တိုင်းပြည်ကို ချစ်ဖို့ပြောသူ - ဂျူနီယာဝင်း
၁၈၂၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ မက်ဆာခူျးဆက်ပြည်နယ်က ဘော်စတန်မြို့တွင် မွေးဖွားခဲ့သူ အက်ဒဝပ် အဲဗရက်ဟေးလ် (Edward Everett Hale) က ‘The Man Without A Country’ အမည်တွင်သော ဇာတ်လမ်းတစ်ပုဒ်ကို ၁၈၆၃ ခုတွင် Atlantic Monthly မဂ္ဂဇင်း၌ ဦးစွာ မိတ်ဆက်ပေးလိုက်ပါသည်။ စာအုပ်တစ်အုပ် အနေနှင့်တော့ ၁၈၆၈ ခုနှစ်မှာ ထွက်ရှိခဲ့ပါသည်။
The Man Without A Countryဟူသော အမည်က ဆန်းနေပါသည်။ 'တိုင်းပြည်မရှိတဲ့သူ တစ်ဦး'ဟု ဆိုရပေမည်။ 'တိုင်းပြည် မရှိတဲ့ လူတစ်ယောက်အကြောင်း' ဖြစ်ပါသည်။ သူ့မှာ တိုင်းပြည်မရှိပါ။ မည်သူမှာမဆို တိုင်းပြည်ဆိုတာ ရှိပါသည်။ ဒါပေမဲ့ သူက တိုင်းပြည်မရှိသူ ဖြစ်ပါသည်။ သူ့အကြောင်းကို ရေးသူက အက်ဒဝပ် အဲဗရက် ဟေးလ် ဖြစ်ပါသည်။
ဟေးလ်သည် ငယ်ရွယ်စဉ်ကတည်းက ညဏ်အလွန်ကောင်းသူ ဖြစ်ပါသည်။ ရွယ်တူတန်းတူများထက် ထက်ထက်မြတ်မြတ် ရှိသူဖြစ် ပါသည်။ ညဏ်အလွန်ကောင်းသူဖြစ်၍ အသက်နှစ်နှစ် အရွယ်ကတည်းက ကျောင်းပို့ဖို့ သူ့မိဘတွေက ဆုံးဖြတ်ခဲ့ပါသည်။ သူ့ထက် ၄ နှစ်၊ ၅ နှစ်ကြီးသော စီနီယာများထက် ထူးချွန်သူဖြစ်ခဲ့ပါသည်။ သူ့ငယ်စဉ်ဘဝအချိန်များစွာကို ဖခင်၏ သတင်းစာ လုပ်ငန်းတွင် လုပ်ပေးခဲ့ပါ သည်။ (Advertiser) ဟု ခေါ်တွင်သော အကြံပေးကဏ္ဍအတွက် စာစီ၊ စာရိုက်၊ စာမူရေးသော အလုပ်များကို သင်ကြားခဲ့ပါသည်။ အသက် ၁၃ နှစ်အရွယ်မှာ Boston Latin School မှ အောင်မြင်ခဲ့ပြီး Harvardတက္ကသိုလ်ဝင်ခဲ့လေသည်။ ထိုတက္ကသိုလ်မှာ တက်ရင်း ဆုံဆည်းခွင့်ရခဲ့သော ကဗျာဆရာကြီးတစ်ဦး ဖြစ်၍ သူ၏ ဆရာလည်းဖြစ်ခဲ့သူ လောင်းဖဲလို (Henry Wardsworth Longfellow) က သူ၏ ကဗျာဆန်ဆန်စာတွေကို သတိပြုမိခဲ့လေသည်။
ဟေးလ်သည် အသက် ၁၇ နှစ်အရွယ်တွင် ဟားဗတ် တက္ကသိုလ်မှ ဒုတိယအဆင့်ဖြင့် အောင်မြင်ခဲ့ပါသည်။ မည်သို့သော ပညာရေးမှတ်တမ်းတွေ ရခဲ့ပါစေ။ သူက ကျောင်းကို စိတ်မဝင်စားခဲ့ပါဟု ဆိုပါသည်။ သူ့မိသားစု၏ ဆန္ဒအရ သာလျှင် ဘော်စတန်ရှိ (Latin School) မှာ စာသင်သော အလုပ်ကို လုပ်ခဲ့ပါသည်။ အသက် ၂ဝ အရွယ် စတင်သူလုပ်သော အလုပ်က တရားဟောဆရာဖြစ်ပါသည်။ သူ့ဘဝ၏ ၄၃ နှစ်လုံးလုံး ကုန်လွန်ခဲ့သော နေရာကား ဘော်စတန်ရှိ (Henry Wardsworth Church) ဘုရားရှိခိုးကျောင်းတွင် ဖြစ်ပါသည်။ ဟေးလ်၏ စိတ်အာရုံတွေ နှစ်မြှုပ်ခဲ့ရာကား သူဆင်းရဲတွေအတွက် လူနာတွေအတွက် အသက်အရွယ် ကြီးရင့်သူတွေအတွက် အသွေးအရောင် ခွဲခြားမှုတွေကို ဖယ်ရှားနိုင်ရေးတို့အတွက် ဖြစ်လေသည်။ ဘော်စတန်ထောင်တွေဆီကိုလည်း အလည် အပတ်သွား၍ တရားဟောခြင်း အလုပ်ကို လုပ်ခဲ့လေသည်။ နီဂရိုးလူမည်းများ လွတ်ငြိမ်းချမ်းသာရေးအတွက် တက်တက်ြွကြွက ပါဝင် လှုပ်ရှားခဲ့သူလည်း ဖြစ်ပါသည်။
ဘာသာရေးတရားကို စိတ်ရောကိုယ်ပါ လုပ်ကိုင်ခဲ့သူ တရားဟောဆရာဟေးလ်က တိုင်းပြည်ချစ်သူတစ်ဦးလည်း ဖြစ်ပါသည်။ ဘုရား သခင်ပြီးလျှင် သူ့ရဲ့မေတ္တာတွေက တိုင်းပြည်အတွက် ဖြစ်သည်။ ပြီးတော့သူက 'တိုင်းပြည်အတွက် ပေးစရာအသက်တစ်ခုထဲရှိတာ နာလိုက် တာ'ဟူသော စကားလုံးများကို ပြောခဲ့သူ Nathan Hale ၏ တူတော်နေသည်။ ယင်းသည်ပင်လျှင် ထိုသွေး၊ ထိုသားများစီးဆင်းနေသူ ဟေးလ်ကို (The man without a country) ရေးဖို့ ဖြစ်လာခဲ့ပုံရလေသည်။
လူတိုင်းမှာ တိုင်းပြည်ကို ချစ်သော စိတ်တွေပြည့်နေစေချင်ပါသည်ဟု ဟေးလ်က ဆိုပါသည်။ ကိုယ့်တိုင်းပြည်မှ ထာဝရဖြတ်တောက် ခံလိုက်ရလျှင် မည်သို့ခံစားရလိမ့်မည်နည်းဟု ဟေးလ်က တွေးခဲ့ပုံရလေသည်။ ထိုအရသာကို ကောင်းကောင်း သဘောပေါက်စေချင်ပါသည်။ ထို့ကြောင့် ဤခေါင်းစဉ် ဖြစ်ပေါ်လာရလေသည်။ သူရေးသော စာတွေထဲမှာ သူ့ရဲ့ဝိညာဉ်တွေ ပူးကပ်စီးဆင်းနေသည်ဟု ဆိုချင်ပါသည်။ သူ့ရဲ့ ဇာတ်ကောင်ဖိလစ်နိုလန် (PhilipNolan) သည် ထိုဇာတ်လမ်းထဲမှာ တရားဟောဆရာလည်းဖြစ်၊ လူမည်း နီဂရိုးများအပေါ် ကြင်နာ တတ်သောသူလည်း ဖြစ်လို့နေသည်။
ဟေး(လ်)က သူ့စာအုပ် နိဒါန်းတွင် သူ့ရည်ရွယ်ချက်ကို ရေးသားခဲ့လေသည်။ 'တစ်ခုသော နွေရာသီမှာ ကျွန်တော် စာဖတ်သူတွေရဲ့ လက်ထဲကို စာတစ်ပုဒ် ပေးခဲ့ပါတယ်။ ကျွန်တော် တောင်းတဲ့ဆုကတော့ ခပ်ရိုးရိုးပါပဲ။ ကျွနု်ပ်တို့၏ တိုင်းပြည်ဆိုတာ ဘာလဲဆိုတာ သိဖို့ဖြစ် ပါတယ်။ ကျွန်တော့်ရဲ့ ဇာတ်ကောင်မှာ တိုင်းပြည်မရှိပါဘူး။ သူ့အကြောင်းကို စာဖတ်သူတွေ စိတ်ဝင်စားလာစေချင်ပါတယ်။ အဲဒီအတွက် ကျွန်တော် ကြိုးစားဖော်ထုတ်ထားပါတယ်။ သူဟာ ဇာတ်လမ်းထဲမှာ တော်တော် အရေးပါပြီး အသက်ဝင်နေတဲ့လူသားတစ်ဦးအဖြစ် မြင်လာကြမှာ ဖြစ်ပါတယ်။ သူ့အမည် ဖိလစ် နိုလန်ဟာ စိတ်ကူးထဲက ဖြစ်ပေမယ့် ဒီအမည်ဖြစ်ပေါ်လာဖို့ ကျွန်တော့် ပတ်ဝန်းကျင်ထဲက ဇာတ်ကောင်တွေရဲ့ အမည်တွေ အဆင့်ဆင့် ပြောင်းလဲခဲ့ရပါတယ်။
စာဖတ်သူတွေရဲ့ လက်ထဲက ဖိလစ် နိုလန်ဟာ အမေရိကန်လူငယ်တွေကို တိုင်းပြည်ရှိတယ်ဆိုတာရဲ့ အဓိပ္ပာယ်တိုင်းပြည်အပေါ်ရှိတဲ့ တာဝန်ဆိုတာရဲ့အကြောင်း၊ အဲဒီတာဝန်ဟာ တခြားသော တာဝန်ဝတ္တရားတွေထက် ပိုပြီး ကြီးကျယ်တယ်ဆိုတဲ့ အကြောင်းတွေကို ညွှန်ပြပေးခဲ့ ပါတယ်။ ဒီဇာတ်လမ်းလေးဖြစ်လာရတော့ အဲဒီရည်ရွယ်ချက် ပြည့်ခဲ့တာ တကယ်ဝမ်းမြောက်မိပါတယ်။
ထိုဇာတ်ကြောင်းကို ပြောပြသူအဖြစ် လေတပ်မှာ အငြိမ်းစားအရာရှိတစ်ဦး (Frederic Ingham) ဟု လက်မှတ်ထိုးထားသဖြင့် ဖတ်သူတိုင်းက ဒါကို တကယ့်အဖြစ်အပျက်ဟု ထင်ခဲ့ကြလေသည်။ (Frederic Ingham) သည် ဖိလစ်နိုလန်နှင့် ဆုံဆည်းခွင့်ရခဲ့သူ တစ်ဦး ဖြစ်ပါသည်။ အဲဒီတုန်းက သူက အရာရှိပေါက်စဖြစ်ပါသည်။
'ကျွန်တော်ဟာ ဖိလစ် နိုလန်နဲ့ စစ်အပြီး ခြောက်နှစ်၊ ရှစ်နှစ်လောက်မှာ ပင်လယ်ပြင်ပေါ်မှာ တွေ့ခဲ့ကြတာပါ။ ကျွန်တော်က သူရှိနေ တဲ့ သင်္ဘောပေါ်ကို တာဝန်အရ ရောက်လာသူပါ။ သူ့ပုံစံက ခရစ်ယာန် သင်းအုပ်ဆရာနဲ့တူပါတယ်။ အပြာရောင် ယူနီဖောင်းကို ဝတ်ထားပါ တယ်။ ကျွန်တော်က သူ့အကြောင်း ဘာမှ မမေးမိပါဘူး။ မေးခွန်းတွေ မေးဖို့ဆိုတာကလည်း စိမ်းနေတယ်။ သိပါတယ်လေ။ ဘယ်သင်္ဘော ပေါ်မှာမဆို ဒီလိုလူထူးဆန်းတွေ ရှိနေတတ်တာပဲ။ ကျွန်တော်တို့ တစ်ပတ်တစ်ခါလောက်တော့ စုပြီး ညစာစားကြတတ်ပါတယ်။ အိမ်ဆိုတာနဲ့ ပတ်သက်ပြီး တစ်ခွန်းတစ်ပါဒမှ မပြောရဘူးလို့ သတိပေးထားပါတယ်။ အကယ်၍များ သူတို့က အင်္ဂါဂြိုဟ်အကြောင်းတို့၊ ဘာသာဗေဒ ဘာသာရပ်တွေ အကြောင်းတို့ မပြောရဘူးဆိုရင်တောင် ဘာကြောင့်လဲလို့ မမေးသင့်ပါဘူး။ ကျွန်တော့်အဖို့တော့ ဘာအကြောင်းပြချက်မှ မရှိ ဘူး။ ထင်မိလည်း လက်ခံရမှာပါပဲ။ ကျွန်တော်ဟာ ပထမဦးဆုံးအဖြစ် 'တိုင်းပြည် မရှိတဲ့လူ' ဆိုတဲ့အကြောင်းကိုရော အဲဒီစာလုံးရဲ့ အဓိပ္ပာယ်ကိုပါ သိနားလည်မိလာရတဲ့ အကြောင်းတစ်ခု ဆုံတွေ့ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက လူမည်းတွေကို ကျေးကျွန်အဖြစ်ကနေ လွတ် မြောက်စေပြီး သူတို့ကို သွားလိုရာဌာနကို လိုက်ပို့ပေးနေရတဲ့ တာဝန်တွေရှိနေပါတယ်။ တစ်နေ့မှာ အရာရှိတစ်ယောက်က သင်္ဘောတစ်စင်း ပေါ်က လူမည်းတွေဆီကို တာဝန်အရ ပေးပို့ခြင်းခံရပါတယ်။ သူ့ရဲ့တာဝန်က သူတို့တွေနဲ့ ဆက်သွယ်စကားပြောပြီး နားလည်မှုယူဖို့ ဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီမှာ သူတို့တတ်တဲ့ ပေါ်တူဂီဘာသာပြန်သူမရှိ ဖြစ်နေပါတယ်။ ဒါကြောင့် ပေါ်တူဂီတတ်သူဘယ်သူရှိသလဲဆိုတဲ့ သတင်း ရလာချိန်မှာ နိုလန် တစ်ဦးသာ တတ်သူဖြစ်နေပါတယ်။ သူကလည်း အခုလိုကူညီဖို့ စိတ်အားထက်သန်လျက် ရှိပါတယ်။ အရာရှိကလည်း ကျေးဇူးအနန္တနဲ့ပေါ့။ နိုလန်နဲ့ အဖော်အဖြစ် လိုက်သွားဖို့ ကျွန်တော့် ရွေးချယ်ခံလိုက်ရတာ သိပ်ကံကောင်းပါတယ်။
အဲဒီသင်္ဘောပေါ်မှာ မြင်ရတဲ့မြင်ကွင်းကတော့ နောက်တစ်ခါ မတွေ့ပါရစေနဲ့လို့ ဖြစ်မိရတဲ့အထိပါပဲ။ သန့်ရှင်းမှုဆိုတာ ဝေလာဝေးပါ။ နီဂရိုးတွေ အရေအတွက်က များရုံမက သူတို့ဟာ သူတို့လွတ်လပ်ပါပြီဆိုတဲ့ စကားကို နားမလည်တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်နေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ထိပ်တွေ၊ ခြေထိပ်တွေကို လှုပ်ခါရင်းနဲ့ နေနေကြပါတယ်။ သင်္ဘောအရာရှိက နိုလန် ပြန့်ရမယ့် စကားတွေကို အခုလို ပြောလိုက်ပါတယ်။
'ဘုရားသခင်၏ အလိုတော်အရ ဒီနီဂရိုးတွေ နားလည်အောင် တစ်စုံတစ်ယောက်က ပြောပေးကြပါ။ သူတို့ကို အခိုျရည်တွေပေးလည်း ငြိမ်အောင်လုပ်လို့ မရပါဘူး။
သူတို့ကို ပြောလိုက်စမ်းပါ။ သူတို့လွတ်လပ်ပါပြီ။ ကျွန်တော်တို့မှာ ဒီကောင်တွေ အားလုံးကို ချီနိုင်တဲ့ ကြိုးတွေ လုံလုံလောက် လောက် ရှိလို့ကတော့ အကုန်လုံး ကြိုးဆွဲချပစ်လိုက်မယ်'
လို့ စိတ်မရှည်စွာ ပြောပါတယ်။ နိုလန်က စပိန်ဘာသာနဲ့ ပြန်ပေးလိုက်တဲ့အခါ အဲဒီထဲက စပိန်စကား နားလည်သူက နီဂရိုးစကားနဲ့ ထပ်ဘာသာပြန်ပေးလိုက်ပါတယ်။ အဲဒီခဏမှာ ပျော်လွန်းလို့ အော်ဟစ်သံတွေ၊ သံကြိုးတွေ၊ ခါသံတွေ၊ နိုလန်ရဲ့ ခြေထောက်နဲ့ လက်တွေကို နမ်းပြီး ကခုန်ကြတာတွေ ဖြစ်ကုန်ပါတော့တယ်။ သင်္ဘောအရာရှိက ဆက်ပြောပါတယ်။
'သူတို့ကို ကျွန်တော် အာဖရိကအနောက်ဘက်မှာရှိတဲ့ (Liberia) ပင်လယ်ကမ်းရိုးတန်းအရပ်က (Cape Palnas) ကို ခေါ်သွား ပါမယ်'
ဒီစကားလုံးတွေကို သူတို့နားလည်သွားတဲ့အခါ တိတ်ဆိတ်သွားပါတယ်။ သူတို့ နေထိုင်ခဲ့တဲ့ (New Orlean, Rio Janeiro) တို့နဲ့ တော်တော်ဝေးကွာတဲ့ နေရာဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်တွေနဲ့ လုံးဝ ခွဲခြားထားတဲ့နေရာလို ဖြစ်နေပါတယ်။ သူတို့ ရုတ်ချည်းဆိုသလို ပြော လိုက်တဲ့ စကားကို ကျွန်တော်တို့အားလုံးနားလည်မိတယ်။ (Ah, non Palnas) 'မလုပ်ပါနဲ့၊ Palnas ကိုတော့ မပို့ပါနဲ့'။ သင်္ဘောအရာရှိဟာ သူတို့တစ်တွေရဲ့ လွတ်လပ်မှုမှာ အခုလို စိတ်အနှောင့်အယှက် ဖြစ်ရတာ စိတ်မသက်မသာ ဖြစ်သွားပါတယ်။ နီဂရိုးတွေက နိုလန်ရဲ့ ဖြူလျော် နေတဲ့ မျက်နှာကို ဂရုမပြုမိဘဲ အောက်ပါစကားတွေကို ဆက်လက် ပြောဆိုနေကြပါတယ်။
'ငါတို့ကို အိမ်ကို ပြန်ပို့ပေးပါ။ ငါတို့ပိုင်တဲ့ တိုင်းပြည်ကို ပြန်ပို့ပေးပါ။ (Palnas) ကိုတော့ မဟုတ်ပါဘူး။ ငါတို့ရဲ့ ကိုယ်ပိုင်အိမ်၊ ငါတို့ရဲ့ မိသားစုတွေ ရှိတဲ့ နေရာကို ပို့ပေးပါ။ ငါတို့ရဲ့မိဘတွေရှိရာကို ပို့ပေးပါ။ သူတို့မှာ ငါတို့ကို မမြင်တွေ့လိုက်ရဘဲ သေသွားမှာစိုးလို့ ပါ။ အိမ်နဲ့ဝေးနေတာ ကြာပြီဖြစ်လို့ အိမ်ပဲ ပြန်ပါရစေ'
သင်္ဘောအရာရှိဟာ နိုလန်ကို သူတို့ ဘာပြောနေတာလဲလို့ စိတ်အားထက်သန်စွာ မေးတဲ့အတွက် နိုလန်ဟာ ဒီစကားလုံးတွေကို ပြန် ပေးနေရပါတယ်။ နိုလန်ဟာ ခက်ခက်ခဲခဲနဲ့ အိမ်ဆိုတဲ့ စကားလုံးတွေကို ရွတ်ပြနေပါတယ်။ ကျွန်တော် ကတော့ အခြေအနေအရပ်ရပ်ကို ရိတ် ပတ်လည်အောင် သဘောမပေါက်သူ ဖြစ်နေပါတယ်။ ဘယ်လိုခံစားချက်တွေက ဒီစကားလုံးတွေထဲမှာ ရှိနေပါသလဲ။ သင်္ဘောအရာရှိဟာ (Nolan) ရဲ့ စိတ်မသက်မသာမှုကို နားလည်စွာနဲ့ရော၊ နီဂရိုးတွေအပေါ် ကြင်နာစွာနဲ့ရော ခပ်မြန်မြန်ပဲ အခုလို ဝင်ပြောလိုက်ပါတယ်။
'သူတို့ကို ကောင်းပြီလို့ ပြောလိုက်ပါ။ လကမ္ဘာကို သွားချင်ရင်တောင် ပို့ပေးပါမယ်လို့'
နိုလန်ရဲ့ ဘာသာပြန်ဆိုမှု အပြီးမှာ နီဂရိုးတွေက သူ့ကိုနမ်းပြီး ကျေးဇူးတင်ကြောင်း ပြကြပါတယ်။ သူတို့ရဲ့ နှာခေါင်းတွေနဲ့ ထိပြီး ကျေးဇူးတင်ကြောင်း ပြောကြပါတယ်။
ဒါပေမဲ့ နိုလန် အကြာကြီးဆက်နေဖို့ ဆန္ဒမရှိတော့ပါဘူး။ ကျွန်တော်တို့ သင်္ဘောကို ပြန်ဖို့ လှေပေါ်ကို တက်ခဲ့ကြပါတယ်။ အဲဒီမှာ သူပြောခဲ့တဲ့ စကားတွေ အခုထိ ကြားယောင်နေတုန်းပါပဲ။
'မိသားစု မရှိ၊ အိမ်မရှိ၊ တိုင်းပြည်မရှိတဲ့ ဘဝဆိုတာ ဘာလဲဆိုတာ ပြလိုက်တာပါပဲ။ မင်းနဲ့မင်းမိသားစု၊ မင်းရဲ့ အိမ်၊ မင်းရဲ့တိုင်း ပြည်ကြားမှာ စကားတစ်လုံး၊ အကြောင်းတစ်ခု ကျွံမိဖို့ တိုက်တွန်းခံရရင် ဘုရားသခင်ရဲ့ အလိုတော်အရ ကိုယ့်ရဲ့ အိမ်ကိုသာ ရွေးချယ်ပါ ကွယ်။ ကိုယ့်မိသားစုကိုသာ ဆုပ်ကိုင်ထားပါ။ ကိုယ့်ကိုယ်ကိုယ်ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ် မမွေးမိပါစေနဲ့။ ကိုယ့်အိမ်အကြောင်းကို အမြဲမပြတ် စဉ်းစားပြီး သူတို့ဆီ စာရေးပါ။ မင်းရဲ့အကြောင်းတွေကို ပြောပြပါ။ ကိုယ်သွားတဲ့ ခရီးတွေတိုင်းမှာ ဘယ်လောက်ပဲ ဝေးကွာပါ စေ။ မင်းရဲ့မိသားစုနဲ့တော့ အမြဲ နီးကပ်နေအောင် ကြိုးစားပါ။ အခု မြင်တွေ့ရတဲ့ နီဂရိုးတွေရဲ့ လုပ်ဆောင်မှုလိုပဲ လွတ်လွတ်လပ်လပ် ပြော ပစ်လိုက်ပါ။ အောက်ဟစ်လိုက်ပါ။ ကိုယ့်မှာ ပြန်စရာ အိမ်ရှိတယ်။ တိုင်းပြည်ရှိတယ်ဆိုတဲ့ အချက်ဟာ မင်းကို ထောင်ပေါင်းများစွာသော ငရဲခန်းတွေကို ကျော်ဖြတ်နိုင်တဲ့ အင်အားပါပဲ။ ကိုယ့်မှာ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို ဘယ်သူက မြှေက်ပင့်ပင့်၊ အပြစ်တင်တင် တခြားသော အလံကို ယောင်လို့တောင် မကြည့်မိပါစေနဲ့။ ကိုယ့်ရဲ့ အလံတော်လေးကို ဆုတောင်းမေတ္တာပို့သရတဲ့ ညတွေကိုသာ ကုန်လွန်ပါ။ အခု ကြည့် စမ်း ဒီလိူ ဒီလူတွေ အားလုံးရဲ့ နောက်မှာ တိုင်းပြည်ဆိုတာရှိတယ်။ တိုင်းပြည်က ကိုယ့်ကို ပိုင်ဆိုင်လိုက်ပုံက ကိုယ့်မိခင်က ပိုင်ဆိုင်သလို ပါပဲ။ ကိုယ့်မိခင်ဘေးက ရပ်သလို တိုင်းပြည်ဘေးကရပ်ပါ'
ကျွန်တော်ဟာ သူ့ရဲ့ တည်ငြိမ်မှုနဲ့ သူ့ရဲ့ ခံစားချက်တွေကြောင့် ကြက်သီးမွေးညှင်းထမတတ် ဖြစ်ခဲ့ရပါတယ်။ နောက် သူဆက်ပြောတဲ့ စကားက ကျွန်တော့်ရင်ထဲမှာ အခုထိ တိုက်ခတ်နေဆဲပါ။
'အို... ငါ မင်းရဲ့ အသက်အရွယ်တုန်းက အခုလို တစ်ယောက်ယောက်က ပြောခဲ့ရင် ဘယ်လို ဖြစ်မလဲ'
အဲဒီနောက်ပိုင်းမှာ ကျွန်တော်နဲ့ သူမိတ်ဆွေတွေလို နေထိုင်ခဲ့ကြပါတယ်။ သူ့ရဲ့အကြောင်းတွေကို တဖြည်းဖြည်းနဲ့ သိလာရပါတယ်။ သူက သူ့အကြောင်းကို တိုက်ရိုက်တော့ မပြောပါဘူး။ သင်္ဘောအရာရှိတွေ၊ သင်္ဘောသားတွေ တစ်ဆင့်စကားနဲ့ ကျွန်တော် သိလာရတာ ဖြစ် ပါတယ်။ အိန္ဒိယမြောက်ဘက် ကမ်းရိုးတန်းက (St.Thomas) သင်္ဘောဆိပ်မှာ ကျွန်တော့် တာဝန်ပြီးဆုံးလို့ ဆင်းရတော့မယ့် အချိန်ကျတော့ သူ့ကို ခွဲခွာရမှာမို့ စိတ်မကောင်းဖြစ်ရပါတယ်။ သူက ကျွန်တော့်ကို သင်္ချာသင်ပေးခဲ့တယ်။ လိုအပ်တဲ့ စာအုပ်တွေလည်း ငှားခဲ့တယ်လေ။ သင်္ဘောပေါ်မှာ သူနေမကောင်းဖြစ်တယ်ဆိုတာ ကြားရခဲပါတယ်။ တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် သူက ကြင်ကြင်နာနာ ဆေးကု ပေးတယ်။ တကယ့်ဆရာဝန်လောက်နီးနီး တတ်သူပါပဲ။ တစ်ယောက်ယောက် ကွယ်လွန်ရင် သင်္ဘောကပ္ပတိန်က သူ့ကိုခေါ်ပြီး ဘုရားစာ ရွတ်ခိုင်းတတ်ပါတယ်။ သူရွတ်တာ သိပ်နားထောင်လို့ ကောင်းတာပဲ။
သူ့ရဲ့ တိုင်းပြည်အကြောင်းကို သူမကြားမသိခဲ့ရတာ သူပြစ်ဒဏ်ကျခံခဲ့တဲ့ ၁၈ဝရ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်ကနေ သူကွယ်လွန် ခဲ့တဲ့ ၁၈၆၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့တိုင်အောင်ပါပဲ။ သူကွယ်လွန်ချိန်မှာ အသက် ၈ဝ အရွယ်ဖြစ်လို့ ၁၈ဝရ ခုနှစ်မှာ သူအသက်ဟာ အသက် ၂၄ နှစ်အရွယ်လောက်ရှိပါလိမ့်မယ်။ အသက်ငယ်ငယ် ဖျက်လတ်တက်ြွကတဲ့ အမေရိကန် စစ်တပ်က အရာရှိငယ်တစ်ဦးဖြစ်တဲ့ နိုလန်ကို မျက်စိကျခဲ့သူက သူ့ကို အခုလိုအဖြစ်မိုျးဖြစ်အောင် တွန်းပို့ပေးခဲ့တဲ့ အာရွန်ဘား (Aaron Burr) ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ အာရွန်ဘားဆိုတာ ရည်မှန်းချက်ကြီးမားသူ၊ အင်ပါယာ ချဲ့ထွင်လိုသူ၊ သူ့ရဲ့ သြဇာသက်ရောက်မှုကြောင့် လူငယ်တော်တော်များများ ဒုက္ခ ရောက်ခဲ့ကြရပါတယ်။
ယင်းကား (Frederic Ingham) ၏ နိုလန် အကြောင်း ပြောပြချက်များဖြစ်ပါသည်။ အာရွန်ဘားဟူသော ဇာတ်ကောင်ကို အဲဗရက်ဟေးလ်က ဘယ်လိုများ ပုံဖော်စိတ်ကူးခဲ့ပါသလဲ။
'ကျွန်တော်ဟာ နိုလန် ဆိုတဲ့ဇာတ်ကောင်ကို အသက်ဝင်လာစေဖို့ အာရွန်ဘားဆိုတဲ့ စစ်တပ်အရာရှိ တစ်ယောက်ကို မွေးဖွားပေးလိုက် ပါတယ်။ ကျွန်တော်က သူ့ကို တကယ်သမိုင်းအဖြစ်အပျက် နောက်ခံထားပြီး အသက်သွင်းပေးခဲ့ပါတယ်။ သူ့ကို တိုင်းပြည်ရဲ့ သစ္စာဖောက် တစ်ဦးအဖြစ် ပုံသွင်းခဲ့ပါတယ်။ ဘားကို အဖမ်းခံခိုင်းလိုက်ချိန်မှာ သူနဲ့ဆက်ဆံခဲ့ဖူးတဲ့ နိုလန်ဟာ တန်ဆာခံဖြစ်သွားရပါတယ်။ တရားရုံးမှာ အစစ်ခံခဲ့ရတဲ့ နိုလန်ဟာ သူ့အသက်ငယ်ငယ်၊ မဟုတ်မခံစိတ်ဓာတ်၊ တရားရုံးတွေရဲ့ သဘာဝအရ သူတို့လိုချင်တဲ့ အဖြေမရရအောင် တွန်းပို့ တဲ့ မေးခွန်းတွေအပေါ်မှာ စိတ်မရှည်ဖြစ်လာရပါတယ်။ 'ကျွန်တော် ဒီလိုလုပ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါ။ ကျွန်တော်ဟာ အမေရိကန် မြေပေါ်မှာ မွေး၊ အမေရိကမြေပေါ်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ တက်ကဆပ်မှာ မြင်းတွေနဲ့ အချိန်ကုန်ခဲ့သူဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုပေါ်မှာ စစ်မှန်သော စိတ်ထား၊ သစ္စာတရားဖြင့်သာ နေခဲ့သူ ဖြစ်ပါတယ်။'လို့ မေးသော မေးခွန်းများကို ဖြေရာကနေ (Colonel Morgan) ရဲ့ 'တရားခံဟာ တကယ်ပဲ အမေရိကန်ပြည်ထောင်စုအပေါ်မှာ သစ္စာစောင့်သိသူ ဖြစ်ပါသလား'ဆိုတဲ့ မေးခွန်းကိုတော့ သူတကယ်ပဲ မခံနိုင်တော့ဘဲ 'တော်ပါတော့ ဒီ (United States) ကျွန်တော် ဒီအမည်ကို ထပ်မကြားပါရစေနဲ့တော့'လို့ နိုလန်ဟာ ဒေါသတကြီး ပြောထွက်ခဲ့ပါတယ်။ အဲဒီစကားဟာ သူ့ကို ပင်လယ်ပြင်မှာ ရာသက်ပန် ပြစ်ဒဏ်ကျခံဖို့ ဖြစ်ခဲ့ရတာပါပဲ။
သူပြောခဲ့သော စကားတစ်ခွန်းကြောင့် တရားရုံးက သူ့အား (Orlean) ပင်လယ်ပြင်ရှိ ရေတပ်သင်္ဘောပေါ်တွင် နေစဟူသော အမိန့် အပြင် သူမကြားလိုသော (United States) ဟူသော အမည်ကိုလည်း မကြားစေရဟု ပြစ်ဒဏ်ချခဲ့လေသည်။ (Orleans) မှ သည် အတ္တလန္တိတ်မြောက်ဘက် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ 'တိုင်းပြည်မရှိတဲ့ လူတစ်ဦး'အဖြစ် နေထိုင်ခဲ့ရလေသည်။ ထိုရေတပ်သင်္ဘော မှ အရာရှိများ ပြောင်းလဲသွားသည့်အခါ နိုလန်၏ အမိန့်ကို လက်ဆင့်ကမ်းခဲ့ကြရလေသည်။ အမိန့်အရ နိုလန်အရှေ့တွင် (United States) ဟူသော အမည်နှင့် ပတ်သက်သမျှ စကားများ၊ စာအုပ်များကို မပြောရ၊ မယူဆောင်ရ၊ သူ၏ ဆန္ဒအတိုင်း နေထိုင်ပါစေဟူ၍ ဖြစ်လေသည်။
သူ ကွယ်လွန်ခါနီးတွင် သင်္ဘောကပ္ပတိန် (Panforth) အား ယခုကဲ့သို့ ညည်းတွားပြောဆိုခဲ့လေသည်။
'ကျွန်တော် အလံတော်ကို ချစ်သလိုမိုျး ချစ်မယ့်သူ မရှိနိုင်ပါဘူး။ ကျွန်တော်သူ့အတွက် ဆုတောင်းမေတ္တာပို့သသလိုမိုျး ပို့သမယ့်သူ မရှိနိုင်ပါဘူး။ သူ့အတွက် ကျွန်တော် မျှော်လင့်ချက်ထားသလိုမိုျး ထားမယ့်သူ မရှိနိုင်ပါဘူး'
အက်ဒဝပ် အဲဗရက် ဟေးလ် အသက်သွင်းပေးလိုက်သော ဖိလစ် နိုလန်အကြောင်း တစ်စိတ်တစ်ဒေသသာ ဖြစ်ပါသည်။ ရာစုနှစ်ဝက် လောက် ပင်လယ်ပြင်မှာ နေခဲ့ရသော ဖိလစ် နိုလန်အကြောင်းကို ဆက်ရေးချင်ပါသေးသည်။
Ref: Edward Everett Hale: The Man Without A Country
(အမှတ် ၁၆၈၊ ၂ဝဝ၄ ခုနှစ်၊ ဇူလိုင်)
No comments:
Post a Comment