးက စာလုံးတွေ ကြိုက်ရာမေးလို့ရနေပါပြီ။ အဘိဓာန်ထူထူကြီး 'မ'စရာမလို၊ ခလုတ်လေးတစ်ချက် နှိပ်လိုက်တာနဲ့ ကိုယ်သိချင်တဲ့ အင်္ဂလိပ်စာလုံးနဲ့ ပတ်သက်သမျှ ရုပ်ပုံတွေ၊ ရှင်းလင်းချက်တွေ၊ idiom တွေ၊ proverb တွေ၊ သုံးပုံ သုံးနည်း တွေ၊ အသံထွက်ပါမကျန် တသီတတန်းကြီးကို သဘောရှိ ဖတ်မှတ်ပေတော့လို့ ဆိုရမှာပါပဲ။ တခို့ျ ကွန်ပူျတာ အိတ်ဆောင်လေးတွေက ပြင်သစ်ကနေ အင်္ဂလိပ်၊ အင်္ဂလိပ်ကနေ ပြင်သစ်ဘာသာပြန်ပေးနေပါပြီ။ ယခု အခြေအနေမှာ လူတွေဟာ အဘိဓာန်စာအုပ်တွေကို မက်မက် မောမော ဖတ်ရှုနေသေးတာကို ကြည့်ပြီး ကွန်ပြူတာတွေဟာ အဘိဓာန်စာအုပ်တွေကို ဝါးမမိုျသေးဘူးလို့ ကျွန်မ ကောက်ချက်ချမိပါတယ်။
          ဘာသာရပ်တစ်ခုကို လေ့လာမယ်ဆိုရင်လည်း သူနဲ့ဆိုင်တဲ့ CD-Rom တွေ ဝယ်ပြီး Self-study လုပ်လို့ရပါတယ်။ ကွန်ပြူတာနဲ့ အပြန်အလှန် စကားပြောမယ်၊ သူက လေ့ကျင့်ခန်းတွေလည်း လုပ်ခိုင်းဦးမယ်၊ အမှတ်ပေးမယ်၊ အသံထွက်ကအစ ကွန်ပြူတာက ကိုယ့်ကို လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ အပြင်ထွက်ပြီး လိုက်တက်စရာတောင် မလိုပါဘူး။ ကွန်ပြူတာတစ်လုံးနဲ့ အလုပ်ဖြစ်နေပါတယ်။
          ဒီတော့ မေးခွန်းတစ်ခုပေါ်လာပါတယ်။ ''အခုကနေ နောက်အနှစ် နှစ်ဆယ်ကြာရင် ဘာတွေဖြစ်လာမလဲ''တဲ့။ ကျွန်မတို့ စိတ်ကူးပေါ် ရာ စဉ်းစားလိုက်သမျှဟာ ဖြစ်လာတော့မယ်တဲ့။ မဖြစ်နိုင်ဆိုတာမရှိ။ မလုပ်နိုင်ဆိုတာ မရှိ။ စိတ်ကူးယဉ်သမျှ တကယ်ပဲ အကောင်အထည် ပေါ်လာနိုင်မယ်လို့ ဆိုပါတယ်။
          ကျောင်းသားတွေဟာ အထူးပြုလုပ်ထားတဲ့ စားပွဲခုံတွေမှာ ထိုင်မယ်၊ တီဗီဖန်သားပြင်ကို ကြည့်မယ်၊ ကွန်ပြူတာနဲ့ ဆက်သွယ်ထားပြီး သူက တစ်နေ့တာ လေ့ကျင့်ခန်းတွေ သင်ပြသွားမယ်၊ ပြီးရင် လေ့ကျင့်ခန်းတွေ လုပ်ခိုင်းမယ်၊ ကွန်ပြူတာက အမှတ်ပေးမယ်။
          ဆရာဝန်ဆီကို လူနာက လာမယ်။ ဆရာဝန်က စစ်ဆေးပြီး ဆေးပေးမယ်။ ဒါပေမဲ့ ဆရာဝန်က သူ့စိတ်ထဲမှာ လူနာ့အခြေအနေကို သေသေချာချာ စိတ်ချချင်ရင် ကွန်ပြူတာဆီကို သွားမယ်။ လူနာနဲ့ ပတ်သက်သမျှ အချက်အလက်တွေ ထည့်မည်၊ ရောဂါအခြေအနေ၊ သွေးဖိ အား၊ နှလုံးခုန်နှုန်းတွေကအစ ကွန်ပူျတာကို စစ်ခိုင်းမယ်။ ဒီလို အခြေအနေမှာ ဘာရောဂါနဲ့ အနီးစပ်ဆုံးလဲဆိုတာကို ကွန်ပြူတာက အဖြေ ထုတ်ပေးမယ်။ ဆုံးဖြတ်ချက်ချပေးမယ်။ ဆရာဝန်တစ်ယောက်ဟာ သူ့ရဲ့အတွေ့အကြုံအရ နှစ်တစ်ရာလောက် အချက်အလက်တွေ သိမ်းဆည်း ထားတဲ့ ကွန်ပြူတာကို မမီနိုင်ဘူး။ ဒီတော့ ကွန်ပြူတာကို ပြန်အားကိုးရမယ့် သဘောမှာ ရှိမယ်။
          ဓာတုဗေဒပညာရှင်တွေဟာလည်း သုတေသန အချက်အလက်တွေကို ကွန်ပူျတာကို စိတ်အချရဆုံးအဖြစ် မှီခိုနေရမယ်။ ရှေ့နေတွေဟာ လည်း အမှုတွေ မှန်သမျှ သိမ်းဆည်းပေးထားတဲ့ ကွန်ပြူတာ ဦးနှောက်ကို အားကိုးနေရမယ်။ နေရာတကာမှာ ကွန်ပြူတာတွေဟာ မရှိမဖြစ် ဖြစ်လာပါမယ်။ လူလူချင်း ဆက်သွယ်စကားပြောသံတွေနေရာမှာရော ကွန်ပြူတာစာလုံးတွေက အစားထိုးလာဦးမှာလားဆိုတာတော့ မပြော တတ်ပါဘူး။
          ကွန်ပြူတာတွေကို 'ထူးဆန်းသော စဉ်းစားတတ်သည့် စက်ပစ္စည်းများ'လို့ လူတော်တော်များများက ယူဆကြပါတယ်။ သိပ္ပံပညာရှင် တွေ၊ စက်မှုပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ စီးပွားရေးသမားတွေရဲ့ အဖြေတစ်ခုထုတ်ဖို့ စဉ်းစားရမယ့်အချိန်တွေကို ကွန်ပူျတာက လွတ်လပ် ခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ နာရီပေါင်း ထောင်ချီပြီး အသုံးပြုရလို့ ကုန်ခမ်းသွားမယ့် စွမ်းရည်တွေကိုလည်း ကွန်ပြူတာက သက်သာ ခွင့် ပေးလိုက်ပါတယ်။ ကွန်ပြူတာတွေကို အသုံးပြုနေတဲ့ လူတွေအတွက်တော့ ကွန်ပြူတာခေတ်ဟာ သူတို့ရဲ့နေ့စဉ်လုပ်ငန်းတွေ အားလုံးမှာ နေရာယူလွှမ်းမိုးလျက်ရှိနေမှာ ဖြစ်ပါတော့တယ်။

မှီငြမ်း-  The World of Science – Computers by Stanely L.Englebardt

No comments: