ဆိုကရေးတီး၏ သွားရာလမ်း - ဂျူနီယာဝင်း
(အမှတ် ၁၈ဝ အတွေးမြင်)
ဒဿနပညာရှင်ဆိုတာ ပညာကို ချစ်မြတ်နိုး သူတွေလို့ဆိုတယ်။ အဲဒီစကားကို ပြောသူက ဆိုကရေးတီးပါ။ Socrates (၄၆၉-၃၉၉ BC) ။ သူက လူ့ သဘာဝ၊ အကျင့်စာရိတ္တ၊ လောကနီတိတွေကို စိတ်ဝင်စားတယ်။ သူနဲ့ပတ်သက်တဲ့ မှတ်သားလောက်တဲ့ အယူအဆ ဆိုတာတွေဟာ ဆိုကရေးတီး၏ နိဿယနဲ့ဆိုကရေးတီးရဲ့ သရော်စာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုကရေးတီးပြောခဲ့ ဆိုခဲ့တာတွေကို မှတ်တမ်း မှတ်ရာဆိုတာသူချရေးခဲ့တာတွေ မဟုတ်ပါ။ သူ့တပည့်လည်းဖြစ်၊ သူ့နောက်လိုက်လည်း ဟုတ်တဲ့ပလေတိုဆီကသာ ဖြစ်ပါတယ်။ ဆိုကရေး တီးဟာ ဂရိတွေးခေါ်ပညာရှင်အဖြစ်ထင်ရှားသူ ဖြစ်ပါတယ်။
ဆိုကရေးတီးက ဘာလုပ်ပါသလဲ။ ဆိုကရေးတီးဟာ သူ့ဘဝ ရပ်တည်ဖို့ ဘာအလုပ် လုပ်သလဲဆိုတာနဲ့ ပတ်သက်လို့ ဘယ်မှာမှ တိတိကျကျ မပြောထားဘူး။ သူနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေအရ ဆိုကရေးတီးက အလုပ်မလုပ်ပါ။ သူလုပ်တာဆိုလို့ ဒဿနပညာ အကြောင်း ဆွေးနွေးတာဖြစ်ပါတယ်။ ဆွေးနွေးတယ်ဆိုတဲ့ နေရာမှာလည်း သူတစ်ဦးတည်း သူ့ဘာသာတွေးခေါ်သုံးသပ်နေရတာကို အလွန်နှစ် သက်သူ ဖြစ်ပါတယ်။ ယင်းသည် အလွန်အရေးအပါဆုံး အနုပညာဖြစ်တယ်လို့ ခံယူထားပါသတဲ့။ သူဟာ သူ့တပည့်များကပေးသော ငွေစများနှင့် နေထိုင်ခဲ့သူဖြစ်တယ်လို့ သူ့နောက်လိုက် တစ်ဦးဖြစ်တဲ့ Xenophon ရဲ့ Symposisက မှတ်တမ်းမှာ သေသေချာချာ ဖော်ပြထားခဲ့တယ်။ Aristophenes ကလည်း ဆိုကရေးတီးဟာ ဒဿနိက ပညာဆိုင်ရာ ကျောင်းတစ်ကျောင်းကို သူ့သူငယ်ချင်းတစ်ဦးနဲ့ အတူ တည်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။
ဆိုကရေးတီးအကြောင်းနဲ့ ပတ်သက်လို့ ဝေဖန်ကြတဲ့အထဲမှာ သူ့ဘာသာဘာတစ်ခုမှ မှတ်ထားတာ မရှိဘူးဆိုတဲ့ အချက်ပါတယ်။ ဒါကြောင့် ဆိုကရေးတီးနဲ့ ပတ်သက်သမျှ၊ ဆိုကရေးတီးရဲ့ အယူအဆတွေ အားလုံးဟာ Xenophon နဲ့ Platoတို့ပေါ်မှာသာ တည်နေခဲ့ တယ်။ အဲဒီနေရာမှာ အငြင်းပွားစရာ ဖြစ်လာရတာက ဆိုကရေးတီးရဲ့ ယုံကြည်ချက်တွေဟာ ပလေတိုနှင့် ဆန့်ကျင်တယ်။ အဲဒီနေရာမှာလည်း သူတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ သက်သေသာဓကပြစရာ မရှိဘူး။ တခို့ျသော သူတွေ ထောက်ပြတဲ့ အချက်ကတော့ ဆိုကရေးတီးမှာ ထူးထူးခြားခြား ယုံကြည်မှုမိုျး မရှိဘူးဆိုတာပါပဲ။ သူက စူးစမ်းဆင်ခြင်ခြင်းမှ ရှာဖွေသူဖြစ်ပါတယ်။ တခို့ျက ပြောရာမှာ သူ့မှာ ကိုယ်ပိုင် သီအိုရီတွေနဲ့ ယုံကြည်မှုတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီအချက်တွေဟာ ပလေတိုနှင့် ဆန့်ကျင်ဘက်တွေ ဖြစ်နေတာကြောင့် ပလေတိုရဲ့ ဆိုကရေး တီးနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေမှာ ပလေတိုရဲ့ ပြင်ဆင်ရေးသားမှုတွေ ရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ဒါကြောင့်မို့လို့ ဆိုကရေး တီးရဲ့ အတွေးအမြင်တွေ၊ အတွေးအခေါ်တွေနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေကို ဖတ်ရတဲ့အခါ အဲဒီအချက်ကို စိတ်ထဲမှာထားပြီး ဖတ်ရှုသင့်တဲ့ အချက်ဟာ အရေးကြီးလှကြောင်းကို ဆိုထားကြပါတယ်။ သူနဲ့ပတ်သက်သမျှ အောက်ပါအချက်တွေအားလုံးကို သဘောတူပြီးသားလို့ ယူဆလို့ မရပါဘူးတဲ့။ အရာအားလုံးဟာ အမြည်းအစမ်း သဘောပဲထားပါလို့ဆိုပါတယ်။
ဆိုကရေးတီးက အခုလို ပြောခဲ့တယ်။ 'ကျွနု်ပ်ပြောတာကို မင်းတို့ မယုံကြည်ဘူးဆိုတာကို သိပါတယ်။ ဒါပေမဲ့ လူသားတစ်ယောက် ၏ အကောင်းဆုံး အရည်အချင်း၊ အမြင့်မားဆုံးကောင်းမြတ်သော အရည်အသွေးက ဘာလဲဆိုတော့ မိမိနှင့် တခြားသူများကို မေးခွန်းများ မေးခြင်းပဲ ဖြစ်ပါတယ်' ဒါကြောင့် ဆိုကရေးတီးရဲ့ နည်းလမ်းတစ်ခုက ဆန့်ကျင်သော အယူအဆများကို မေးမယ် ထိုမှတစ်ဖန် ပို၍ကောင်း သော ယူဆချက်များသည် ခိုင်မြဲစွာထွက်ပေါ်လာမည် ယင်းတို့သည် ကွဲပြားခြားနားမှုများစွာကို ဦးဆောင်လမ်းပြလျက် ရှိသည်ဆိုတာ ဖြစ်ပါ တယ်။
ဆိုကရေးတီးက 'ပညာကို ချစ်မြတ်နိုးခြင်း' သည် ဒဿနိကပညာ၏ ယူဆချက်တစ်ခု ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ သူဟာ သူ့ကိုယ်သူ သူပညာတတ်ဖြစ်ရမယ်လို့ တစ်ခါမှ အခိုင်အမာ မပြောဖူးပါဘူး။ ပညာကို ချစ်မြတ်နိုးသူဟာ ညဏ်ပညာဖြင့် ခင်းထားသော လမ်းကို လျှောက်လှမ်း၍ လိုက်နာရမည်ဆိုတဲ့ သဘောတရားကို နားလည်ထားရုံသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ ဆိုကရေးတီးက လူတွေဟာ ပညာရှိတွေဖြစ်လာနိုင်တယ်ဆိုတဲ့ အချက်ကို ယုံကြည်လို့ ပြောတာဟုတ်၊ မဟုတ်ဆိုတဲ့ အချက်ကို အငြင်းပွားစရာ ဖြစ်လာရတယ်။
ဆိုကရေးတီးက လူတွေအတွက် အကောင်းဆုံးသော နေထိုင်ခြင်းဆိုတာဟာ ငွေကြေး၊ ပစ္စည်းဥစ္စာနောက်ကို မလိုက်ဘဲ မိမိကိုယ်ကိုယ် အသိပညာတိုးပွားအောင် လုပ်ဖို့ အဓိကထားခြင်ဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။ သူဟာ လူတွေကို မိတ်ဆွေသူငယ်ချင်း အပေါင်း အသင်းတွေ ဖွဲ့ပြီး စစ်မှန်သော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ အားပေးပါတယ်။ ယင်းသည် လူအများအတူတကွ ကြီးပြင်းရှင်သန်ဖို့ အကောင်းဆုံးပဲလို့ ခံစားမိပါသတဲ့။ သူကလည်း အဲဒီလိုနေထိုင်ရှင်သန်ခဲ့သူပါ။ သူ့ဘဝရဲ့ နောက်ဆုံးအချိန်မှာတောင်မှ အေသင်မြို့ကနေ ထွက်ပြေးခဲ့ရင် သူ့သေဒဏ်က ရှောင်လွဲနိုင်မယ်ဆိုတာကို သိရက်နဲ့ ထွက်မပြေးဖို့ ဆုံးဖြတ်တယ်။ ဤနေရာကို စွန့်ခွာခြင်းသည် ယခု ရှင်သန် နေထိုင်လျက်ရှိသော သူ၏ အဖွဲ့အစည်းကလေး၏ ဆန္ဒကို ဆန့်ကျင်ရာ ရောက်ပေသည်လို့ ခပ်ရိုးရိုးပဲ တွေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း ဆိုကရေးတီးရဲ့ သတ္တိနဲ့ ရဲရင့်မှုနှင့် ပတ်သက်လို့ နာမည်ကောင်းရခဲ့တာဟာ လက်မခံနိုင်စရာ အကြောင်းမရှိဘူးလို့ ဆိုရမှာပေါ့။
ဆိုကရေးတီးရဲ့ သင်ကြားမှုတွေထဲမှာ လူတွေမှာ ကောင်းမွန်သော အရည်အချင်းရှိရမယ်ဆိုတဲ့ အယူအဆ ပါပါတယ်။ ဆိုကရေးတီးက 'ပိုင်ဆိုင်သမျှ အရာအားလုံးရဲ့ တန်ဖိုးအရှိဆုံးအရာဟာ ကောင်းမွန်သော အရည်အချင်းဖြစ်တယ်လို့ ဟောတယ်။ အမွန်မြတ်ဆုံးသော ဘဝဆိုတာဟာ ကောင်းမှုကို ရှာဖွေခြင်းဖြင့် အချိန်ကို ကုန်ဆုံးခြင်းဖြစ်တယ်။ ဘဝ၏အရိပ်တွေရဲ့အောက်မှာ အမှန်တရားဆိုတာ ရှိပါတယ်။ ဒီတော့ ကိုယ်ဘာမှ တကယ်မသိပါဘူးဆိုတာကို ပြဖို့ အလုပ်ကို ဒဿနပညာရှင်က လုပ်ပါတယ်'လို့ ဆိုထားပါတယ်။
ဆိုကရေးတီးက 'ပညာရှိများသာလျှင် ကမ္ဘာကြီးရဲ့ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးစံတွေကို နားလည်ပါတယ်'ဆိုတဲ့အချက်ကို ယုံကြည်ပါတယ်။ အဲဒီအချက်ဟာ အငြင်းပွားစရာ ဖြစ်လာရတယ်။ ဒါဟာ ဒဿနိက ပညာရှင်တွေသာလျှင် တခြားသော သူများကို လွှမ်းမိုး နိုင်သော သူများဖြစ်တယ်လို့ ဆိုလိုတယ်လို့ ထောက်ပြကြတယ်။ ဒီအချက်ဟာ အေသင်မြို့ရဲ့ အုပ်ခုျပ်ရေးကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင် လျက် ရှိနေပါတယ်။ ယင်းသည် အေသင်မြို့ကိုသာမက ဘယ်အုပ်ခုျပ်ရေးကိုမဆို ဆန့်ကျင်ရာ ရောက်နေတယ်လို့ဆိုရမှာပါပဲ။ ဆိုကရေးတီး၏ ယုံကြည်မှုကြောင့် မေးခွန်းတွေ ထွက်ပေါ်လာရတယ်။ ယင်းသည်ပင်လျှင် ဆိုကရေးတီးရဲ့ အယူအဆ တိတိကျကျ ဖြစ်တယ်လို့ ဆိုရမယ်။ ဆိုကရေးတီးက ဒဿနိက ပညာရှင်ဆိုတာ 'ပညာကို ချစ်မြတ်နိုးသာ ဖြစ်တယ်လို့ ဆိုထားပေမယ့် ပညာရှိတယ်လို့ မဆိုလိုထားပါဘူး။ ဒါကြောင့်မို့လို့လည်း နောက်ဆုံးသူ့ရဲ့ သေဒဏ်လက်ခံယူလိုက်တဲ့အချိန်မှာ 'ကျွနု်ပ်ဟာ ဒဿနိကပညာရှင်တစ်ဦးသာ ဖြစ်တယ်။ ဘုရားသခင် က ကျွနု်ပ်အား ဒဿနိက ပညာရှင်၏ တာဝန်ဖြစ်သော မိမိကိုယ်ကိုယ်နှင့် အခြားသူများအား ရှာဖွေစူးစမ်းခြင်း ဟူသော အယူအဆကို ဖြည့် ဆည်း တာဝန်ပေးထား၏'လို့ သူ့ကို စီရင်မယ့် ဂူျရီလူပေါင်း ၅ဝဝ ရဲ့ ရှေ့မှာ ချေပပြောဆိုခဲ့ပါတယ်။
ဆိုကရေးတီးမှာသူများနဲ့မတူတဲ့ အကျင့်စရိုက်တွေ၊ ညဏ်ရည်တွေရှိတယ်။ သူ့ရဲ့ အဓိကအလုပ်က စဉ်းစားခြင်းငြင်းခုန်ခြင်း၊ လူတွေရဲ့ မေးခွန်းတွေကို ဖြေဖို့အဖြေတွေကို ရှာဖွေခြင်း၊ ဘယ်အရာက ကောင်းသလဲ၊ ဆိုးသလဲ၊ လူတွေကို ဘာကြောင့် ဖန်ဆင်းသလဲ၊ လူတွေဘယ်လို နေထိုင်ကြသလဲ။ ဆိုကရေးတီး၏ အလုပ်က အဲဒါတွေ။ သူက နွေရာသီ၊ ဆောင်းရာသီ၊ ရာသီမမှုဘဲ ခြေဗလာနှင့် လျှောက်သွား၊ ပင်ပန်း ခြင်း၊ ဆာလောင်ခြင်း၊ ဆင်းရဲခြင်းဒဏ်တွေကို မမှု၊ သူ့မှာ ချမ်းသာြွကယ်ဝမှုတွေ၊ စည်းစိမ်တွေ ခံစားဖို့ အချိန်မရှိ၊ ဒါပေမဲ့လည်း သူ့သူငယ် ချင်း မိတ်ဆွေတွေနဲ့ စားသောက်ပွဲ ကျင်းပရတာကို နှစ်သက်တယ်။ ဒါပေမဲ့ သူက သေရည်တစ်ခွက်ကိုတောင် မသောက်။ သူ့အခန်းထဲ သေရည်သောက်ပြီး ဝင်လာတာကိုပင် လက်မခံ။ သူ့ရဲ့ အဲဒီလို ထူးခြားတဲ့ နေပုံထိုင်ပုံတွေကြောင့်ပင်လား၊ သူ့ရဲ့ နှာခေါင်းထော်ထော်၊ မုတ်ဆိတ်မွေးဗလပြစ်၊ အလွန်ညစ်ပတ်သော ပုံပန်းသဏ္ဌာန်ကြောင့်လား၊ သူ့မျက်နှာသည် အေသင်မြို့သားများကို သရော်တော်တော်ရှိနေသည် ဟုပင် ဆိုထားလေတယ်။
ဆိုကရေးတီး၏ ပြောဆိုချက်များ (Dialogues) ကို Plato နှင့်Xenophon တို့က ရေးသားခဲ့ကြရာမှာ ဆိုကရေးတီးနဲ့ ထိုခေတ်က ပုဂ္ဂိုလ်တွေနဲ့ အပြန်အလှန် ဆွေးနွေးချက်တွေ၊ သူ့နောက်လိုက်တွေနဲ့ ဆွေးနွေးချက်တွေ ပါပါတယ်။ ပြောရရင်တော့ ပလေတိုဟာ ဆိုကရေး တီးရဲ့ တိတိကျကျ ပြောဆိုချက်၊ လေသံတွေ နေရာမှာ သူ့အယူအဆတွေကို ပြောင်းမပစ်ပါဘူးတဲ့။ သူက ဆိုကရေးတီးရဲ့ နည်းလမ်း အယူ အဆတွေကို ချပြလိုက်တယ်။ ဆိုကရေးတီးရဲ့ လေသံကို မပြောင်းဘူး။ ဥပမာဆိုကရေးတီးရဲ့ 'ဘုရားတရားကြည်ညိုခြင်း ဆိုတာဘာလဲ' ဆိုတဲ့ မေးခွန်းအပေါ် အပြန်အလှန် ပြောဆိုချက်တွေကို ရေးသားထားရာမှာ ဆိုကရေးတီး၏ လမ်းညွှန်မှုကို လုံးဝ မသွေဖယ်ထားပါဘူးလို့ ဆို ထားပါတယ်။
အဓိကအားဖြင့် ဝေဖန်ထားရာမှာ ပလေတိုရဲ့ ဆိုကရေးတီးကို ရေးသားချက်တွေမှာ ပေးထားတဲ့ အယူအဆတွေဟာ ဆိုကရေးတီးရဲ့ အယူအဆလား ဒါမှ မဟုတ်သူနဲ့ အပြန်အလှန် ဆွေးနွေးသူရဲ့ အယူအဆလားဆိုတာကို သေသေချာချာ ရှင်းရှင်းလင်းလင်း ရေးမထားပါ ဘူးတဲ့။ ဒါကြောင့် ဆိုကရေးတီးက ဒီလို ယူဆပါတယ်ဆိုရင် ဒါဟာ ပလေတိုရဲ့ ဖြည့်ထားတဲ့ အယူအဆ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ပလေတိုရဲ့ အကျယ်ချဲ့ထားတဲ့ အရာတွေဖြစ်နိုင်တယ်လို့ ဆိုရပါမယ်။ ဒါဟာ ဆိုကရေးတီးနဲ့ ပတ်သက်တဲ့ သိလိုက်ရတဲ့ ပြဿနာတစ်ခုပါပဲ။ ယေဘုယျအားဖြင့်တော့ ပလေတိုရဲ့ ရေးသားချက်တွေ၊ စာအုပ်တွေဟာ ဆိုကရေးတီးရဲ့ ဝိညာဉ်တွေ စီးဝင်နေတယ်လို့ စဉ်းစားလို့ရပါတယ်။
ဆိုကရေးတီးဟာ အသက် ခုနှစ်ဆယ် ၃၉၉ BC မှာ အေသင်မြို့ရဲ့ နတ်ဘုရားများကို မရှိခိုးသော အမှုနှင့်လည်းကောင်း၊၊ လူငယ်များ အား သူ့အယူအဆများဖြင့် ဖျက်ဆီးလျက် ရှိနေသည်ဟူသော စွပ်စွဲချက်နှင့်လည်းကောင်း အဆိပ်ရည်သောက်၍ အဆုံးစီရင်ခြင်းကို ခံခဲ့ရသူ ဖြစ်ပါတယ်။ သူ့ဘက်ကသာ အလျော့ပေးလိုက်မယ်ဆိုရင် သူ့အသက်လွတ်မည်ဆိုတာကို သူသိပါတယ်။ 'ကျွနု်ပ်ကို လွှတ်ပေးသည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ၊ အသင်တို့ ကြိုက်ရာကိုသာ လုပ်ပါ။ ကျွနု်ပ်၏ ဆုံးဖြတ်ချက်တို့ကို ဘယ်တော့မှမပြင်ကြောင်းကို နားလည်ပါ။ ကျွနု်ပ် အကြိမ်ပေါင်းများစွာ သေရတောင်မှ မပြောင်းလဲပါ'ဟု ဆိုခဲ့လေတယ်။
အဆိပ် သောက်ရမယ့်အချိန် မရောက်ခင်မှာ ဆိုကရေးတီးက အဆိပ်ရည်ကိုတောင်းတော့ သူ့သူငယ်ချင်း တစ်ယောက်က အချိန် မရောက် သေးကြောင်း ပြောတဲ့အခါ ဒဿနပညာရှင်က အခုလို ဆိုတယ်။ 'ကျွနု်ပ်က အဆိပ်ကို နည်းနည်းနောက်ကျမှ သောက်ပြီး အနိုင်ရ မယ်လို့ မထင်မိပါဘူး။ သြော်... သေရမည်လို့ သတ်မှတ်ခံရပြီးသား အသက်တစ်ချောင်းကို ကယ်တင်ဖို့၊ လွတ်မြောက်စေဖို့အရေး ကြိုးပမ်းနေ တာကို ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်နေရတဲ့ အရူးသွပ်ဆုံး လူသားဟာ ကျွနု်ပ်ကိုယ်တိုင်ဖြစ်တော့သည်။'
ဆိုကရေးတီးကို လူတော်တော်များများက ချစ်ကြတယ်။ တခို့ျကတော့ ကြောက်ကြတယ်။ သူ့ကို မုန်းတဲ့ လူတွေလည်းရှိတယ်။ ဒါပေမဲ့ အေသင် တစ်မြို့လုံးရဲ့ ပညာရှိဆုံးလူဟု ယုံကြည်လက်ခံခြင်းခံရသူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ၃၉၉ BC မှာ ရဲဝံ့ကြံ့ခိုင်သူ မဟုတ်။ ခွန်အားရှိသူမဟုတ်၊ လူသတ်မှု ကူျးလွန်ရလောက်အောင် ဗလတောင့်သူမဟုတ်၊ အသက်ခုနစ်ဆယ်အရွယ်၊ အပြစ်က အရေးမပါလှ သော အယူအဆတွေ ရှိနေမှုနဲ့ အဆိပ်ရည်သောက်၍ သေရပါလေတယ်။ ဆိုကရေးတီးက သူသွားမယ့်လမ်းကို အခုလို ပြောခဲ့လေတယ်။
'ကျွနု်ပ်ထွက်ခွာရမည့်အချိန် ရောက်လာပြီ။ ကိုယ့်လမ်း ကိုယ်သွားကြရမည်။ ကျွနု်ပ်က သေလမ်း၊ သင်တို့က ရှင်လမ်း၊ ဘယ်လမ်းက ကောင်းသလဲ။ ဘုရားသခင်ကပဲ သိမည်'
ဆိုကရေးတီး ကွယ်လွန်သွားပြီးနောက် အေသင်မြို့မှာ ဆိုကရေးတီးကို မှားယွင်းစွာ စီရင်မိပြီဟု အပြစ်တင်ခံရလေတော့ရာ ဆိုကရေး တီးကို ပြစ်ဒဏ်ချခဲ့သူ အေသင်ပြည်သားများကို တိုင်းပြည်မှ မောင်းထုတ်ခဲ့ကြလေတယ်။ အဲဒီနောက်မှာတော့ ဆိုကရေးတီး ရုပ်တုကို ထုလုပ်ပြီး သူ့အမှတ်တရ ကျောက်ရုပ်တုအဖြစ် ထားရှိခဲ့ကြတယ်။ ပလေတိုနဲ့ Xenophon တို့ရဲ့ ဆိုကရေးတီးအကြောင်း ရေးသားချက်တွေ ဟာလည်း စိတ်မကောင်းစရာ ခံစားချက်တွေနဲ့အတူ ထွက်ပေါ်လာခဲ့ပါတော့တယ်။
စာညွှန်း
1.Stanford Encyclopedia of Philosophy Socrates (2005)
2. Socrates Quotes (Internet Search)
No comments:
Post a Comment